စီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေးရန် လွှတ်တော်ကော်မတီသို့ ဝန်ကြီးဌာနများမှ အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များ လာရောက်ခြင်း မရှိသဖြင့် စိစစ်ရန် အခက်အခဲများ ဖြစ်ပေါ်ကြောင်း အမျိုးသားလွှတ်တော် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများရေးရာ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာ ကော်မတီက ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာသည့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ စီမံကိန်းများ၏ အကျိုးသက်ရောက်မှု အခြေအနေများကို ကွင်းဆင်းလေ့လာရာတွင် စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်များအား လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။ကော်မတီ အနေဖြင့် ဝန်ကြီးဌာနများနှင့် ပတ်သက်ပြီး လိုအပ်ချက်များ ပေါ်ပေါက်ပါက ဖိတ်ကြား တွေ့ဆုံရာတွင် ဝန်ကြီးဌာနများမှ အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များ လာရောက်ဖြေကြား မရှိကြောင်း၊ ထို့အတွက် အခက်အခဲများစွာ ကြုံတွေ့ရကြောင်း၊ ဌာနဆိုင်ရာ အကြီးအမှူး အဆင့်ထက် မနိမ့်သည့် ပုဂ္ဂိုလ်များ လာရောက်ဖြေကြားသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့ပြင် နောက်လာမည့် လွှတ်တော်များတွင် ထိုကဲ့သို့ မဖြစ်စေရန်အတွက် ဝန်ကြီးဌာနများ လိုက်နာဆောင်ရွက်ရန် စီမံဆောင်ရွက်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။ကမ္ဘာ့နိုင်ငံ အချို့နှင့် အာဆီယံနိုင်ငံများတွင် လူမှုစီးပွား စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ အစိုးရများက ယင်းစီမံကိန်းများနှင့် ပတ်သက်ပြီး ဖြစ်ထွန်းလာမည့် လိုအပ်ချက်များအား ကြိုတင်ပြင်ဆင်ခြင်း အဆင့်မှ အကောင်အထည်ဖော် ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီး အဆင့်များထိ စီးပွားရေးရာ တွက်ခြေကိုက်မှု၊ လူမှုနှင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများအပေါ် ဆန်းစစ်ချက်များ၊ ကုန်ကျမည့် စီမံကိန်း ခန့်မှန်းခြေ စာရင်းများအား လွှတ်တော်ရေးရာ ကော်မတီ ရှေ့မှောက်တွင် ဝေဖန်ဆွေးနွေး ညှိနှိုင်းစစ်ဆေးခံပြီးမှသာ ဆောင်ရွက်သည့်နည်းကို ကျင့်သုံးကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ထိုကဲ့သို့ ကျင့်သုံးသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အစီရင်ခံစာတွင် နိုင်ငံတော်၏ စီမံကိန်းများအား နှစ်တို၊ နှစ်ရှည်အဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများက လွှတ်တော်ရေးရာ ကော်မတီများထံသို့ ဦးစွာ တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းများ အကျေအလည် သဘောတူညီချက် ရယူကာ အကောင်အထည်ဖော်မည့် ဘဏ္ဍာနှစ်အလိုက် လိုအပ်ဘဏ္ဍာရန်ပုံငွေနှင့် ပြည်တွင်း ပြည်ပ ပံ့ပိုးပစ္စည်းများကို အာမခံနိုင်သော အခြေအနေမျိုး ဖြစ်သင့်ကြောင်း၊ အနာဂတ် လွှတ်တော်များသည် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အထူးစဉ်းစား ဆောင်ရွက်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။စီမံကိန်းများအား ကွင်းဆင်းလေ့လာရာတွင် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်မည့် ဖွံ့ဖြိုးမှု စီမံကိန်းများသည် နိုင်ငံတော်အတွက် စီးပွားရေး တွက်ခြေကိုက်မှု၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနှင့် ကုစားနိုင်မည့် နည်းလမ်းများ၊ ဘဏ္ဍာနှစ်အလိုက် တောင်းခံရန်ပုံငွေ အသုံးစရိတ်များအတွက် မျှတခြေရှိမှုများကို ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ ကော်မတီများ၏ လေ့လာစိစစ်ချက်၊ အကြံပြုချက်များအား ပိုမိုထိရောက် အောင်မြင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု ရှိရန်နှင့် ဖြည့်ဆည်းအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာ ကော်မတီ၏ လုပ်ငန်းတာဝန်များ အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံတော်ဖွံ့ဖြိုးမှု စီမံကိန်းများကို ဘဏ္ဍာနှစ်အလိုက် နှစ်တို/နှစ်ရှည် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သင့်လျော်သော ကာလအပိုင်းအခြားအတွင်း လုပ်ငန်းတိုးတက်မှု အခြေအနေ တင်ပြချက်များအပေါ် စိစစ်သုံးသပ်ခြင်းနှင့် စီမံကိန်းများ၏ အကျိုးသက်ရောက်မှု အခြေအနေများကို စိစစ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းဒေသဆိုင်ရာ အဖွဲ့အစည်းများ ညှိနှိုင်းဆက်စပ် ပူးပေါင်းအကောင်အထည်ဖော်နေသည့် လူမှုစီးပွားဖွံ့ဖြိုးမှုစီမံကိန်း အခြေအနေများကို စိစစ်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ အကျိုးသက်ရောက်မှု အခြေအနေများကို စိစစ်သုံးသပ် အကြံပြုခြင်းများကို ဆောင်ရွက်ရန်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေးရန် လွှတ်တော်ကော်မတီသို့ ဝန်ကြီးဌာနများမှ အဆုံးအဖြတ် ပေးနိုင်သည့် ပုဂ္ဂိုလ်များ လာရောက်ခြင်း မရှိ၍ စိစစ်ရန် အခက်အခဲများစွာ ဖြစ်ပေါ်ကြောင်း လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း















