လွတ်လပ်ရေးနေ့၏ တိတ်တခိုးဝေဒနာ

လွတ်လပ်ရေးနေ့၏ တိတ်တခိုးဝေဒနာ
Published 5 January 2016
ဖေဒီ

(၁) ကျွန်တော့်ကို ကျုပ်ထမင်းမစားရသေးဘူး။ အဲဒီအတွက် ပိုက်ဆံရှာပေးစမ်းပါ။ ကျုပ်တော့ဖြင့် ဆာတယ်စသည်ဖြင့် ဒီလိုတစ်ခါမှ ပြောသံမကြားခဲ့ရဘူး။ ဖြစ်သလို နေသွားတာပဲ။ စားရရင်လည်း စားလိုက်တာပဲ။ မစားရဘူး ဆိုလျှင်လည်း ထိုင်နေတာပဲ။ စာအုပ်ကို ထိုင်ဖတ်ပြီး နေလိုက်တာပဲ။ ပိုက်ဆံရှိတဲ့ လူတွေက လာထမင်းစားရအောင်။ သခင်အောင်ဆန်းလာပါဆိုမှ စားလိုက်တာပဲ။ (ဦးနု။ တိုင်းပြုပြည်ပြု လွှတ်တော် ဒုတိယညီလာခံသို့ တင်သွင်းသည့် အဆိုမှ)(၂) တို့ဗမာ အစည်းအရုံးနှင့် ဓားမပါတီ ပူးပေါင်းကာ ဗမာ့ထွက်ရပ်ဂိုဏ်းဟု ဖွဲ့စည်းရန်အတွက် သခင်ခေါင်းဆောင် အချို့တို့သည် တစ်ညတွင် စတော့ကိတ်လမ်းရှိ သခင်နု၏ အိမ်တွင် အစည်းအဝေးတစ်ခု ပြုလုပ်ကြသည်။ ထိုအစည်းအဝေး လုပ်နေစဉ် သခင်အောင်ဆန်းသည် နောက်ဖေးသွားလိုသဖြင့် အိမ်သာသို့ စည်းဝေးနေရင်းမှ ထသွားခဲ့သည်။ သခင်အောင်ဆန်း အိမ်သာမှ ထွက်လာပြီး သခင်နု၏ ဇနီး မမရီ အိမ်သာသို့ ဝင်သောအခါ ခြေတင်သည့် နေရာတွင် မစင်များ တင်နေသည်ကို တွေ့ရသည်။ မမရီက အိမ်ရှေ့သို့ ပြန်လာပြီးပြောရာ အားလုံးပင် ဝိုင်း၍ရယ်ကြသည်။ ထိုအဖြစ်အပျက်ကို နောက်တစ်နေ့တွင် မမရီက ကျွန်တော့်အား ပြောပြသည်။ သခင်အောင်ဆန်းကမူ ဗမာ့ထွက်ရပ်ဂိုဏ်း အကြောင်း စဉ်းစားရင်း အစဉ်းစား လွန်သွားခဲ့သည်ဟု ကျွန်တော့်အား ပြောပြသည်။ (သခင်တင်ဦး။ ကျွန်တော်တို့ မှတ်မိသိရှိသမျှ ဗိုလ်ချုပ်)(၃) တို့ဗမာ အစည်းအရုံးတွင် အမြဲတမ်း အလုပ်သမားများအတွက် သတ်မှတ်ထားသော ထောက်ပံ့ငွေမှာ အစည်းအရုံး၏ ဘဏ္ဍာရေး ကျပ်တည်းမှုကြောင့် လပေါင်းများစွာ ပြတ်လပ်ခဲ့သည်။ သူနှင့် ကျွန်တော်အပြင် သခင် လှမောင်လေးနှင့် သခင် သက်တင်တို့မှာ များသောအားဖြင့် နံနက်စာကို နပ်မှန်အောင် မစားခဲ့ကြရပေ။ ညစာအတွက်မှာမူ ထိုအချိန်က ရေကျော်ညဈေးတန်းတွင် ထမင်းရောင်းချနေသော ညီအစ်မ နှစ်ယောက်က နိုင်ငံရေးသမား အမြင်ဖြင့် ကြည်ညိုပြီးလျှင် အကျွေးပေး၍သာ စားကြရသည်။ သို့သော် ထိုဆိုင်တွင် တစ်ခါတစ်ရံ အားနာလှသဖြင့် ဗိုက်မှောက်ကာ အိပ်ကြရပါသေးသည်။ (သခင်တင်ဦး။ ကျွန်တော်တို့ မှတ်မိသိရှိသမျှ ဗိုလ်ချုပ်)(၄) တစ်နေ့တွင် သခင်အောင်ဆန်းနှင့် သခင်လှကျွေတို့သည် အနီးအနားရှိ အဒေါ်ကြီး တစ်ယောက်၏ ထမင်းဆိုင်တွင် ထမင်းဝင်စားကြသည်။ ထမင်းစားပြီးသောအခါ ပေးရန် ပိုက်ဆံမရှိရကား အောင်ဆန်းက "အဒေါ်ကြီး၊ ကျုပ်တို့တော့ ခင်ဗျား ထမင်းစားပြီးပြီ။ ပေးစရာ ပိုက်ဆံမရှိဘူး။ ကျုပ်ပါးကို ရိုက်ပေတော့" ဟု ပြောကာ ပါးထိုးပေးလေသည်။ ထမင်းဆိုင်ရှင် အဒေါ်ကြီးက "ပြောရက်ပလေ သခင်အောင်ဆန်းရယ်။ အဒေါ်က မင်းတို့ ကို ကြည်ညိုပြီးသားပါ။ ဘာဖြစ်လို့ ပါးရိုက်ရမှာတုန်း" ဟု ပြန်ပြောသည်ဟု သခင်လှကျွေက ကျွန်တော့်အား ပြောဖူးပါသည်။ (ဦးအောင်သန်း။ အောင်ဆန်းမိသားစု စာအုပ်မှ)(၄) ကျွန်တော်တို့ အိပ်ရာထကြသောအခါ  အောင်ဆန်းသည် ဆာ၍ တစ်ခုခု စားလိုကြောင်းပြောသည်နှင့် တာမွေမှ သခင်အောင်ကြီးသည် နီးရာထမင်းဆိုင် တစ်ဆိုင်မှ ကြက်သားဟင်းသွား၍ ဝယ်ယူလာသည်။ ကြက်သားဟင်းမှာ သိုးနေသည်။ ကျွန်တော်ယူ ကြည့်ပြီး အနံ့ခံကြည့်သောအခါ ကျွန်တော်ပင် အတော် အော်ဂလီဆန်သွားသည်။ သို့သော် အောင်ဆန်းသည် ထိုကြက်သားဟင်းကို မြိန်ရေရှက်ရေနှင့် စားသောက်တော့၏။ စားရင်းလည်း သူအသားကြိုက်ကြောင်း၊ ငယ်ငယ်ကဆိုလျှင် အမေဈေးမှ ဝယ်လာသော အသားစိမ်းကိုပင် စားဖူးကြောင်း မှတ်ချက်ချလိုက်သေး၏။ (ဗိုလ်လကျ်ာ။ ခေါင်းဆောင်ဟူသည် စာအုပ်မှ)(၅) (ဘီအိုင်အေ တပ်များကို ဦးစီးကာ အထက်မြန်မာပြည်) ယင်းမာပင်မြို့သို့ ရောက်သောအခါ ၎င်းမြို့နေ ဒိစတြိတ်ကောင်စီချယ် ယာမင် ဦးကျွန်းကျော်ဆိုသူက ဗိုလ်ချုပ်အမှူးပြု၍ ဗိုလ်အားလုံးကို ထမင်းစားဖိတ်၏။ ထမင်းစားပွဲတွင် ကြက်သွန်နှင့် ထမင်းသာ ကျွေး၏။ အချို့ဗိုလ်တို့က ဒေါပွကြ၏။ ဗိုလ်ချုပ်ကား ရယ်ရယ်မောမောနှင့် ဂရုမစိုက်ဘဲ စား၏။ ဗိုလ်ချုပ်ကို ကြည့်ပြီးလျှင် အခြားဗိုလ်တို့ မပြောဝံ့တော့ပေ။ (သခင်ဗအေး။ ကျွန်တော်သိသော ဗိုလ်ချုပ်)
(၆) တစ်နေ့တွင် (ထမင်းကျွေးမည့်) ဧည့်သည်များလည်း ပေါ်မလာ။ ကျွန်တော်တို့မှာလည်း ငွေနတ္ထိဖြစ်နေ၏။ သို့နှင့် သခင်သန်းထွန်းက ဦးဆောင်ကာ တင်ဦး၊ လှမောင်၊ အောင်ဆန်းတို့ ပါဝင်သော အငတ်အဖွဲ့ ကလေးအား ရေကျော်လမ်းနှင့် ၄၉ လမ်းထောင့်ရှိ ညီအစ်မ နှစ်ယောက်ရောင်းသော ထမင်းဆိုင်သို့ ခေါ်သွား၏။ ညီမအငယ်မှာ ရုပ်ရည် သနားကမားရှိ၏။ ထိုရက်များ အတောအတွင်း၌ ကျွန်တော်သည် ၄၉ လမ်းတိုက်ခန်းတွင် ညီအစ်ကို တစ်ဝမ်းကွဲတော်သူ မောင်မြသန်း၊ သခင်ထိန်ဝင်းတို့နှင့် ခေတ္တသွားရောက် နေထိုင်ချိန်ဖြစ်၏။အောင်ဆန်းသည် ကျွန်တော်ရှိရာ တိုက်ခန်းသို့ မောကြီးပန်းကြီးနှင့် ပြေးလွှားရောက်လာချိန်တွင် ကျွန်တော်တို့သည် ဧည့်သည်တစ်ဦးနှင့် ထွေရာလေးပါး စကားပြောနေကြပါသည်။ ကျွန်တော်က ဘယ်လိုဖြစ်လာတာလဲဟု မေးသောအခါ သူတို့အဖွဲ့သည် ထမင်းဆိုင်သို့ ထမင်းသွားစားကြကာ စားသောက်ပြီးသောအခါ သခင်သန်းထွန်းက ယခု ပိုက်ဆံမပါလာသေးကြောင်း၊ နောက်မှ ပေးမည်ဖြစ်ကြောင်း ပြောတော့သည်ဟု သူက ပြန်ပြောပြသည်။ ထိုသို့ သခင်သန်းထွန်းက ပြောလိုက်သည်တွင် ရှက်တတ်သော အောင်ဆန်းမှာ ရှက်ကြောက်ကြောက်ကာ ထမင်းဆိုင်မှ ထပြေးလာခြင်းပင် ဖြစ်သည်။ (ဗိုလ်လကျ်ာ။ ခေါင်းဆောင်ဟူသည် စာအုပ်မှ)(၇) ယခု မြန်မာတစ်နိုင်ငံလုံးက လေးစားကြည်ညိုခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းကား အိပ်ရာခုတင် ဝေးစွ။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး ဘာမျှမရှိခဲ့သဖြင့် ကျွန်တော်၊ ကိုအုန်းမြင့်၊ သခင်တင်ဦးတို့သည် အသိမိတ်ဆွေများထံမှ လည်းကောင်း၊ နီးရာအိမ်များမှ လည်းကောင်း ၎င်းအတွက် ခုတင်၊ ခြင်ထောင်၊ စောင်များ ရှာဖွေပေးရ၏။ ၎င်းနေထိုင်ရန် ရွှေတောင်ကြားရှိ အိမ်တစ်အိမ်ကို ရွေးချယ်ရ၏။ (သခင်ဗအေး။ ကျွန်တော်သိသော ဗိုလ်ချုပ်)(၈) ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေး တပ်မတော် အထက်မြန်မာပြည် ဗိုလ်ချုပ်ဖြစ်လာသော်လည်း ၎င်းစီးစရာ ကားမရှိ၍ ကားဘက်ဆိုင်ရာတို့မှ လက်ပံတန်း ဒေါ်ခါတွန်၏ ကားဆိုသည့် ကားကိုပေးတော့၏။ ထိုကားမှာ ကားပုံသဏ္ဌာန်လှသော်လည်း မီးမရှိ။ ဘရိတ်မမိပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်တိုက်ထွက်ရန် တာဝန်ကျသည့် အတိုင်းထွက်ရာ ၎င်းကားတွင် ကျွန်တော်နှင့် ကားမောင်း တာဝန်ကျသူ ဗိုလ်ရှိန် (ဝါ) သခင် လှရှိန် (မင်းလှ) တို့နှင့် ၎င်းသာပါ၏။ ရဲဘော် တစ်ယောက်က ကားပေါ်မှ လက်နှိပ်ဓာတ်မီးနှင့် မီးထိုးရင်းလိုက်ရ၏။ ဗိုလ်နေဝင်းစီးသော ကားသည် ရှေ့မှလမ်းပြ အနေဖြင့် မောင်းရ၏။ တိုက်ကြီးအလွန် ရွာကလေးတစ်ရွာ အရောက်တွင် ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စီးလာသော ကားသည် လမ်းဘေးအုတ်ခုံနှင့် တိုက်မိပြီး ကားလမ်းဘေးချောက်ထဲ ရွာစည်းရိုး အတွင်းသို့ ဝင်တိုးလေတော့၏။ ဗိုလ်ချုပ်အား ကားဖင်ထိုင်ခုံနှင့် မတိုက်မိရန် ကျွန်တော် အမြန်ပွေ့ဖက်လိုက်ရတော့၏။ အကယ်၍ မပွေ့လိုက်က ကားဖင်ထိုင်ခုံနှင့် တိုက်မိပြီး ၎င်းအတွက် စိုးရိမ်ရ၏။ ခဏကြာမျှ ဗိုလ်ချုပ် သတိမေ့သွားသေး၏။ (သခင်ဗအေး။ ကျွန်တော်သိသော ဗိုလ်ချုပ်)(၈) ကျုပ်အတွက် နိုင်ငံရေးဆိုတာဟာ ဆင်းရဲခြင်း၊ ငတ်ပြတ်ခြင်း၊ အနစ်နာခံခြင်းနှင့် အသက်ကို ပဓာနမထားဘဲ စွန့်စားခြင်းတို့သာ ဖြစ်တယ်။ ကျုပ် အခု နိုင်ငံရေး ဆောင်ရွက်နေတာဟာ သရဖူကြီးကို လိုချင်လွန်းလို့ပဲ။ ကျုပ် ဆောင်းဖို့တော့ မဟုတ်ပါဘူး။ လူထုကြီး တစ်ရပ်လုံး ဆောင်းကြရမည့် 'လွတ်လပ်ရေး' တည်းဟူသော သရဖူကြီးကို ပြောနေတာပါ။ (ဗိုလ်ချုပ်အောင်ဆန်း၊ ခေါင်းဆောင်ဟူသည် စာအုပ်မှ)(၉) နိုင်ငံ့လွတ်လပ်ရေး ရရှိဖို့အတွက်သာ စိတ်ပြဋ္ဌာန်းလွန်းလှသော ဗိုလ်ချုပ်အောင်ဆန်းအတွက် ဆင်းရဲခြင်း၊ ငတ်ပြတ်ခြင်းတို့မှာ ဘာဟုတ်လေတော့မည်နည်း။ သူ၏ ဆင်းရဲမှုသည် နိုင်ငံ၏ ချမ်းသာမှု၊ သူ၏ ငတ်ပြတ်မှုသည် ပြည်သူ၏ ဝပြောမှု။ သူ၏ အနစ်နာခံမှုသည် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုး။ ဒီလိုမျိုးဖြစ်ရေးသည်သာ သူ့နှလုံးသား။ သူ့စိတ်ဓာတ်။ သူ့အနစ်နာခံချက်။ သူ့ ရည်မှန်းချက်။  သို့သော် နိုင်ငံနှင့် ပြည်သူတို့ကို လွတ်လပ်ရေး၏ အရသာ ရရှိခံစားစေလိုသော ဗိုလ်ချုပ်၏ ရည်မှန်းချက်များ ပြည့်မြောက်ပါရဲ့လား ဆိုတာကို ဗိုလ်ချုပ်ကြိုးပမ်းခဲ့၍ ရရှိခဲ့သည့် လွတ်လပ်ရေးနေ့ ရောက်တိုင်း အတွေးဝင်မိသည်။ တွေးမိလေတိုင်းလည်း ဗိုလ်ချုပ်အတွက် စိတ်မကောင်း ဖြစ်မိသလိုလို။ ရင်နာမိသလိုလို။ ဘာလိုလို ခံစားချက်တွေ တစ်သီကြီး။ တစ်ထွေးကြီး။ နင့်ခနဲ။ လှိုက်ခနဲနှင့်ပါ။

Most Read

Most Recent