နေပြည်တော်လေဆိပ်အား အရှုံးပေါ်မှုကြောင့်ဟုဆိုကာ အေးရှားဝေါလ်ကုမ္ပဏီမှ ပြန်အပ်မှုကို နိုင်ငံတော်က လက်ခံပြီး အေးရှားဝေါလ်၏ ကြွေးမြီများအားလုံး ပေးဆပ်မည်ဟု သိရ

နေပြည်တော်လေဆိပ်အား အရှုံးပေါ်မှုကြောင့်ဟုဆိုကာ အေးရှားဝေါလ်ကုမ္ပဏီမှ ပြန်အပ်မှုကို နိုင်ငံတော်က လက်ခံပြီး အေးရှားဝေါလ်၏ ကြွေးမြီများအားလုံး ပေးဆပ်မည်ဟု သိရ
Published 30 December 2015
ရွှန်းလဲ့ဝင်း

နေပြည်တော်လေဆိပ်အား အရှုံးပေါ်မှုကြောင့်ဟုဆိုကာ အေးရှားဝေါလ်ကုမ္ပဏီမှ ပြန်အပ်မှုကို နိုင်ငံတော်က လက်ခံခဲ့ပြီး၂၀၁၆ ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် ပြန်လည်လွဲှပြောင်းရယူသည့် စာချုပ်အား ချုပ်ဆိုသွားမည်ဟု သတင်းရရှိပါသည်။
 
နေပြည်တော်လေဆိပ်အား နိုင်ငံတကာလေကြောင်းလိုင်းအများစု ဆင်းသက်မှုမရှိခြင်းကြောင့် နိုင်ငံပိုင်အဖြစ် ပြန်အပ်ရန် အေးရှားဝေါလ်ကုမ္ပဏီလက်အောက်ရှိ Pioneer Aerodrome Services Co.ltd မှ ၂၀၁၃ ခုနှစ်ကတည်းက တောင်းဆိုခဲ့ခြင်း ဖြစ်ကာ၊ အဆိုပါအချက်အား လက်ခံပြီး နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူရန်မှာ ဆွေးနွေးနေဆဲဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။
 
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနတွင် အပြီးသတ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး နေပြည်တော်လေဆိပ်အား အေးရှားဝေါလ်ကုမ္ပဏီမှ ပြန်အပ်မှုကို နိုင်ငံတော်က လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် ပြန်လည်လွဲှပြောင်းရယူသည့် စာချုပ်အား ချုပ်ဆိုသွားမည်ဟု သိရသည်။
 
ယင်းကဲ့သို့ နေပြည်တော်လေဆိပ်အား အစိုးရမှ ပြန်လည်လွဲှပြောင်း လက်ခံခဲ့သော်လည်း လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကို Pioneer Aerodrome Services Co.ltd မှ ဆက်လက်တာဝန်ယူရန် စာချုပ်ပြန်လည် ချုပ်ဆိုသွားမည်ဟု သိရသည်။
 
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Buyers Credit (ဝယ်သူချေးငွေစနစ်)ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China  တို့မှ Loan Aggrement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်းလုပ်ငန်း အဆင့်(၁)အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
 
နေပြည်တော်လေဆိပ် အဆောက်အအုံ  (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန် ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများကို အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.ltd မှ တာဝန်ယူ ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။
 
ပို့ဆောင်ရေးဝန်ကြီးဌာနသည် နေပြည်တော်လေဆိပ်အား Pioneer Aerodrome Services Co.ltd သို့ BOT စနစ်ဖြင့် ပထမအကြိမ် နှစ် ၃၀၊ ဒုတိယအကြိမ် နှစ် ၃၀၊ ငါးနှစ် သက်တမ်းတိုးခွင့် သုံးကြိမ် စုစုပေါင်း ၇၅ နှစ်တိတိ လုပ်ကိုင်ခွင့်ပြုရန် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
 
အေးရှားဝေါလ် ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအဆင့် (၁)အား တည်ဆောက်ခဲ့ပြီး၊ ထပ်မံတည်ဆောက်ရမည့် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်ရှိ ကိုင်တွယ်ဆောင်ရွက်နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်မှာ နိုင်တံတကာလေကြောင်းလိုင်းများ ဆင်းသက်မှုမရှိပါက ဆက်လက်အရှုံးပေါ်မည်ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်အဖြစ် ပြန်လည်အပ်နှံရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ယင်းကဲ့သို့ နေပြည်တော်လေဆိပ်အား နိုင်ငံတော်မှ ပြန်လည်လွဲှပြောင်းရယူခဲ့ခြင်းကြောင့် Pioneer Aerodrome Services Co.ltd က ပေးအပ်ရန် ကျန်ရှိနေသည့် ကြွေးမြီများအားလုံးကို နိုင်ငံတော်မှ ပေးဆပ်သွားရတော့မည် ဖြစ်သည်။
 
အေးရှားဝေါလ်ကုမ္ပဏီလက်အောက်ရှိ  Pioneer Aerodrome Services Co.ltd သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများသာမက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားသည်။
 
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ခဲ့မှုနှင့်ပတ်သက်ပြီးနောက် အစိုးရလက်ထက်တွင် ပြန်လည်စစ်ဆေးစေသင့်ကြောင်းလည်း သိရသည်။
 

Most Read

Most Recent