ရန်ကုန်မြို့အတွင်း စည်းကမ်း ချိုးဖောက်သည့် ယာဉ်များ၏ ဓာတ်ပုံများကို Viber မှတစ်ဆင့် ယာဉ်ထိန်းရဲဌာန၏ Online Complaint Centre (OCC) သို့ ဓာတ်ပုံများ ပေးပို့ တိုင်တန်းမှု စတင်ခဲ့သည့် သြဂုတ်လမှ ဒီဇင်ဘာလကုန်အထိ အမှုပေါင်း ၄၇၀၀ကျော် ရှိသည့်အနက် အရေးယူထားသည့်အမှုမှာ ၄၅၀ သာ ရှိသေးကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိရသည်။
“တိုင်ကြားတဲ့အထဲက အမှု ၄၅၀က ဒဏ်ငွေဆောင်ပြီးပြီ။ သူတို့ကို အရေးယူရင် ဒဏ်ငွေသုံးသောင်းကနေ တစ်သိန်းအထိ ဒဏ်ငွေချမှတ်တယ်။ အခုလို Viber ကနေ တိုင်ကြားခံရတဲ့ အမှုတွေထဲမှာ လမ်းပြောင်းပြန်မောင်းတဲ့ အမှုက ပိုများတယ်။ဘာလို့လဲဆိုတော့ သူက တိုင်ရတာ ပိုလွယ်တယ်လေ။ တိုင်တဲ့နေရာမှာ ထင်သာမြင်သာလည်း ရှိတယ်။အဲဒီလို လမ်းပြောင်းပြန်မောင်းတဲ့ အမှုတွေကိုဆိုရင် ကျွန်တော်တို့က ပိုပြီးအရေးယူပါတယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးက အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။
ယင်းသို့ စည်းကမ်း ချိုးဖောက်ကာ မောင်းနှင်သည့် ယာဉ်များအား ဓာတ်ပုံရိုက်ကူး၍ အမှတ်(၂) ယာဉ်ထိန်းရဲဌာန၏ Viber သို့ တိုင်ကြားမှုကို ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်တွင် စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အရေးယူခြင်းခံရသည့် ယာဉ်များအား ၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်၌ အသစ်ထွက်ရှိခဲ့သည့် မော်တော်ယာဉ် ဥပဒေအတိုင်း အရေးယူမည် ဖြစ်ကြောင်း သိရပြီး စက်တင်ဘာ ၇ ရက် မတိုင်မီ တိုင်ကြားခံရသည့် ယာဉ်များကို မူလအရေးယူသည့် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့်သာ အရေးယူသွားမည်ဟု သိရသည်။
စည်းကမ်းပျက် ယာဉ်များ၏ ဓာတ်ပုံများကို Viber မှ ပေးပို့တိုင်တန်းမှု စတင်သည့် သြဂုတ်မှ ဒီဇင်ဘာလကုန်အထိ တိုင်ကြားမှု ၄၇၀၀ ကျော် ရှိသည့်အနက် အရေးယူမှု ၄၅၀ သာရှိ