၂၀၁၆ နှစ်ဆန်းချိန်မှ နှစ်သစ်အမြင်

၂၀၁၆ နှစ်ဆန်းချိန်မှ နှစ်သစ်အမြင်
Published 31 December 2015
ဒေါက်တာခင်မောင်ညို

ဒီမိုကရေစီကို ကူးပြောင်းမည်
၂၀၁၅ ကို နှုတ်ဆက်ပါသည်။ ၂၀၁၆ ကို ကြိုဆိုပါသည်။ နှစ်ဟောင်းကို နှုတ်ဆက်ကာ နှစ်သစ်ကို ကြိုဆိုကြတာ ကျွန်တော်တို့ နှစ်စဉ်လုပ်ရသည့် အလုပ်များဖြစ်သည်။ စာရေးသူ တစ်ယောက်အနေဖြင့် ဒီလိုအပြောင်းအလဲတွေမှာ ဘာတွေခံစားရလဲ။ စာရေးသူသည်လည်း ပြည်သူတစ်ယောက်ပေပဲမို့ ပြည်သူအများ ခံစားသလို ခံစားကြသည်။ အထူးသဖြင့် ကျွန်တော်သည် သတင်းသမား (Journalist) တစ်ယောက်လည်း ဖြစ်သောကြောင့် တစ်နှစ်တာ အဖြစ်အပျက် အကောင်းအဆိုး အကြောင်းအကျိုးကို ပိုပြီးသတိထားမိသည်။
တကယ်တော့ ၂၀၁၅ ခုနှစ်သည် မြန်မာပြည်တွင် တစ်ကြိမ်ဖူးမျှ မကြုံဖူးသော အပြောင်းအလဲကို တာစူနေပါသည်။ ၂၀၁၅ ခု နှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီက တောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်သို့ ရောက်ရှိလာသည်။ နိုင်ငံတကာကရော ပြည်သူကရော ထောက်ခံသည့် အမျိုးသား ခေါင်းဆောင်သည် လွှတ်တော်ကို သေသေချာချာ သုံးသပ်လေ့လာခွင့် ရခဲ့လေသည်။ စင်စစ် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပြည်ခိုင်ဖြိုးပါတီသည် လုံးဝနီးပါး တပ်မတော်သားများ (ငြိမ်း) ဖြင့် ဖွဲ့စည်းထားသည်။ ထိုသူများအကြားတွင် NLD လွှတ်တော်ကိုယ်စားလှယ် ၄၁ ယောက်က အတွေ့အကြုံ ရှာမှီးရရုံလေးလောက်ဖြင့်သာ ဖြတ်သန်းခဲ့သည်။ ထိုအချိန်တွင် ပြည်ခိုင်ဖြိုးမှ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် ကြိုးစားကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ကလည်း သူတို့ကို ပြန်လည်အသုံးချ သွားခဲ့သည်။ ထို့ကြောင့်လည်း ပြည်ခိုင်ဖြိုးပါတီအတွင်း ထင်ရှားသော အကွဲအပြဲများကို မျက်ဝါးထင်ထင် မြင်တွေ့လာရသည်။ ထို့ကြောင့် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ ခွက်ခွက်လန်အောင် ရှုံးရခြင်းမှာ ပါတီတွင်း မညီညွတ်သောကြောင့်ဟု ဆိုနိုင်လေသည်။ သို့သော် NLD တောင်ပြိုကမ်းပြို မဲနိုင်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးစွမ်းရည်နှင့် ပြည်သူများ၏ အပြောင်းအလဲကို လိုချင်သောကြောင့်ဟု ဆိုနိုင်ပါသည်။
 
အာဏာလွှဲပြောင်းမလား
တကယ်တမ်း မဲအနိုင်ရရှိပြီးသော်လည်း ပြည်သူများက ရာနှုန်းပြည့် စိတ်မချကြသေးပေ။ ဘာကြောင့် စိတ်မချကြသနည်း။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ် နိုင်ခဲ့သည်ကို သတိရနေကြသည်။ ထို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရသည့်အခါ ကိုယ်စားလှယ်လောင်းများသည် တိုင်းပြည်အုပ်ချုပ်ရန် မဟုတ် အခြေခံဥပဒေ ရေးဆွဲရန်သာ ဖြစ်သည်ဟု အာဏာလွှဲပြောင်းပေးရန် ပြောင်ပြောင် တင်းတင်းငြင်းဆိုသည်။ မမှန်မကန် လုပ်ရပ်ကို ကန့်ကွက်သည့်အခါ ကိုယ်စားလှယ်လောင်းများကို ဖမ်းဆီးအရေးယူ ထောင်ချတော့သည်။ ပြီးတော့ ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံခေါ်ယူကာ အခြေခံဥပဒေကို ရေးဆွဲစေသည်။ ၁၅ နှစ်တိတိ ကြာသွားသည်။ ၂၀၀၈ ခုနှစ်တွင်မှ ပြီးစီးသည်။ ထိုဥပဒေသည် အာဏာရှင်များ ဆက်လက် ရှင်သန်ရေးနှင့် သူတို့ကို ကာကွယ်စောင့်ရှောက်ရေးကို အဓိကထားကာ ရေးဆွဲထားသည်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်များ သမ္မတဖြစ်မလာစေရန် အတွက်ကိုလည်း သတိထား ရေးဆွဲထားသော ဥပဒေများ ပါဝင်သည်။ ထို့အပြင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားခြင်း မရှိသော တပ်မတော် ကိုယ်စားလှယ်များတွင် ဗီတိုအာဏာကိုရအောင် လုပ်ဆောင်ထားသည်။ အခြေခံဥပဒေကို တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံးတစ်ယောက် မပါဘဲ မပြင်နိုင်စေရန် ကန့်သတ်ထားသည်။
 
ပြည်သူကိုမျက်နှာမူဖို့
၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD ပါတီသည် အစိုးရဖွဲ့နိုင်သော မဲအရေအတွက်ကို ရပါသည်။ ထို့အတွက် တစ်ကမ္ဘာလုံးက အကြီးအကဲများ လက်ခုပ်သြဘာ ပေးကြသည်။ အစိုးရအသစ် ဖွဲ့စည်းတော့မည်။ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နိုင်တော့မည်ဟု အားလုံးက မျှော်လင့်နေကြသည်။ ထိုမျှော်လင့်ချက်သည် ၂၀၁၆ မျှော်လင့်ချက်ဟု ဆိုနိုင်ပါသည်။
 
လူမှုဒုက္ခ
အာရှတွင် ချမ်းသာသောအဆင့်မှ အဆင်းရဲဆုံးအဆင့် ရောက်သွားသည်ကို အများသတိပြုကြမိပါမည်။ တကယ်တော့ ဆင်းရဲတာကတော့ အတော်ဆိုးသည်။ ဘာမှ မကောင်းပါ။ ကျွန်တော်တို့ပြည်သူ ငါးသန်းကျော်သည် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပြည်ပတွင် အလုပ်လုပ်လျက် ရှိကြသည်။ သူတို့ကို 3D Workers များအဖြစ် နားလည်ကြသည်။ အန္တရာယ်ရှိသော (Dangerous)၊ ခက်ခဲသော (Difficult)၊ ညစ်ပေသော (Dirty) အလုပ်များကို လုပ်ကြရသည်။ ခိုတောင်ကျွန်းတွင် လူသတ်မှုဖြင့် သေဒဏ်ချမှတ် ခံထားရသော မြန်မာလူငယ်နှစ်ဦးသည် အန္တရာယ် ရင်ဆိုင်နေသဖြင့် အများပြည်သူက ကန့်ကွက် နေကြပါသည်။
တစ်ခေတ်က လူကုန်ကူးခံရသောသူများမှာ မိန်းကလေးများသာ ဖြစ်လေ့ရှိသည်။ သို့သော် ယနေ့တွင် ငါးဖမ်းလှေများတွင် အလုပ်လုပ်ဖို့ ရောင်းစားခံရသော မြန်မာလူငယ်များစွာ ရှိသည်ကို လူသားချင်းစာနာသော အဖွဲ့အစည်းများက ဖော်ထုတ်ခဲ့သည်။ ယနေ့တိုင် ထိုသူများကို အစိုးရအချင်းချင်း ညှိနှိုင်းကာ ကယ်ယူနေဆဲဖြစ်သည်။
တစ်ချိန်က သယံဇာတ ပေါများလှသော မြန်မာနိုင်ငံတွင် လူတန်းစားနှစ်ပိုင်း ကွဲသွားပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် “ထားစရာ မရှိအောင် ပေါကြွယ်တဲ့သူနှင့် စားစရာမရှိအောင် ဆင်းရဲတဲ့သူ” ဟူ၍ လူတန်းစားနှစ်ရပ်ကို တွေ့ရပေမည်။ စားစရာ မရှိသူများသည် တစ်ဖက်နိုင်ငံကိုသွားကာ အလုပ်လုပ်ကြသည်။ ထိုနိုင်ငံများတွင် အန္တရာယ်ရှိသော (Dangerous)၊ ခက်ခဲသော (Difficult)၊ ညစ်ပေသော (Dirty) အလုပ်များကို လုပ်လိုသူများ ရှားပါးသည်။ ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားများကို စည်းရုံးကာ ခြိမ်းခြောက်ပြီးခိုင်းသည်။ ခေါင်းပုံဖြတ်သည်။ အမြတ်ထုတ်သည်။ ညှဉ်းပန်းနှိပ်စက်သည်။ နေရာတော်တော်များများတွင် ရွှေ့ပြောင်းလုပ်သားများကို မူးယစ်ဆေးဝါး စွဲအောင်ဖန်တီး၍ သေသည်အထိ ခိုင်းလေတော့သည်။ ရွှေ့ပြောင်းလုပ်သား မိသားစုများ၏ မျက်ရည်ပုံပြင်များကို သတင်းများတွင် နေ့စဉ်လိုလို တွေ့နေရလေသည်။ ၂၀၁၆ တွင် ကျမျက်ရည်ပုံပြင်များ ချုပ်ငြိမ်းစေရန် ကြိုးစားကြရပေမည်။
 
ဖောက်ပြန်သော ဥတုရာသီ
၂၀၁၅ တွင် ရာသီဥတုဖောက်ပြန်သည်။ ကမ္ဘာကြီးပူနွေးလာသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ များပြားလာသောကြောင့် စက်မှုခေတ် မစမီခေတ်ကာလက ယနေ့အထိ အပူချိန် ၀ ဒသမ ၆ ဒီဂရီ တိုးလာသည်ဟု ဆို၏။ ထိုအတွက် အာတိတ်စက်ဝိုင်းက ရေခဲများ စ ပျော်လာသည်။ တရားခံသည်ကား မော်တော်ကားများနှင့် စက်ရုံများကြောင့်ဟု ဆိုသည်။ အထူးသဖြင့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် အဓိကတရား ခံဟုဆိုသည်။ လောလောလတ်လတ်တွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ များစွာရှိသော တရုတ်ပြည် မြို့ကြီးခြောက်မြို့တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်နေပြီး အန္တရာယ် ရှိနေသည်ဟု သတ်မှတ်ကာ ကျောင်းများကို ပိတ်ထားရသည်။
ကမ္ဘာကြီး ပူနွေးလာသည်နှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ ၂၀၀ ခန့်မှ ကိုယ်စားလှယ်များသည် ပါရီမြို့တွင် စည်းဝေးကြသည်။ ထိုအစည်းအဝေးကို COP 21 ဟုခေါ်သည်။ ထင်ရှားသော ခေါင်းဆောင်များဖြစ်သည့် အမေရိကန်သမ္မတ အိုဘားမား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ တရုတ်သမ္မတ ရှီကျင်ပင်း ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့လည်း တက်ရောက်ကြသည်။ သူတို့သည် စိတ်ဝင်တစား မိန့်ခွန်းများပြောကာ အကြံတွေ ပေးကြသည်။
ကြောက်စရာကောင်းသည့် စက်ရုံများကတော့ ကျောက်မီးသွေးသုံး စက်ရုံများဟု သူတို့ဆိုတာကို ကြားရသည်။ ပြည်သူများ ကန့်ကွက်နေသည့်ကြားထဲ မြန်မာပြည်တွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၁ ရုံဆောက်ရန် နားလည်မှုစာချုပ် ၁၁ ခုကို ထိုးထားပြီဖြစ်သည်။ သယံဇာတများကို အလွန်အကျွံ ရောင်းချမှုများ သတိပြုသင့်သည်။ သဘာဝဓာတ်ငွေ့အပြင် ကျောက်စိမ်းများ၊ ကျွန်းသစ်များ၊ သစ်မာများစွာ ရောင်းချကာ သစ်တောတွေ ပြုန်းကုန်တော့သည်။ အထူးသဖြင့် သစ်တောသည် ကမ္ဘာကြီးတွင် လက်ရှိ ပြဿနာ ဖြစ်နေသော ကာဗွန်ဓာတ်ငွေ့ကို စုပ်ယူကာ လူအများ ရှင်သန်စေသည့် အောက်ဆီဂျင် ဓာတ်ငွေ့ကို ထုတ်ပေးရာ ဌာနကြီးဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် သစ်များအလွန်အကျွံ ထုတ်နေမှုသည် ကမ္ဘာ့အနာဂတ်ကို ခြိမ်းခြောက်နေသည်။
 
အလှူရေစက်
တစ်ကမ္ဘာလုံးတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးကာ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း စသည့် ဆိုးကျိုးများကို ခံစားနေရသည်။ မြန်မာပြည်တွင်လည်း စက်တင်ဘာလမှစ၍ ရေကြီးသော တိုင်းနှင့်ပြည်နယ်ပေါင်း ၁၁ ခုခန့်ရှိပြီး သုံးခုမှာ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ရသည်။ စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အလျောက် သဘာဝဘေးဒဏ်ကို ခံရသည့်အခါ နောက်ဆက်တွဲ ပြဿနာများစွာ ပေါ်လာသည်။ ထို့ကြောင့် ပြည်သူများက ရေဘေးကယ်ဆယ်ရေးအတွက် ကူညီထောက်ပံ့မှုများစွာကို ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် မြန်မာလူမျိုးတို့၏ စေတနာပြည့်ဝစွာဖြင့် ဝေမျှသော  ထိုကူညီမှုသည် ကမ္ဘာကပင် အသိအမှတ် ပြုရသည်အထိ ကျော်ကြားခဲ့သည်။
ယနေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တို့တွင် မကြုံစဖူး ထူးကဲသော ရေကြီးမှုကို ကြုံနေရသည်။ ယနေ့ တောင်အမေရိကတိုက် နိုင်ငံများဖြစ်သည့် ဥရုဂွေး၊ အာဂျင်တီးနား တို့တွင်လည်း ရေကြီးလျက်ရှိသည်။ မုန်တိုင်းများတိုက်ခြင်း၊ ရေကြီးခြင်း စသည့် ရာသီဥတု ဖောက်ပြန်မှုသည် အယ်လ်နီညို သက်ရောက်မှု ဟုဆိုသည်။
 
နိဂုံး
သဘာဝတရားကို အန်တု၍မရပါ။ ထို့အတူ လူထုအားကိုလည်း လျှော့တွက်၍မရပါ။ လူထုအားသည် တိုင်းပြည်၏ အင်အားဖြစ်သည်။ ပြည်သူတွေ အမှိုက်ကောက်နေစဉ် လွှတ်တော်တွင် ဆီးသီးဗန်းမှောက် ဆီးသီးကောက်နေသူများ သတိထားသင့်သည်။ ၂၀၁၆ တွင် ခေါင်းဆောင်ကောင်းကို ရပေတော့မည်။ ထိုခေါင်းဆောင်နောက်က ညီညွတ်စွာ လိုက်ကြရမည်။ ပျင်းနေ၍ မဖြစ်ပါ။ ပျင်းနေလျှင် ဖျင်းသွားပေမည်။ အားလုံးကြိုးပမ်းမှ ကမ္ဘာ့အလယ် မျက်နှာမငယ် ရှိလိမ့်မည်။ ဆင်းရဲတွင်းမှ လွတ်ကင်းစေရန် ထိုင်နေ၍တော့ မရ ပါ။ အားလုံးဖေးကူ မကြရပါမည်။ ကျွန်တော်တို့အားလုံး ကြိုးစားကြရမည်။

Most Read

Most Recent