နိုင်ငံသစ်

နိုင်ငံသစ်
Published 31 December 2015
မောင်ကြည်

(၁)
အဲဒီနိုင်ငံလေးက သေးသေးတာတာနဲ့ ချစ်စရာကောင်းတဲ့ နိုင်ငံလေး။ ကမ္ဘာလှည့် ခရီးသည်တွေဆိုတာ အဲဒီနိုင်ငံကို တစ်ခေါက် ရောက်ပြီးရင် နောက်တစ်ခေါက် ထပ်လာချင် သေးသတဲ့။ ဖော်ရွေတဲ့အပြုံးနဲ့ ရိုးသားတဲ့ အမူအရာတွေဟာ အဲဒီနိုင်ငံသားတွေနဲ့ ပတ်သက်လာရင် သူတို့သဘော အကျဆုံး အချက်တွေပေါ့။
စိမ်းစိုတဲ့ လယ်ကွင်းတွေရယ်၊ သာယာတဲ့ တောတောင်တွေရယ်၊ ရွှေရောင်ဝင်းတဲ့စေတီ ပုထိုးတွေရယ် ပေါများပြည့်လျှံတဲ့ နိုင်ငံကလေးပေါ့။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်တဲ့ နိုင်ငံလေးလို့ သူတို့က မှတ်ချက်ချသတဲ့။
တကယ်တော့ အဲဒီနိုင်ငံကလေးဟာ...။
 
(၂)
သင်ဟာ နိုင်ငံခြားသားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုပါစို့။ အဲဒီနိုင်ငံထဲ အလည်အပတ် ရောက်လာတဲ့အခိုက် မနက်စောစော စာသင်ကျောင်းတွေရှေ့က ဖြတ်လျှောက်ခဲ့မယ်ဆိုရင်...။ အောက်ပါ သီချင်းသံကို ကြားကောင်း ကြားရပါလိမ့်မယ်။
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြေ ဒို့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြေ ဒို့ပြေ ဒို့မြေ ပြည်ထောင်စုအမွေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ
အဲဒီလို ကြားလိုက်ရတဲ့အခါ သင်နဲ့အတူ ပါလာတဲ့ ဂိုက်က သီချင်းရဲ့ အဓိပ္ပာယ်ကို ရှင်းပြကောင်း ပြပါလိမ့်မယ်။ အဲဒီအခါ သင်ဟာ “တရားမျှတခြင်း” နဲ့ “လွတ်လပ်ခြင်း” အကြောင်းကိုဆက်ပြီး အတွေးနယ်ချဲ့ကောင်း ချဲ့မိပါလိမ့်မယ်။ “တရားမျှတခြင်း” နဲ့ “လွတ်လပ်ခြင်း” ဟာ အဲဒီနိုင်ငံလေးရဲ့ သင်္ကေတတွေလားလို့ သင်စဉ်းစား နေပါသလား။
တကယ်တော့ အဲဒီနိုင်ငံကလေးဟာ...။
 
(၃)
တကယ်လို့ သင်က စေ့စပ်သေချာချင်တဲ့ နိုင်ငံခြားသားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ လမ်းကြိုလမ်းကြား ရပ်ကွက်ကြို ရပ်ကွက်ကြားအထိ လျှောက်သွားချင်မိမှာ သေချာပါတယ်။ ပြီးတော့ သင့်ရဲ့ဂိုက်ကလည်း “ငါတို့တော့ အရှက်ကွဲတော့မှာပဲ” လို့ မတွေးဘဲ “သူအမှန်အတိုင်း သိပါစေ” ဆိုတဲ့ စိတ်နဲ့ သင့်ကို လိုလိုချင်ချင် လိုက်ပြဖို့ စိတ်အားထက်သန်ခဲ့မယ် ဆိုရင်တော့ သင်ဟာ အဲဒီနိုင်ငံလေးရဲ့ မှန်ကန်တဲ့ အချက်အလက်တွေကို တိတိကျကျ မျက်ဝါးထင်ထင် မြင်တွေ့ရပါလိမ့်မယ်။
မိုးရာသီ ဆိုရင်တော့ ရွှံ့ဗွက်ထူပြောပြီး နွေဆိုရင် ဖုံတထောင်းထောင်း ထနေတဲ့ လမ်းသွယ်တစ်ခုထဲ ဖြတ်အလျှောက် ဘုံဆိုင်ထဲကနေ ယိုင်တိယိုင်တိုင်နဲ့ ထွက်လာတဲ့ လူတစ်ယောက်က သင့်ပခုံးကို ပွတ်တိုက်သွားကောင်း သွားပါလိမ့်မယ်။ စိတ်မဆိုးပါနဲ့မိတ်ဆွေ။ သူဟာ ကလေးငါးယောက်ရဲ့ မနိုင်ဝန်ကို ထမ်းပိုးထားရတဲ့ ပန်းရန်အလုပ်သမားတစ်ယောက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
တော်တော်လေး သွားမိတဲ့အခါ ဈေးခြင်းတောင်းကို တစ်ဖက်ကဆွဲပြီး နှစ်လုံးထိုးဖို့ ချိုင်းစာရွက်ဝယ်နေတဲ့ အိမ်ရှင်မတစ်ယောက်နဲ့ ပက်ပင်းတိုးကောင်း တိုးပါလိမ့်မယ်။ မအံ့သြပါနဲ့ မိတ်ဆွေ။ လင်တော်မောင်ရဲ့ လုပ်စာနဲ့ မလုံလောက်လို့ ဈေးဖိုးလေးကာ မိအောင်ခမျာ နှစ်လုံးထိုးနေရ ရှာလို့ပါ။
အဲဒီနောက် သင်ဆက်သွားတဲ့အခါ ထမင်းချိုင့်တစ်ဖက်၊ ဖုန်းတစ်ဖက်၊ ဆလင်းဘတ်အိတ် တိုးလိုးတွဲလောင်းနဲ့ ဖယ်ရီကားပေါ် မမီမှာစိုးလို့ ကတိုက်ကရိုက် လမ်းလျှောက်လာတဲ့ ဝန်ထမ်းကောင်မလေး။ စက်ဘီးကယ်ရီပေါ်မှာ ပေါင်မုန့်ဗန်းကြီးတင်ပြီး သီချင်းဆိုကာ အော်ရောင်းနေသူ။ လက်ဖက်ရည်ဆိုင် ရှေ့မှာရပ်ပြီး ဆိုင်ထဲက တီဗွီကို လှမ်းငေးနေတဲ့ ကလေးတစ်သိုက်။ ခေါင်းလောင်း တတင်တင်တီးပြီး အရှိန်နဲ့ နင်းလာတဲ့ ဆိုက်ကားတစ်စီးပေါ်က အမောဖောက်နေတဲ့ လူမမာ။ မြောင်းဖော်ထားတဲ့ မြေစာပုံတွေပေါ်မှာ မောမောနဲ့ ဆေးလိပ်ထိုင်ဖွာနေတဲ့ မြေတူးသမား။ စတဲ့ လူတွေကို သင်ဖြတ်သန်း လာခဲ့ရပါလိမ့်မယ်။ ဒါတွေဟာ အဲဒီနိုင်ငံလေးထဲက အခြေခံ လူတန်းစားတွေ ပါလားလို့ ဂိုက်က ရှင်းမပြပေမယ့် သင်အလိုလို နားလည် သဘောပေါက်သွားမယ် ထင်ပါရဲ့။
တကယ်တော့ အဲဒီအခြေခံ လူတန်းစားတွေဟာ...။
 
(၄)
လမ်းဘေးမှာ သိမ်းဆည်းမယ့်လူ မရှိလို့ ပြန့်ကျဲနေတဲ့ ကြွပ်ကြွပ်အိတ် အမှိုက်တွေကို ကြည့်ပြီး သင်စိတ်ပျက် သွားပါသလား။ ကားမှတ်တိုင်မှာ လိုင်းကားစောင့်ရင်း နာရီတကြည့်ကြည့် လုပ်နေသူတွေကို သင်သနား ကရုဏာ သက်သွားပါသလား။ တစ်ဘီးချင်း လှိမ့်နေတဲ့ ကားတန်းရှည်ကြီးထဲက ကားတစ်စီးစီးပေါ် ထိုင်မိရက်သား ဖြစ်နေလို့ သင့်အချိန်တွေကို နှမြောတသ နေမိပါသလား။ သင့်ဟိုတယ်ဆီကို လမ်းလျှောက် အလာမှာ သင့်ဆီကို စုပြုံတိုးဝှေ့ပြီး လက်ဖြန့်နေတဲ့ ကလေးတစ်သိုက်ကို ကြည့်ပြီး သင်ဝေခွဲမရ ဖြစ်နေပါသလား။
အဲဒါတွေကို မြင်ဖူးရုံ သက်သက်နဲ့တော့ ဒီနိုင်ငံလေးကို တံဆိပ်တစ်ခုခုတပ်ဖို့ မကြိုးစား လိုက်ပါနဲ့လို့ ကြိုပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ သင်တွေ့ဖူးသမျှ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ အရည်အသွေးတွေ၊ ဂုဏ်ထူးဝိသေသတွေ အဲဒီနိုင်ငံလေးထဲမှာ ရှိနေလို့ပါပဲ။ ကျောင်းသားဆိုတိုင်း စာသင်ကျောင်းထဲမှာ ချည်းပဲ ရှိနေမယ်လို့ ထင်ရင်တော့ သင်မှားသွားပါပြီ။ အမှုရင်ဆိုင်နေရဆဲ ကျောင်းသားတွေကို သင်မမြင်ဖူးသေးလို့ ဖြစ်ပါလိမ့်မယ်။ လယ်သမားဆိုတိုင်း မြေပိုင်ဆိုင် လိမ့်မယ်လို့ ထင်မိရင်လည်း သင်လွဲသွားပါပြီ။ မြေသိမ်းခံရတဲ့ လယ်သမားတွေလည်း ဒီနိုင်ငံထဲမှာ ရှိနေလို့ပါပဲ။ နိုင်ငံသားတိုင်း အိုးပိုင်အိမ်ပိုင်တော့ ရှိမှာပဲလို့ တွေးမိရင်လည်း သင်ဟာ ရယ်စရာ ကောင်းသွားပါပြီ။ အိမ်ခြေရာခြေ မဲ့တွေလည်း ဒီနိုင်ငံထဲမှာ မနည်းမနောပါပဲ။
ဘိုးဘွားတွေ ထားရစ်ခဲ့တဲ့ အမွေကို မြေးမြစ်တွေ ပိုင်ဆိုင်ရမှာပဲလို့ သင်တရားသေ မမှတ်လိုက်ပါနဲ့။ တကယ့်လက်တွေ့မှာတော့ အဘိုးရဲ့အမွေကို တခြားလူတွေ ခွဲဝေသုံးစွဲပြီး မြေးမြစ်တွေကတော့ အရိုးအရင်းတောင် မကိုက်ရရှာပါဘူး။ အမြော်အမြင် ရှိတဲ့သူတွေ စိုက်ခဲ့တဲ့ သစ်ပင်တွေဟာ အမြော်အမြင်ပိုရှိတဲ့ သူတွေကြောင့် လဲပြိုခဲ့ရပါလားလို့ သင်အတွေးသစ်တောင် တွေးမိသွားနိုင်ပါတယ်။ ဒါဟာ အဲဒီနိုင်ငံလေးရဲ့ ထူးခြားဝိသေသတွေထဲက အနည်းငယ်မျှသာ ရှိပါသေးတယ်။ တောင်တွေကို ဘယ်လိုအသုံးချရမယ်၊ မြစ်တွေကို ဘယ်လိုစီရင်ရမယ်၊ တောတွေကို ဘယ်လိုခုတ်ထွင်ရမယ် ဆိုတာကို အဲဒီနိုင်ငံသားတွေထက် တခြားနိုင်ငံသားတွေက ပိုပြီး ကျွမ်းကျင်နေသလိုပါပဲ။ သင်ဟာ အဲဒီကျွမ်းကျင်အဆင့် နိုင်ငံခြားသားတွေထဲမှာ မပါဘူး ဆိုရင်တော့ တော်တော်လေး ညံ့သွားပါပြီ။
ပြောရရင် အဲဒီနိုင်ငံလေးထဲကို လေ့လာဖို့ လာသူတွေထက် သိုက်တူးဖို့ လာသူက ပိုပြီးများနေသလားလို့။ ဘနဖူး သိုက်တူးချင်သူတွေနဲ့ သူများတွေတူးဖို့ပါ အားပေးအားမြှောက် လုပ်နေသူတွေကို ဒီနိုင်ငံသားတွေက အမြဲမေတ္တာ ပို့သပါတယ်။ ပြည်သူတွေက သယံဇာတကျိန်စာ သင့်သလို အဲဒီလူတွေကတော့ ပြည်သူ့ကျိန်စာ သင့်နေကြတာပေါ့လေ။
ထားပါတော့ဗျာ။ တကယ်တော့ အဲဒီနိုင်ငံလေးဟာ ချစ်စရာကောင်းတာတော့ အမှန်ပါ။ လူနည်းစုကြောင့် မုန်းစရာ ကောင်းတာတွေကို မပြောတော့ဘူး ဆိုရင်ပေါ့လေ။ ဘယ်လိုလဲမိတ်ဆွေ။ ခင်ဗျား နောက်တစ်ခေါက် လာလည်ချင်ပါ သေးရဲ့လား။
 
(၅)
မကြာခင် ၂၀၁၅ ကုန်ဆုံးတော့မယ်။ ၂၀၁၆ ဟာ ကျွန်တော်တို့အတွက် နှစ်သစ်ပါ။ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ပြည်သူတွေ တစ်ခဲနက် ထောက်ခံအားပေးခဲ့တဲ့ ပါတီကြီး အနိုင်ရသွားတာ တစ်ကမ္ဘာလုံး အသိပါပဲ။ မကြာခင် အစိုးရဟောင်းက အစိုးရသစ်ကို အာဏာလွှဲပြောင်း ပေးရတော့မယ်လေ။ သိပ်မဝေးတော့တဲ့ နှစ်သစ်မှာ ဒီနိုင်ငံလေးဟာ အိမ်သစ်တက်ပွဲ ကျင်းပရပါတော့မယ်။ အဲဒီအိမ်သစ်တက်ပွဲကို ခင်ဗျားလည်း နောက်တစ်ခေါက်လောက် လာရောက်ချီးမြှင့် ပေးစေချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက်တော့ နိုင်ငံသစ် တက်ပွဲပါပဲ။ ပြန်လည်ဆန်းသစ်ရမယ့် နိုင်ငံသစ်ကလေးပေါ့။
နှစ်သစ်ရောက်တိုင်း လူတွေက “နှစ်သစ်မှာ စိတ်သစ်နဲ့ ဘဝသစ်ကို စကြမယ်” လို့ ဆန္ဒ ပြုကြတယ် မဟုတ်လား။ ခုလည်း အဲဒီလိုပဲပေါ့။ ၂၀၁၆ နှစ်သစ်မှာ အစိုးရသစ်၊ စိတ်ဓာတ်အသစ်တွေနဲ့ နိုင်ငံသစ်ကို ထူထောင် နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါရဲ့ဗျာ။

Most Read

Most Recent