မောင်တောမြို့ ကညင်ချောင်း ဆိပ်ကမ်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးဇုန်နှင့် နယ်စပ် အဆင့်မြင့်ဈေး စတင် တည်ဆောက်

မောင်တောမြို့ ကညင်ချောင်း ဆိပ်ကမ်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးဇုန်နှင့် နယ်စပ် အဆင့်မြင့်ဈေး စတင် တည်ဆောက်
Published 3 January 2016
သားရွှေဦး (ကစ္ဆပ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စီးပွားရေးဇုန်နှင့် နယ်စပ် အဆင့်မြင့်ဈေးကို မောင်တောမြို့ ကညင်ချောင်း ဆိပ်ကမ်းတွင် စတင် တည်ဆောက်နေပြီဖြစ်ကြောင်း မောင်တောနယ်စပ် ကုန်သည်များ အသင်းမှ သတင်းရရှိသည်။“နယ်စပ်ကုန်သွယ်ရေး စီးပွားရေးဇုန်နဲ့ အဆင့်မြင့်ဈေးကို နိုဝင်ဘာ ၁ ရက်က စတင် လုပ်ကိုင်နေတာဖြစ်ပြီး ပထမ စီမံကိန်းတွေကတော့ ၂၅ ရာခိုင်နှုန်း ပြီးပါပြီ။ ပထမ စီမံကိန်းတွေက အစိုးရ အပိုင်းက မ,တည်ငွေနဲ့ ဆောက်တဲ့ ဆိပ်ခံတံတား နှစ်စင်းက ၃၀ ရာနှုန်း၊ OSS ရုံးက ၃၀ ရာနှုန်း ပြီးပါပြီ။ စီမံကိန်းမှာတော့ တံတားနှစ်စင်း၊ ဂိုဒေါင် ၂၀ လုံးပါတယ်။  အောက်တိုဘာမှာ ဝင်းခြံပတ်လမ်းကို ဒုတိယ စီမံကိန်းအဖြစ် စလုပ်မယ်။ ၂၀၁၆ ဒီဇင်ဘာ ၁၅ ရက်မှာ စီးပွားရေးဇုန်နဲ့ အဆင့်မြင့်ဈေး အသက်ဝင်ပါမယ်” ဟု ဇုန်ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်မြင့်သိန်းက ပြောကြားသည်။အဆိုပါ စီးပွားရေးဇုန်မှာ မောင်တောမြို့၏ မြောက်ဘက် နှစ်မိုင်ခန့် အကွာရှိ ကညင်ချောင်း ရေနက်ဆိပ်ကမ်း အနီးမှ မြေ ၄၉ ဒသမ ၈၆ ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။“ရည်ရွယ်ထားတာကတော့ အခု အခြေအနေမှာ တစ်ဖက်နိုင်ငံရဲ့ ဝယ်သူဈေးကွက် ဖြစ်နေတယ်။ ဒါကို ရောင်းသူဈေးကွက် ဖြစ်လာစေမယ်။ ဘာကြောင့်လဲဆိုတော့ တက္ကနာ့ဖ်က ပွဲစားတွေနဲ့ ကြားခံအလုပ် လုပ်နေရာကနေ စစ်တကောင်း၊ ဒါကာက ကုန်သည်တွေနဲ့ တိုက်ရိုက်လုပ်နိုင်မယ်။ ဘင်္ဂလားဒေ့ရှ့်က ကုန်သည်တွေကလည်း ဒီမှာရောင်းတဲ့ ကုန်ပစ္စည်းတွေကို လာပြီး လေ့လာဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ရောင်းသူဈေးကွက် ဖော်ဆောင်နိုင်မယ်။ ကုန်သွယ်မှု မြှင့်တင်ဖို့နဲ့ ဒီဘက်မှာ ဈေးကွက်ဖော်ဆောင်နိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။ ကညင်ချောင်း ဆိပ်ကမ်းမှာက တန်ချိန် သုံးရာ၊ လေးရာကျော် သင်္ဘောတွေ အချိန်မရွေး ဝင်ထွက်နိုင်တယ်။ ဒေသခံတွေ အလုပ်အကိုင် ရလာမယ်။ နောက် အာရှပတ်လမ်း ဖောက်တဲ့အခါ မောင်တောကို ချန်မထားဖို့ လုပ်တာ ဖြစ်ပါတယ်” ဟု မောင်တော ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမောင်မြင့်သိန်းက ပြောကြားသည်။အဆိုပါ စီးပွားရေးဇုန် ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အစိုးရမှ သိန်းပေါင်း ခြောက်ထောင်နှင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများဘက်က သိန်းပေါင်းလေးထောင် မတည်ကာ စုစုပေါင်း သိန်းပေါင်း တစ်သောင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် စစ်တွေ(ရွှေမင်းဂံ)ဆိပ်ကမ်းနှင့် မောင်တော အမှတ် (၁) ဝင်ထွက်စခန်းအနီး ရွှေဇားချောင်း ဆိပ်ကမ်းများမှ ပို့ကုန်၊ သွင်းကုန်များ ဆောင်ရွက်နေပြီး ရွှေဇားချောင်းမှာ တိမ်ကောလာသဖြင့် ကုန်တင်စက်လှေများမှာ ရေတက်ချိန်ကို စောင့်ဆိုင်း ဝင်ထွက်နေရပြီး ကုန်သွယ်ရေး လုပ်ငန်းများ နှောင့်နှေးမှု ရှိနေကြောင်း သိရသည်။ယခု စီးပွားရေးဇုန် တည်ဆောက်မည့် ကညင်ချောင်း ဆိပ်ကမ်းမှာ တန်ချိန်ထောင်ချီသည့် သင်္ဘောများ အချိန်မရွေး ဝင်ထွက် ဆိုက်ကပ်နိုင်သည့် ရေနက်ဆိပ်ကမ်းဖြစ်ပြီး မောင်တောမြို့နှင့် အနီးဆုံးတွင် တည်ရှိကာ ယခင်က ဘင်္ဂလားဒေ့ရှ် သင်္ဘောများ ဝင်ရောက်ကာ စပါးများ တင်ပို့ခဲ့သည့် နေရာလည်းဖြစ်သည်။