ရှေ့သို့ခရီးဆက် တိုးတက်စေရန်

ရှေ့သို့ခရီးဆက် တိုးတက်စေရန်
Published 1 January 2016
မြေးဘိုးမှင်

(မူရင်းခေါင်းစဉ် အပြည့်အစုံကတော့ စင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ကို ရှေ့သို့ ခရီးဆက် တိုးတက်စေရန်ကူညီခြင်း (Helping the Singapore Chess Federation move forward) ဖြစ်ပါတယ်။ စာရေးသူ စစ်တုရင်ဆောင်းပါးရှင် ပီတာလောင်း (Peter Long) ဟာ ထူးချွန်တဲ့ စစ်တုရင် မာစတာ တစ်ယောက် သာမက အတွေ့အကြုံ ရင့်ကျက်တဲ့ အင်တာနေရှင်နယ် ဒိုင်လူကြီး တစ်ယောက် ဖြစ်သလို အောင်မြင်တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့စစ်တုရင်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို မလေးရှားနိုင်ငံရဲ့ ထင်ရှားတဲ့ သတင်းစာကြီး တစ်စောင်ဖြစ်တဲ့ Malay Mail Online မှာ အပတ်စဉ် ရေးသားဖော်ပြလျက် ရှိပါတယ်။ အခု ဆောင်းပါးကတော့ စိတ်ဝင်စားစရာကောင်းလို့ ဘာသာပြန်ပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။)
၂၀၁၅ ဒီဇင်ဘာ ၂၄
ယခုလအစောပိုင်း စင်ကာပူနိုင်ငံတွင် ရှစ်ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကိုကျင်းပစဉ် ပြိုင်ပွဲချိန်အတွင်းနှင့် တစ်နေ့တာ ကစားပွဲများအပြီးတွင် တာဝန်ရှိသူများနှင့် စကားပြော ဆွေးနွေးရန်အခါ အခွင့်များစွာ ရရှိခဲ့ပါသည်။
ဘာများပြောဆို ဆွေးနွေးခဲ့ကြပါသနည်း
အကြောင်းအရာပေါင်းများစွာအနက် စစ်တုရင်နှင့် မိဘများ၏ အခန်းကဏ္ဍကို ယခင်အပတ်က သတင်းစာတွင် ရေးသားခဲ့ပါသည်။ ယနေ့ခေတ် စစ်တုရင်လောကတွင် မိဘများ၏ အခန်းကဏ္ဍမှာ အထူးအရေးကြီးပါသည်။ သားသမီးများ စစ်တုရင် ကစားနည်းတွင် အောင်မြင်မှုရစေရန် အချိန်နှင့် ငွေအပါအဝင် စိုက်ထုတ်မှုများစွာ ပြုလုပ်ကြသူများ ဖြစ်လေရာ သူတို့၏ အရေးပါမှုမှာအငြင်းပွားဖွယ် မရှိပါ။ သူတို့သည် အဓိက ပါဝင်သူများ ဖြစ်လေရာ နေရာတစ်ခု ပေးကာအသိအမှတ် ပြုရပေမည်။ သို့သော် အကဲဖြတ် ချိန်ဆနေရန် လိုအပ်ပါသည်။
စင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များကမူ မိဘများမှ စစ်တုရင်အဖွဲ့ချုပ်တွင် ဝင်ရောက်ကာ လုပ်ငန်းဆောင်တာများကို တာဝန်ယူ ဆောင်ရွက်ရန် အကြောင်း လုံးဝမရှိဟူသော မှတ်ချက်နှင့် ပတ်သက်ပြီး ၎င်းတို့ ၏ သဘောထားကို လှစ်ဟ မပြကြသော်လည်း စင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်၏ ရှေ့ခရီး မည်သို့ဆက်မည်နည်းဆိုသည့် ခေါင်းစဉ်ဆိုင်ရာ အမြင်များကိုမူ အထူးတလည်  ပိုမိုစိတ်ဝင်စားကြောင်း တွေ့ရပါသည်။ 
ဤသည်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ (နှင့်) (သို့မဟုတ်) နိုင်ငံရေးဆိုင်ရာ ဂုဏ်သိက္ခာကြောင့်လား၊ မိမိကလေးများ နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲများ သွားရောက် ယှဉ်ပြိုင်ခွင့် ရရေးအတွက် မျက်နှာသာပေးရန် ဖိအားပေး အခွင့်အရေး ရယူရန်အတွက်လား၊ ငွေကြေး အမြတ်အစွန်း အကျိုးစီးပွား ရရှိရန်အတွက်လား စသည့် မေးခွန်းများကို မေးလာသည် ဖြစ်ငြားအံ့။ ၎င်းတို့အတွက် လုံးဝမဟုတ်ဟု ဆိုပါမည်။
ယခင် ရေးသားခဲ့သည်များတွင် အထောက်အထား ပြည့်စုံခိုင်မာစွာဖြင့် ဖော်ပြခဲ့သော မလေးရှားနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်၏ မရိုးသားမှုများ၊ အပြစ်များ၊ အလွဲသုံးစား ပြုမှုများကဲ့သို့ စင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်  တွင်လည်း ဖြစ်ပေါ်နေကြောင်း ပြောဆို စွပ်စွဲခြင်း မဟုတ်ပါ။
သို့သော်ငြား ယခုစင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ မိတ်ဆွေများမှာ စင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်၏ ဦးဆောင် အခန်းကဏ္ဍတွင် လူသစ်များ ဖြစ်နေကြောင်း တွေ့ရသည်။ အခြေအနေ လိုအပ်ချက် တောင်းဆိုမှုအရ အဖွဲ့ပေါင်းစုံ စုစည်းကာ ယခုနေရာသို့ ရောက်ရှိလာသည်ဟု ဆိုကြသော်ငြားလည်း စင်စစ်အားဖြင့် မိမိတို့ ဘာလုပ်ကိုင်နေသည်ကို လုံးဝမသိကြချေ။ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှု များမှာ တလွဲများသာ ဖြစ်နေကာ သေးငယ်လှသည့် စစ်တုရင်လောက အဖွဲ့အစည်းကို အစိတ်စိတ်မြွှာမြွှာ ခွဲနေကြသည်။
နောက်ကွယ်မှ ကူပံ့နေသည့် မမြင်ရသော လက်များက အတိတ်ကာလက မကျေနပ်မှုများအတွက် လက်စားချေရေး ဆောင်ရွက်မှုပြုရန် လမ်းညွှန်နေသည်မှာ ထင်ရှားလှသည်။ တစ်ဖက်တစ်လမ်းတွင် အမှန်တကယ် လိုအပ်ချက်ဟူသော အကြောင်းတရားထက် ကံအားလျော်စွာ ရရှိခဲ့သည့် အခွင့်အရေးကြောင့် ရရှိခဲ့သည့် ရွေးကောက်ပွဲ အနိုင်မှာလည်း ခိုင်မာလှသည်တော့ မဟုတ်ပေ။ ရလဒ်အနေဖြင့် ပွင့်လင်းမြင်သာသော ဆောင်ရွက်မှုမှာ အလွန်နည်းပါးလှသည်။
စစ်တုရင် ကစားသမားများ တစ်ကိုယ်ကောင်း ဆန်လှကြောင်း သိကြပြီး ဖြစ်သည်။ မကြာခဏဆိုသလို ၎င်းတို့နှင့်ထိုက်တန်ရာ စစ်တုရင်အဖွဲ့ချုပ်များ၏ ဦးဆောင်မှုကို ခံယူနေကြရသည်။ သို့သော် မိဘများအတွက်မှာမူ ၎င်းတို့၏ ကလေးများ အကျိုးသည်သာ ပထမဦးဆုံးနှင့် အရေးအကြီးဆုံး နေရာတွင် ရှိလေသည်။ ယနေ့ စင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှာ (ယခင်ကထက်) ပိုမိုကောင်းမွန်စွာ စုစည်း တည်ဆောက်ထားသည့် အဖွဲ့အစည်းတစ်ရပ် မဟုတ်သည်ကတော့ လုံးဝသေချာသည်။
လေ့လာတွေ့ရှိသမျှကို စာရင်းချုပ်ကြည့်လျှင် စင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် အနေဖြင့် လိုက်လျောညီထွေဖြစ်အောင် ပြု ပြင်အသုံးချကာ ရှေ့သို့ ခရီးဆက် တိုးတက်စေရန် ဆောင်ရွက်နိုင်ရေးအတွက် အချက်ငါးချက်ကို တွေ့ရပါသည်။
စင်ကာပူနိုင်ငံ စစ်တုရင်လောကအတွက်
မဟာဗျူဟာနှင့် စီမံချက်
၁။ စစ်တုရင် လောကသားများကို နှစ်ပိုင်း ခွဲခြားနိုင်သည်။
(က) အပျော်တမ်း - ဝါသနာရှင်များ၊ ကလေးများ စသည်ဖြင့် စစ်တုရင်ကို အားလပ်ချိန် အပန်းဖြေခြင်း လှုပ်ရှားဆောင်ရွက်မှု ကစားပွဲတစ်ခုသာဟု မှတ်ယူနေသောသူများ။
(ခ) ပညာရှင်များ - စစ်တုရင်နှင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ထိပ်တန်းကစားသမားများ၊ နည်းပြများ၊ ဒိုင်များ၊ ပြိုင်ပွဲကျင်းပသူများ။
စင်ကာပူနှင့်ပတ်သက်၍ အခြေအနေမှန်ကို သုံးသပ်ခြင်း ပြုရမည်ဆိုပါလျှင် အခြားသော အာဆီယံ နိုင်ငံများနှင့် အာရှနိုင်ငံ အများစု အပါအဝင်ဖြစ်သည့် ကျန်ရှိရာ ကမ္ဘာ့နိုင်ငံ မြောက်မြားစွာကဲ့သို့ ကမ္ဘာ့ထိပ်တန်း စာရင်းဝင် စစ်တုရင် ကစားသမား တစ်ယောက်မျှ မရှိချေ။ ထိပ်တန်းအဆင့် စစ်တုရင်ဆိုသည်မှာလည်း မရှိချေ။
၂။ စစ်တုရင်နှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် သိပ်မသိသော သာမန်လူထု ပရိသတ်၏ စိတ်တွင် စစ်တုရင်နှင့် ပတ်သက်သည့် ကောင်းသောပုံရိပ်များ ထင်ဟပ်စေရန် စစ်တုရင်ကစားနည်း၏ အကျိုးကျေးဇူးများကို လူသိများ စိတ်ဝင်စားလာအောင် ဆောင်ရွက်ကြရပါမည်။ မည်သို့များ လှုပ်ရှားကြပါမည်နည်း။ ကိုယ့်ဘာသာ အဖြေထုတ်ကြည့်ပါ။ အားကစား အောင်မြင်မှုတစ်ရပ်အသွင် စီမံချက် တစ်ရပ် ချမှတ် အကောင်အထည် ဖော်ရန်မလိုပါ။ သို့သော် ငယ်ရွယ်သည့် ပါရမီရှင်တစ်ယောက်၏ ပြောင်မြောက်သော အောင်မြင်မှုကို အထူးပြုပါမည်။ စစ်တုရင် ရလဒ်ဖြစ်ရန် အထူးတလည် မလိုအပ်ပါ။ သို့သော် အမှန်တကယ် ဖြစ်သော စစ်တုရင်ကြောင့် ရရှိသည့် (သို့မဟုတ်) စစ်တုရင်နှင့် နှီးနွှယ်သည့် အောင်မြင်မှုတော့ ဖြစ်ရပါမည်။
၃။ အဆုံးစွန်အားဖြင့် စင်ကာပူ အစိုးရက သူ့လူငယ်များအတွက် မည်သည်ကို အလိုရှိသနည်း စသည်တို့ကို သဘောပေါက် နားလည်ရမည်။ စစ်တုရင်နှင့် နှီးနွှယ်သော ဝါဒဖြန့်မှု သတင်းအချက်အလက်များကား အဘယ်နည်း။
၄။ သို့ဖြစ်ရာကလေးများနှင့် လူငယ်များတွင် မြှုပ်နှံပါ။ အစဉ်အမြဲ သင့်လျော်စွာ သို့တည်းမဟုတ် အကောင်းဆုံး မဆိုနိုင်သည့်တိုင် ဤအမှုကို မည်သို့ ပြုရမည်ဖြစ်ကြောင်း မိဘများ သိကြသည်။ သို့သော် ယခုအခါ အစိုးရ မူဝါဒများနှင့် လျော်ညီစွာ စစ်တုရင် ကစားနည်း၏ ကောင်းကျိုးများကို ညွှန်းဆို အသုံးချကာ လမ်းညွှန်မှု ပြုရန်လိုသည်။
အခွင့်အခါ အားလျော်စွာ ရှားရှားပါးပါး တစ်သက်တာတွင် တစ်ခါ ပေါ်ပေါက် လာသည်ဆိုသော ပြောင်မြောက်သည့် ပါရမီရှင် တစ်ဦးတစ်ယောက်မှလွဲလျှင် ပညာရှင်များ မလိုပါ။ မည်သို့ဆိုစေ ဤသည်မှာ သူ့ဘာသာ ပြေလည်သွားမည့် အထူးပြဿနာ ဖြစ်သည်။
သို့ဖြစ်ရာ လူငယ်များအဖို့ ဘဝတာအတွက် ပိုမိုအရေးကြီးသော အရာများနှင့် အဆင့်မြင့် ပညာရေးအတွက် ပိုမို အာရုံစူးစိုက် ရမည့်အချိန်တွင် စစ်တုရင်ကဏ္ဍမှာ မလွဲမသွေ ရပ်နား အဆုံးသတ်သွားမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အဆင့် စစ်တုရင် စီမံချက်ကို ငယ်ရွယ်စဉ်အတွက် အဓိက ရေးဆွဲ တည်ဆောက်ရပေမည်။   
၅။ စင်ကာပူနိုင်ငံကို တရားဝင် ကိုယ်စားပြု ယှဉ်ပြိုင်ရမည့် အမျိုးသား လက်ရွေးစင် အသင်းတွင် အသက် ၁၆ နှစ်ပတ်လည်ထက် ကြီးသောသူများကို ရွေးချယ်ခြင်း မပြုရန် ဖြစ်သည်။ ခြွင်းချက် အနေဖြင့် ဂရင်းမာစတာ ဖြစ်ပြီးသော အသက် ၂၁ နှစ် မတိုင်မီစံနှုန်း ၂၆၅၀ ရရှိနိုင်သော သူကိုမူ ခွင့်ပြုနိုင်သည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် အရွယ်ရောက်ပြီးသား သက်ကြီးကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းနှင့် ခြားနားမှု ရှိမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် စင်ကာပူမှာ အဓိက စစ်တုရင် ပြိုင်ပွဲကြီးများ ဖြစ်သည့် ကမ္ဘာ့စစ်တုရင် အိုလံပစ်နှင့် အာရှအသင်းလိုက် ပြိုင်ပွဲများတွင် ဆုတံဆိပ် ချိတ်မည် မဟုတ်သောကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ လက်ရွေးစင် စစ်တုရင်သမားများ အသက် ငယ်လေလေ ကောင်းလေလေပင်။ ပိုမိုအရေးပါသော အချက်မှာ ကစားသမားတိုင်းအတွက် ရလဒ်ပေါ် အခြေတည်ကာ ဂုဏ်ပြုသတင်းများ ပေါ်ထွက်လာမည်မှာ အသေအချာဖြစ်သည်။ ဥပမာဆိုပါမည်။ ကလေးငယ်တစ်ဦးက ဂရင်းမာစတာ တစ်ယောက်ကို သရေ ကစားလိုက်သည်ဟု ဆိုပါစို့။ ယနေ့ခေတ် အိုးပင်းပြိုင်ပွဲများနှင့် အသင်းလိုက် ပြိုင်ပွဲများတွင် ဤရလဒ်မှာ မဆန်းပါ။ သို့သော် မီဒီယာနှင့် သာမန် လူထု ပရိသတ်အတွက်မူ မဟာသတင်းကြီး ဖြစ်နေပေလိမ့်မည်။

Most Read

Most Recent