လိပ်ကျွန်းမှသည် သန့်ရှင်းသော အုပ်ချုပ်ရေးသို့

လိပ်ကျွန်းမှသည် သန့်ရှင်းသော အုပ်ချုပ်ရေးသို့
Published 2 January 2016
ရဲခေါင်မဲမောင်

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ပြီးခဲ့တဲ့ ၂၄ ရက်က ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီလို သေဒဏ်ချလိုက်ပြီးတဲ့ နာရီပိုင်း အကြာလောက်မှာပဲ ပြည်တွင်းပြည်ပ နေရာအနှံ့ အထူးသဖြင့် ထိုင်းနိုင်ငံ သံရုံးတွေ အရှေ့မှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာလူငယ် နှစ်ယောက်ရဲ့ အမှုကို ပြန်လည် စစ်ဆေးပေးဖို့နဲ့ အမှုကနေ လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ပြည်သူလူထုနဲ့အတူ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း သူတို့ရဲ့ သဘောထားတွေ၊ ကြေညာချက်တွေကို ဖော်ထုတ်ပြသပြီး အမှုကို တရားမျှတမှု အပြည့်အ၀ ရှိစေဖို့ တောင်းဆိုခဲ့ကြပါတယ်။ဒီဆန္ဒပြမှု၊ သဘောထား ကြေညာချက်တွေ ထုတ်ပြန်မှုနဲ့ အထွေထွေ ဖိအားပေးမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က "ဝေဖန်သူတွေ အနေနဲ့ ထိုင်းနိုင်ငံ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်းနဲ့ ထိုင်းတရားစီရင်ရေး စနစ်အနေနဲ့ လူထုဖိအားပေးမှုတွေ အောက်ကို ဦးညွတ်အလျှော့ပေးမှာ မဟုတ်ဘူး" လို့ ပြောကြားလိုက်ပါတယ်။ ပြီးတော့ "သူတို့တွေမှာ အယူခံဝင်ခွင့် ရှိနေတာပဲ မဟုတ်လား။ ကမ္ဘာပေါ်က ဥပဒေတိုင်းမှာ ဒီလိုအခွင့်အရေး ရှိပါတယ်။ ဒါမှမဟုတ် ထိုင်းဥပဒေတွေမှာကျမှ (အယူခံဝင်ခွင့်) မရှိရမှာလား။ ဒီလိုသာဆို ဖိအားပေးခံရတိုင်း လူတိုင်းကို လွှတ်ပေးရမှာလား"လို့လည်း သူကဒေါသတကြီး မေးခွန်းထုတ်လိုက်ပါသေးတယ်။ တကယ်တော့ မြန်မာပြည်သူလူထုတွေနဲ့ နိုင်ငံတကာက တောင်းဆို ဆန္ဒပြနေကြတာဟာ သေဒဏ်ကျလူငယ် နှစ်ယောက်ကို "လွှတ်" ပေးခိုင်းနေတာ မဟုတ်ပါဘူး။ ထိုင်းတရားရုံးရဲ့ စီရင်ချက်ဟာ မျှတမှု မရှိတဲ့ စီရင်ချက်။ မျက်မြင်သက်သေ ခိုင်ခိုင်လုံလုံ မရှိတဲ့ လူသတ်မှုအတွက် "သေဒဏ်" ဆိုတာဟာ တရားမျှတမှု မရှိတဲ့ စီရင်ချက်ဖြစ်နေတာကြောင့် အမှုကို ခိုင်ခိုင်လုံလုံနဲ့ တိတိကျကျ၊ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည် စစ်ဆေးပေးဖို့သာ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီထိုင်းတရားရုံးရဲ့ သေဒဏ်ချမှတ်လိုက်တဲ့အပေါ် အသတ်ခံခဲ့ရတဲ့ ဟန်နာရဲ့ မိသားစုဝင်တွေကလည်း "တရားစွဲဆိုမှု လုပ်ငန်းစဉ်တွေဟာ အင်မတန် ခက်ခဲခဲ့တာကို သတိပြုမိပါတယ်။ ထိုင်းကိုသွားပြီး တရားရုံးမှာ အမှုကြားနာတာကို သွားနားထောင်ရတာဟာ ထိခိုက်ဝမ်းနည်းရတဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်။ ကြားနာစစ်ဆေးမှုတွေဟာ စိန်ခေါ်မှု အရမ်းပြင်းထန်ခဲ့ပြီး နာကျင်စရာ၊ စိတ်ရှုပ်ထွေးစရာ သတင်းအချက်အလက်တွေအပေါ် မိသားစုအနေနဲ့ ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့ရပါတယ်။ အချိန်လိုပါတယ်။ တရားရုံး ဆုံးဖြတ်ချက် ရလဒ်နဲ့ပတ်သက်ပြီး အချိန်ယူ သုံးသပ်ဖို့နဲ့ ဒီဖြစ်ရပ်ကို ပြန်ပြောပြဖို့ အသင့်တော်ဆုံး နည်းလမ်းကို ရှာဖွေနိုင်ဖို့ မိသားစုအတွက် အချိန်လိုအပ်ပါတယ်" လို့ပြောတာကိုကြည့်ရင် ဒီအမှုဟာ နည်းနည်းရှုပ်ထွေးနေတာကို သတိပြုရမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီအမှုဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံရဲ့ကမ္ဘာလှည့် ခရီးသွားတွေ အများစု သွားလာရာ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံသားတွေဖြစ်တဲ့ ဒေးဗစ်မီလာ အသက် ၂၄ နှစ်နဲ့ ဟန်နာဝှစ်သာရစ်ချ် အသက် ၂၃ နှစ်တို့ နှစ်ယောက်ဟာ အဲဒီလိပ်ကျွန်းကို အပန်းဖြေ ခရီးလာရောက်ရင်း မုဒိမ်းကျင့် သတ်ဖြတ်ခံလိုက်ရပါတယ်။ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ တရားခံလို့ ယူဆရသူနှစ်ဦးဟာ အစကနဦးမှာတော့ သူတို့သတ်မိပါတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးကို ထိုင်းရဲတွေက ရိုက်နှက် ညှဉ်းပန်းနှိပ်စက်တာကြောင့် မခံနိုင်တော့လို့ ဝန်ခံလိုက်ရတာဖြစ်ပြီး အမှန်တကယ် သူတို့သတ်တာ မဟုတ်ဘူးလို့ တရားရုံးမှာ ငြင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မှုခင်းတွေနဲ့ ပတ်သက်ပြီး အလွန်နာမည်ကြီးတဲ့ မှုခင်း သိပ္ပံပညာရှင် ဒေါက်တာ ပွန်သစ်ရိုဂျာနာဆူနန်ဆိုတာ ရှိပါတယ်။ သူက "မှုခင်းဖြစ်တဲ့ နေရာမှာ ရဲတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေ၊ သက်သေခံ ပစ္စည်းတွေ စုဆောင်းရယူပုံတွေဟာ အင်မတန် အားနည်းညံ့ဖျင်းတယ်" လို့ ပြောပါတယ်။ရုံးတင်စစ်ဆေးမှု စလုပ်တဲ့ အချိန်မှာလည်း ထိုင်းရဲတပ်ဖွဲ့ဟာ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ ဟန်နာရဲ့ အဝတ်အစားတွေနဲ့ လူသတ်လက်နက်လို့ ယူဆနိုင်တဲ့ ပေါက်တူးကိုလည်း DNA မစစ်ဆေးထားခဲ့ပါဘူး။ နောက် တစ်နှစ်အကြာမှာတော့ စောစောကပြောတဲ့ မှုခင်းဆရာဝန်ကြီး ပွင့်သစ်ရိုဂျာနာဆူနန်က အဲဒီပေါက်တူးကို DNA စစ်ဆေးခွင့် ရခဲ့ပါတယ်။ အဲဒီလို စစ်ဆေးတဲ့ အခါမှာတော့ ပေါက်တူးလက်ကိုင် အပေါ်မှာ လူနှစ်ယောက်ရဲ့ DNA တွေ တွေ့ရှိရပြီး တွေ့ရတဲ့ DNA တွေဟာ စွပ်စွဲခံထားရတဲ့ မြန်မာလုပ်သား နှစ်ယောက်စလုံးနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ အခြားစစ်ဆေးမှုတွေမှာတော့ ဟန်နာရဲ့ ခန္ဓာကိုယ်ထဲကရတဲ့ သုက်ရည်နမူနာတွေဟာ မြန်မာလုပ်သား နှစ်ယောက်ရဲ့ DNA တွေနဲ့ ကိုက်ညီနေတဲ့အပြင် အခင်းဖြစ်ပွားတဲ့ နေရာနားက တွေ့ရတဲ့ စီးကရက်တို တစ်ခုရဲ့ ဖင်စီခံက DNA နဲ့လည်းတူတယ်လို့ ဆိုပါတယ်။ DNA နဲ့ပတ်သက်ပြီး ဖြေရှင်းစရာ၊ အငြင်းပွားစရာ၊ အဖြေရှာစရာတွေ အများကြီး ရှိနေတဲ့ အချိန်မှာပဲ အခုတော့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို သေဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ဒါကြောင့်လည်း ပြည်တွင်းပြည်ပက မြန်မာတွေက ဒီသေဒဏ်ကျ မြန်မာလုပ်သား နှစ်ဦးအတွက် အမှန်တရား ဖော်ထုတ်ဖို့ ကြိုးစားတဲ့ အနေနဲ့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ထိုင်းဘက်မှာကလည်း ဖိအားတွေ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဗြိတိန်ဟာ ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီ နိုင်ငံဖြစ်တာကြောင့် ဒီနိုင်ငံရဲ့ အငြိုအငြင်ကိုလည်း မခံချင်ပါဘူး။ ပြီးတော့ စစ်တပ်က အာဏာသိမ်းထားပြီး ကျွန်တော်တို့ နိုင်ငံလို စစ်တပ်က လွှမ်းမိုးမှုရှိတဲ့ နိုင်ငံရေး စနစ်မျိုးကို ထူထောင်ဖို့ ကြိုးစားနေကြပြန်တာကြောင့် အမေရိကန် အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေရဲ့ စောင့်ကြည့်တာကိုလည်း ခံနေရပါတယ်။ ပိုပြီးအဓိကကျတဲ့ အကြောင်းကတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပါပဲ။ ထိုင်းမှာခရီးသွား လုပ်ငန်းကရတဲ့ ဝင်ငွေက တစ်နှစ်တစ်နှစ် မနည်းပါဘူး။ ဒီလူသတ်မှုကြောင့် ထိုင်းကို လာလည်တဲ့ ခရီးသည် နည်းသွားမှာကို ထိုင်းက မလိုလားပါဘူး။ ဒါကြောင့် ထိုင်းမှာ တရား ဥပဒေစိုးမိုးမှု ရှိတယ်ဆိုတာရယ် တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှာကို ရှောင်လွှဲတဲ့ အနေနဲ့ အစားထိုး တရားခံ ဖော်ထုတ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။မြန်မာရွှေ့ပြောင်း လုပ်သားတွေဘက်မှာ ကျတော့လည်း အနှစ်နှစ် အလလ အစိုးရရဲ့ လျစ်လျူရှုတာကို ခံလာရပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေပီပီ တရားမဝင်ပါဘူး။ တရားမဝင်တဲ့အတွက် နိုင်ငံတကာက သတ်မှတ်ထားတဲ့ အလုပ်သမား အခွင့်အရေးတွေလည်း မရပါဘူး။ အဲဒီလိုပဲ အလုပ်ရှင်ရဲ့ ခေါင်းပုံဖြတ်တာတွေ၊ မတရား ခိုင်းစေတာတွေ၊ ရိုက်တာနှက်တာတွေကိုလည်း ခံစားကြရရှာပါတယ်။ ပင်လယ်ထဲ လူမသိ သူမသိဘဲ ပျောက်သွားရတဲ့သူတွေ၊ ကြံခင်းထဲ အသတ်ခံလိုက်ရတာတွေ၊ တောထဲတောင်ထဲမှာ မြှုပ်နှံခံလိုက်ရတာတွေကလည်း ဒုနဲ့ဒေးပါ။ အစိုးရက အသိအမှတ် မပြုတဲ့အခါ ရောက်ရှိနေတဲ့ တိုင်းပြည်က အစိုးရတွေရဲ့ မထီမဲ့မြင် ပြုတာတွေကိုပါ ခံလာခဲ့ကြရပါတယ်။ဒါ့ကြောင့် အခုမြန်မာလုပ်သားနှစ်ဦး သေဒဏ်ချခံရတဲ့ ကိစ္စမှာ ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ကိုယ့်ရဲ့အစိုးရ အပါအဝင် ရွှေ့ပြောင်းလုပ်သားတွေ ရောက်ရှိလုပ်ကိုင်နေကြတဲ့ တိုင်းပြည် အသီးသီးက အစိုးရတွေ အနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် အသိအမှတ်ပြု လေးစားလာဖို့ ခိုင်ခိုင်မာမာ အကာအကွယ်ပေးဖို့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အ၀ ပေးဖို့နဲ့ အမှုတစ်ခုခု ဖြစ်လာခဲ့ရင် မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်ဖို့ စတာတွေကို ကျွဲကူးရေပါဆိုသလို အင်တိုက်အားတိုက် ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ခိုင်မာတိကျတဲ့ ဥပဒေတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ ရေးဆွဲပြဋ္ဌာန်းဖို့ကို သူတို့လိုလားနေကြပါတယ်။မြန်မာရွှေ့ပြောင်း လုပ်သားတွေ မျှတတဲ့တရားစီရင်မှု မရရှိတဲ့အတွက် ဆန္ဒပြမယ့်သာ ပြနေကြတာပါ။ ပြည်တွင်းမှာရော မျှတတဲ့ တရားစီရင်မှုတွေကို ပြည်သူတွေ ခံစားကြရသလားဆိုတော့ မခံစားကြရပြန်ပါဘူး။ လောလောဆယ် အခြေအနေမှာကိုပဲ ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ထဘီအရောင်နဲ့ ပြောင်းလဲလိုက်တဲ့ စစ်တပ်ယူနီဖောင်း အရောင်တွေကို FB မှာ နှိုင်းယှဉ် တင်ပြလို့ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်းကို ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပါပြီ။ လိပ်ကျွန်း လူသတ်မှုလိုပဲ မချောစန္ဒီထွန်း ပြုလုပ်တယ်ဆိုတဲ့ သက်သေမရှိဘဲ ထောင်ချလိုက်တာပါပဲ။ အဲဒီလိုပဲ ဒီမိုကရေစီ ပညာရေးစနစ်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို မတရားတဲ့ ပုဒ်မတွေတပ်ပြီး သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားတာကလည်း အခုဆိုရင် ကိုးလကျော် ရှိနေပါပြီ။ တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ တရားစွဲခံထားရတဲ့ The Daily Eleven သတင်းစာရဲ့ အယ်ဒီတာ ၁၇ ဦးကိုလည်း ဒဏ်ငွေ ကျပ်သုံးသောင်းစီ ပေးဆောင်ဖို့နဲ့ ဒဏ်ငွေမပေးဆောင်ရင် ထောင်ဒဏ်တစ်လ ကျခံရမယ်လို့ အမိန့်ချမှတ်လိုက်တာကလည်း တရားဥပဒေနဲ့မညီဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် အင်းလျားလမ်း ငါးလောင်းပြိုင် လူသတ်မှု၊ လက်ပံတောင်းမှာ လယ်သူမကြီး ဒေါ်ခင်ဝင်းရဲ့ နဖူးကို သေနတ်ထိမှန်မှု၊ သတင်းထောက် ကိုပါကြီးကို နောက်ကျောက ပစ်သတ်မှုတွေမှာလည်း မျှတတဲ့ တရားစီရင်မှုကို မရရှိခဲ့ကြပါဘူး။ ဖားကန့်နယ်မြေထဲကို တရုတ်နိုင်ငံဘက်က မြေတူးမြေသယ် ကားကြီးတွေ အလုံးအရင်းနဲ့ ဝင်လာပြီး အခု အစိုးရသက်တမ်းမှာ နောက်ဆုံးပိတ်ကားနဲ့ သယ်တာတွေ လုပ်နေတာ၊ စွန့်ပစ်မြေစာပုံ ပြိုကျလို့ မရှိဆင်းရဲသားတွေ ရာချီသေကျေ ပျက်စီးနေတာတွေ အတွက်လည်း ဘာအာမခံချက်မှ မရရှိကြပါဘူး။ဆိုတော့ကား မြန်မာပြည်သူပြည်သားတွေ နိုင်ငံခြား ရောက်ရောက်၊ ပြည်တွင်းမှာပဲနေနေ မျှတတဲ့ တရားစီရင်မှုမျိုးကို မရကြတာ၊ ဥပဒေရဲ့ အကာအကွယ်ကို မရကြတာဟာ တရားဥပဒေရဲ့ အထက်မှာ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးစနစ် ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။ တရားစီရင်ရေးမှာလည်း အဂတိ လိုက်စားမှုတွေဟာ တရားသူကြီး အဆင့်ဆင့်ကနေ တရားရုံးစာရေးအထိ ပါဝင် ပတ်သက်နေပါတယ်။ အစိုးရအဖွဲ့ကို ပေးပို့ထားတဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေအနက် ရာခိုင်နှုန်း ၈၀ လောက်ဟာ အဂတိလိုက်စားတာ၊ လာဘ်ပေးလာဘ်ယူ လုပ်တာတွေနဲ့ ဆက်စပ်နေပြီး အဲဒါကြောင့်လည်း စုံစမ်းစစ်ဆေး အရေးယူမှုတွေကို မလုပ်တာလို့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ပြောပါတယ်။အဂတိလိုက်စားမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို အမျိုးသားရေးတာဝန်၊ စစ်ဆင်ရေး တစ်ရပ်အနေနဲ့ စိမ်းစိမ်းကျက်ကျက်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်မှ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အုပ်ချုပ်ရေး ဖြစ်ပါမယ်။ အဲဒီဖြစ်ချင်မှလည်း တိုင်းပြည်စည်ပင် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူပြည်သားတွေ စားဝတ်နေရေး အဆင်ပြေကြမှာ ဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေနေရင် ဘယ်သူမှ သူများနိုင်ငံထွက်ပြီး ကျွန်ခံ အလုပ်လုပ်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် လိပ်ကျွန်းလို အမှုမျိုးလည်း ပေါ်ပေါက်လာစရာ အကြောင်းမရှိနိုင်တော့ဘူး မဟုတ်လား။

Most Read

Most Recent