အပြောင်းအလဲကြောင့် မစိုးရိမ်ရန်နှင့် လက်ရှိအပြောင်းအလဲကို အားလုံးအတွက် အကျိုးဖြစ်စေမည့် အပြောင်းအလဲဖြစ်အောင် အစွမ်းကုန်ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၄ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ကျင်းပသော (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
NLD အစိုးရအနေဖြင့်လည်း အမျိုးသား ရင်ကြားစေ့ရေးဆိုသည့်မူကို အခြေခံသော အစိုးရဖြစ်စေရမည်ဟုလည်း လွတ်လပ်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က "အပြောင်းအလဲ ဆိုတာဟာ တချို့က ကြောက်ကြပါတယ်။ ဒါလည်း စိုးရိမ်ကြတယ် ဆိုတာလည်း မထူးဆန်းပါဘူး။ တစ်ခါမှ မရင်ဆိုင်ဖူးတဲ့ အခြေအနေ တစ်ခုကိုရင်ဆိုင်ရမယ်ဆိုတော့ ဖြစ်ပါ့မလား၊ အောင်မြင်မှုမှ ရှိပါ့မလား၊ ကိုယ့်ကိုများ ထိခိုက်မလား၊ ဘယ်လိုများ ဖြစ်မလဲဆိုပြီးတော့ တွေးကြတာဟာ ဒါ သဘာဝကျပါတယ်။ ဒါပေမဲ့ အပြောင်းအလဲဆိုတာ တကယ်တော့ တစ်ချိန်လုံး ဖြစ်နေတာပါ။ တစ်ချိန်လုံးဆိုတာ တစ်နေ့နဲ့တစ်နေ့တောင် မဟုတ်ဘူး။ တကယ်တော့ တစ်စက္ကန့်နဲ့ တစ်စက္ကန့် အပြောင်းအလဲတွေက ဖြစ်နေတာပဲ။ ကျွန်မတို့ သတိမပြုနိုင်လို့ သေသေချာချာ မျက်ဝါးထင်ထင် မမြင်နိုင်လို့သာ။ ပြောင်းလဲနေတာပဲ။ ပြီးတော့ အပြောင်းအလဲဆိုတာ စိုးရိမ်စရာ မဟုတ်ပါဘူး ကြောက်စရာမဟုတ်ပါဘူး။ ကျွန်မတို့ ဆင်ခြင်တုံတရား အပြည့်အဝနဲ့ ရင်ဆိုင်စရာပဲ ဖြစ်ပါတယ်။ အခုအပြောင်းအလဲကြောင့်မို့လို့ စိုးရိမ်တဲ့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားအားလုံးကို ကျွန်မအနေနဲ့ စကားပါးပါရစေ။ မစိုးရိမ်ပါနဲ့"ဟု ပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က "အားလုံးအတွက် အကျိုးဖြစ်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ ပြည်သူလူထုရဲ့ နှလုံးသားထဲမှာ ပေးချင်တဲ့ စိတ်ဓာတ်ရှိဖို့လိုပါတယ်။ ဖြည့်ဆည်းပေးချင်တဲ့ စိတ်ဓာတ်။ ဒီနိုင်ငံရဲ့ ကံကြမ္မာကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်ဓာတ်။ ငါတို့ ဒီနိုင်ငံတိုးတက်အောင် ဘာလုပ်ပေး နိုင်လဲဆိုပြီးတော့ ပေးချင်တဲ့စိတ်ဓာတ်။ ယူချင်တဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။ ငါ့တို့အတွက် ဘာရမလဲ။ ကျွန်မ မပြောဘဲ မနေနိုင်လို့ အခုပြောကို ပြောရမယ်။ ဝန်ကြီးလုပ်ချင်တဲ့သူတွေ တော်တော်မှ ကျွန်မမကြိုက်ဘူး။ ဝန်ကြီးလုပ်တယ်ဆိုတာ မတတ်သာလို့ တာဝန်ပေးလို့လုပ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ နောက်တစ်ခါ ဝန်ကြီးဖြစ်ချင်လို့ စာရေးပြီးတော့ တောင်းတဲ့လူတွေကို စည်းမျဉ်းစည်းကမ်းအရ အရေးယူမယ်ဆိုတာ ခပ်ပြတ်ပြတ်သားသား အခု ဒီကနေပြောပါရစေ။ ကျွန်မတို့ဟာ ဝန်ကြီးဆိုတဲ့ နေရာကို အလုပ်လုပ်နိုင်တဲ့သူတွေကို ကျွန်မတို့ပေးမှာပါ။ နိုင်ငံ့ အကျိုးပြုနိုင်တဲ့ သူတွေကို ကျွန်မတို့ ပေးမှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်မို့လို့ဆိုပြီး ပေးမှာ မဟုတ်ပါဘူးဆိုတာ အခုကတည်းက နားလည်ပါလို့ ကျွန်မပြောချင်ပါတယ်"ဟု ပြောကြားသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံဖြင့် ထူထောင်ထားသည့် ပြည်ထောင်စုဖြစ်ကြောင်း၊ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး အားလုံး ပူးပေါင်းဆောင်ရွက်ကာ လိုချင်သည့်ပန်းတိုင်ကို အရောက်သွားရမည်ဖြစ်ကြောင်း၊ ပင်လုံစိတ်ဓာတ်ကို ပြုစုပျိုးထောင်ပြီး လက်တွေ့ကျကျ ထိရောက်အောင် လုပ်ဆောင်ကာ ငြိမ်းချမ်းရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နောင်တက်လာမည့် အစိုးရ၏ ပထမဆုံးတာဝန်တစ်ခုမှာ ငြိမ်းချမ်းရေး တည်ဆောက်ရန် ဖြစ်ကြောင်း၊ ထိရောက်သည့် ငြိမ်းချမ်းရေးညီလာခံကြီး တစ်ခုကျင်းပပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အားလုံးပါဝင်လာအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်နိုင်ရန် အားလုံးကြိုးစားကြရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က " ကြိုးစားမယ့် နေရာမှာ ပြည်သူတွေ အားလုံးပါရမယ်။ တပ်မတော်ပါရမယ်။ တိုင်းရင်းသား အသီးသီးပါရမယ်။ ကျွန်မတို့အပေါ်မှာ စေတနာထားတဲ့ တစ်တိုင်းပြည်လုံးမက တစ်ကမ္ဘာလုံး ကနေပြီးမှ ပါဝင်ပြီးတော့ ကူညီဖို့လိုပါတယ်။ ကူညီချင်တဲ့သူတွေက အများကြီး၊ စေတနာထားတဲ့သူတွေက အများကြီး။ ဒါပေမဲ့ တကယ်ရုန်းကန်ရမှာက ကျွန်မတို့ပဲဖြစ်ပါတယ်။ ကျွန်မတို့ ဒီနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားများက ရုန်းကန်မှ တာဝန်ယူမှသာ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ လွတ်လပ်ရေးဆိုတာဟာ လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တိုင်း လုပ်ဖို့ မဟုတ်ပါဘူးဆိုတာ ကျွန်မ မကြာခဏ သတိပေးရပါတယ်။ လွတ်လပ်ရေးဆိုတာ တာဝန်သိသိနဲ့ ကိုယ့်ရဲ့လွတ်လပ်မှုကို အများကောင်းကျိုးအတွက် သုံးနိုင်ခြင်းဆိုတာဟာ လွတ်လပ်ရေးပါပဲ"ဟု ပြောကြားသည်။
မြန်မာနိုင်ငံ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းသည်လည်း မပြီးသေးကြောင်း၊ လာမည့် ၂၀၁၇ ခုနှစ်တွင် ကျရောက်မည့် (၆၉) နှစ် မြောက်လွတ်လပ်ရေးနေ့တွင် ယခုထက် ပိုမိုခိုင်မာမှုရှိသည့် ပြည်ထောင်စုကြီးကို မြင်တွေ့ချင်ကြောင်း၊ တစ်နှစ်အတွင်း လုပ်ဆောင်ရမည့် အလုပ်များစွာရှိနေ၍ အားလုံးပြီးမြောက် အောင်မြင်နိုင်ရန် အားလုံးပါဝင်မှ ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ မညံ့ပါဘူး။ မညံ့ဘူးဆိုတာဟာ တော်တော့်ကို မညံ့တာပါ။ ပညာရေး တော်တော်ညံ့ခဲ့တယ်။ သို့သော်ငြားလည်း ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ စိတ်ထဲမှာ ဆင်ခြင်တုံတရားဆိုတာ အခုထိ ရှိသေးတယ်။ ဒီဆင်ခြင်တုံတရားနဲ့ ဆက်ပြီးတော့ လျှောက်လှမ်းသွားမယ်။ အားလုံးအတူ အညီလက်တွဲသွားကြမယ်။ ကျွန်မတို့ သဘော မတူတာတွေကတော့ ရှိကြပါတယ်။မိတ်ဆွေနှစ်ယောက်တောင်မှ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းတူတာ မဟုတ်ဘူး။ ကျွန်မတို့ တစ်နိုင်ငံလုံးက ၅၂ သန်းကျော်က စိတ်ချင်းသဘောချင်း တူရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သို့သော်လည်းပဲ ကျွန်မတို့ ညှိယူမယ်။ ဒီမိုကရေစီရဲ့ လုပ်ထုံးလုပ်နည်းအရ အများရဲ့ ဆန္ဒကို ကျွန်မတို့ လေးစားမယ်။ အနည်းစုရဲ့ အခွင့်အရေးတွေကိုလည်း ကျွန်မတို့ အကာအကွယ်ပေးမယ်။ ဒီလိုနည်းနဲ့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ စိတ်လုံခြုံစွာ ရှေ့ဆက်ပြီးတော့ သွားမယ်ဆိုလို့ရှိရင် နောက်နှစ်လာမယ့် လွတ်လပ်ရေးနေ့ကျလို့ရှိရင် ဒီရုံးကလည်း ပိုပြီးတော့ ပီပီပြင်ပြင် ဖြစ်နေသလို ကျွန်မတို့ နိုင်ငံရဲ့အခြေအနေကလည်း အများကြီး ပိုပြီးတော့ ကောင်းမွန်နိုင်ပါလိမ့်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ကြောင်း ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်"ဟု ပြောကြားသည်။
အပြောင်းအလဲကြောင့် မစိုးရိမ်ရန်နှင့် လက်ရှိအပြောင်းအလဲကို အားလုံးအတွက် အကျိုးဖြစ်စေရန် အစွမ်းကုန်ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား















