နိုင်ငံသားများ၏ ရပိုင်ခွင့်၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် တိုင်ကြားစာများအနက် အမှုတွဲ ၁၃၂ စောင်အား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့က ဖြေရှင်းပေးခြင်း မရှိသေးကြောင်း လွှတ်တော်ကော်မတီ၏ အစီရင်ခံစာတွင်

နိုင်ငံသားများ၏ ရပိုင်ခွင့်၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် တိုင်ကြားစာများအနက် အမှုတွဲ ၁၃၂ စောင်အား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့က ဖြေရှင်းပေးခြင်း မရှိသေးကြောင်း လွှတ်တော်ကော်မတီ၏ အစီရင်ခံစာတွင်
Published 30 December 2015
စိုးမင်းထိုက်

နိုင်ငံသားများ၏ ရပိုင်ခွင့်၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် တိုင်ကြားစာများအား ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့က အမှုတွဲပေါင်း ၁၃၂ စောင်အား ဖြေရှင်းပေးခြင်း မရှိသေးဘဲ ကျန်ရှိနေကြောင်း အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက ၂၀၁၁ ခုနှစ် သြဂုတ်မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ကော်မတီသို့ တိုင်ကြားလာသည့် တိုင်ကြားစာများအား ဖြေရှင်းပေးမှု အခြေအနေများအား လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။၂၀၁၁ ခုနှစ် သြဂုတ်မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ကော်မတီသို့ တိုင်ကြားစာပေါင်း ၁၃၄၉ စောင် ရောက်ရှိခဲ့ကြောင်း၊ တိုင်ကြားစာ ၂၄၄ စောင်အား စိစစ်ပြီး အမှန်တကယ် နစ်နာမှုရှိသည့် အမှုတွဲ ၁၇၀ အား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ပေးပို့ကာ နိုင်ငံသားများ၏ နစ်နာဆုံးရှုံးမှုများအား ဖြေရှင်းပြန်ကြားပေးရန် ပေးပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ ကာလအတွင်းတွင် ကော်မတီ အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ အမှုတွဲ ၁၇၀ ပေးပို့ရာတွင် တိုင်ကြားစာ အမှုတွဲ ၁၃၂ စောင် ကျန်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အမျိုးသား လွှတ်တော်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တရားလွှတ်တော်ရှေ့နေကိစ္စ ငါးစောင်၊ တရားရုံးကိစ္စ ၁၅ စောင်ပေးပို့ရာတွင် အမှုတွဲ ၁၈ ခုအား ဖြေရှင်းပြီးဟု ပြန်ကြားလာကြောင်း အစီရင်ခံစာအရ သိရသည်။ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ပေးပို့ထားသည့် အမှုတွဲပေါင်း ၁၅၀ တွင် အိမ်ခြံမြေ၊ လယ်ယာမြေ၊ ပုဂ္ဂိုလ်ရေး တင်ပြစာ၊ တရားရုံး၊ ပညာရေး၊ ပြည်ထဲရေး၊ သာသနာရေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ကိစ္စများနှင့် ပတ်သက်သည့် တိုင်ကြားစာများအနက် အမှုတွဲပေါင်း ၂၀ သာ အကြောင်းပြန်ကြားခဲ့ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ကော်မတီဝင် ဦးမနားနိုင်းက “ဖြေရှင်းပေးခြင်း မရှိသေးတဲ့ တိုင်ကြားစာတွေကို အစိုးရအဖွဲ့ အနေနဲ့ လက်ကျန်သက်တမ်းမှာ အရေးတစိုက် လုပ်မယ်ဆိုရင်တော့ ပြီးစီးနိုင်ပါတယ်။ အဲဒီလို လုပ်မယ်လို့လည်း ယူဆပါတယ်။ တိုင်ကြားလာတဲ့ အထဲမှာ တရားရုံးနဲ့ ပတ်သက်လာရင်တော့ တရားစီရင်ရေး မမျှတဲ့ အနေအထားကို တိုင်တာတွေ ပါဝင်တယ်” ဟု ပြောကြားသည်။ယင်းကဲ့သို့ ဖြေရှင်းပြန်ကြားပေးရန် ကျန်ရှိသည့် အမှုတွဲများနှင့် စပ်လျဉ်း၍ နောက်လွှတ်တော် သက်တမ်းတွင် ဆက်လက် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

Most Read

Most Recent