တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟူသည့် အချက်ကို ပယ်ဖျက်ရန် အဆို

တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟူသည့် အချက်ကို ပယ်ဖျက်ရန် အဆို
Published 31 December 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟူသည့် အချက်ကို ပယ်ဖျက်ရန် အဆို တင်သွင်းခဲ့သော်လည်း ‘ဥပဒေနှင့်အညီ’ဟု စာသား ထည့်သွင်းကာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု
နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဒီဇင်ဘာ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။
ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ‘ဥပဒေနှင့်အညီ’ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟူ၍  ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဥပဒေကြမ်းပါ ‘နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရ’ဟူသည့် အချက်ကို ပယ်ဖျက်ရန် ဦးဖေသန်းက အဆိုတင်သွင်းခဲ့သော်လည်း ‘ဥပဒေနှင့်အညီ’ဟု စာသား ထည့်သွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဥပဒေကြမ်းတွင် ယင်းပုဒ်မ ထည့်သွင်း အတည်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒအား တောင်းခံရာ မဲခွဲဆုံးဖြတ်ခြင်း မဟုတ်ဘဲ ကန့်ကွက်သူ ရှိပါသလားဟုသာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌက မေးမြန်းခဲ့သဖြင့် ဦးဖေသန်းတစ်ဦးသာ မတ်တပ်ရပ်ကန့် ကွက်ခဲ့သောကြောင့် ကျန်ကိုယ်စားလှယ်များက သဘောတူသည်ဟုဆိုကာ အတည်ပြုကြောင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အကာအကွယ် ပေးပြီးဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ပါကလည်း မည်သူမဆို အရေးယူရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း သမ္မတတာဝန် ထမ်းဆောင်ခဲ့သူအား အရေးမယူရဟူ၍ မရှိကြောင်း ဦးဖေသန်းက အဆိုတင်သွင်းစဉ် ပြောကြားသည်။
ထို့ကြောင့် ဥပဒေကြမ်းတွင် အဆိုပါပုဒ်မကို ထည့်သွင်း ပြဋ္ဌာန်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၃ ကို ကျော်လွန်ရာ ရောက်နေကြောင်းနှင့် တာဝန်အရ ဥပဒေနှင့်အညီ လုပ်ဆောင်မှုများတွင် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ ရှိခဲ့ပါကလည်း တရားစွဲဆို၍ မရတော့ကြောင်း ဦးဖေသန်းက သတင်းထောက်များကို ဆိုသည်။
‘‘အမှန်ဆို ဒီအချက်ကို ထည့်စရာမလိုဘူး။ ဘာလို့ Highlight လုပ်ထားလဲဆိုရင်  သူ့အမှားတွေကို အကာအကွယ် ပေးချင်လို့။  သူ့ရဲ့အသက်အန္တရာယ်ကို ကာကွယ်ပေးဖို့ပဲ လိုတယ်။ သူ့ရဲ့လုပ်ရပ်ကို အကာအကွယ်  ပေးစရာမလိုဘူး။ လုပ်ဆောင်ချက်ကို အကာအကွယ် ပေးတယ်ဆိုတာ ဒီဥပဒေ မရိုးသားဘူး’’ဟု ဦးဖေသန်းက ပြောကြားသည်။
ထို့အတူ ဥပဒေကြမ်း၏ ရည်ရွယ်ချက်ပါ ‘နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ထိုတာဝန် ထမ်းဆောင်စဉ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့မှုများနှင့် စပ်လျဉ်း၍ အနှောင့်အယှက် ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်နိုင်ရန်’ အချက်ကို ဒေါ်စန္ဒာမင်းက ပယ်ဖျက်ရန် အဆို တင်သွင်းခဲ့သော်လည်း မူလအတိုင်း ထားရှိရန်  လွှတ်တော်က အတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအရ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူအတွက် ကိုယ်ရံတော်တစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာနက  ခန့်အပ် ပေးရမည်ဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူကို လည်းကောင်း၊ ယင်း၏ နေအိမ်နှင့် ပရိဝုဏ်ကို လည်းကောင်း ကာကွယ် စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို သတ်မှတ်ချက်များနှင့် အညီ ဖွဲ့စည်း တာဝန် ပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူသည် လုံခြုံရေး အကာအကွယ်ပေးခြင်းကို နိုင်ငံတော်သမ္မတ ရာထူးသက်တမ်း ကုန်ဆုံးသည့် နေ့ရက်မှစ၍ ခံစားခွင့် ရှိကြောင်းလည်း ဥပဒေကြမ်းအရ သိရသည်။

Most Read

Most Recent