ပြုပလေကြောက်တတ်တဲ့ အမျိုးပေမို့ ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့

ပြုပလေကြောက်တတ်တဲ့ အမျိုးပေမို့ ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့
Published 30 December 2015
မောင်ကမ္ဘာ

သမ်မဒဂျီးခံဗျား..ဟဲဟဲ..မြန်မာပုဆိန်ရိုး စင်တာက စားကြွင်းစားလေးတွေ အရိုအသေ ပေးတာကို စိတ်ကူးယဉ်ကြည့်တာလေ။ ကျွန်တော်သာ သမ်မဒဂျီး ဖြစ်ခဲ့ရင်ပေါ့ “စိတ်ကူးလေးပါပဲ _ _ အိပ်မက်လေးပါပဲ” ဘာလို့လည်း ဆိုတော့ ပြည်သူ့ အသဲကျော် ‘လေဒီကြီး’ ကို သမ္မတ မဖြစ်နိုင်အောင် ခြေ/ဥ ၅၉(စ) ဆိုသဟာကြီးနဲ့ စည်းတားထားတာလေ။ ဘယ်သူမှ မခန့်ရင်လဲ ကိုယ့်ဘာသာ ပြန်ခန့်ရင် ရသဟာ မှုတ်လား။ ဟော..စစ်အာဏာရှင် စနစ်ရဲ့ ခေါင်းကိုင် ဖခင်ကြီး၊ ဒယ်ဒီကြီး၊ တယ်တယ်ကြီး ဗိုလ်ချုပ်ကြီး နေဝင်းကို ကြည့်၊ ၁၉၆၂ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ဖြုတ်ချပြီး အာဏာသိမ်း.သိမ်း..အဲ.. ကယ်တင်တာနော်။ ပြည်ထောင်စုကြီး ပြိုကွဲမှာ စိုးလို့ (ကယ်တင်ပြီး..၂၆ နှစ်ကြာတော့ ကမ္ဘာ့ဖွတ်မွဲ ထိပ်ခေါင် စာရင်းဝင်သွားရှာ)။ အဲ ၁၉၇၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်းက ပြည်သူ့ထံ ပြန်အာဏာအပ်လိုက်တာ.. သမ္မတကြီး ဦးနေဝင်း ဖြစ်သွားတယ်။ နအဖ အစိုးရတုန်းက ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး သိန်းစိန်က ၂၀၁၁ ကျတော့ သမ္မတကြီး ဦးသိန်းစိန် ဖြစ်လာပြန်ရော။သမ်မဒ ဖြစ်ချင်လို့..လေဒီကြီးနား သွား ခစားမလို့ ကြံပါတယ်။ ခရိုနီ..ခရိုပြာတွေက ကိုယ့်အရင် ရှေ့က ရောက်နေလို့ မတိုးနိုင်ခဲ့ဘူး။ ဘယ်ရမလဲ ဒင်းတို့များ လေဒီကြီးက လက်ခံပါလိမ့်မယ်။ အဲသလို သမ်မဒ အရူးထနေပါတယ် ဆိုမှ သမ္မတ လုံခြုံရေးအတွက် ဆိုပြီး ဥပဒေကြမ်း တစ်ခု ထွက်သတဲ့။ သမ္မတ ဘာလုပ်လုပ် အပြစ် မရှိဘူးတဲ့။ ဟာ..ပွနှာပဲဟေ့။ ကိုယ်ရံတော်တွေလည်း ထားနိုင်သတဲ့။ မောင်ကမ္ဘာကတော့..ဇွန်သဉ္ဇာနဲ့ မိုင်လေဆိုင်းရပ်စ်ကို ကိုယ်ရံတော် ခန့်ဦးမှာ။ သွားလေရာ ခေါ်သွားဦးမှာ။ ရွေးကောက်ပွဲကျရင် မောင်ကမ္ဘာပုံနဲ့ ဇွန်သဉ္ဇာပုံ တွဲပြီး မဲဆွယ်ဦးမှာ။ ပြီးတော့ ဟို..အကြံပေးဆိုတဲ့ ငတိတွေ ဖြုတ်ပစ်မယ်။ ဘယ်နှယ့်ဗျာ မီးမလာရင် ဖယောင်းတိုင် ထွန်းပေါ့တဲ့။ ဒါများ နင်ပြောမှလား၊ ပြီးတော့ မဟုတ်က ဟုတ်က အကြံဆိုးတွေနဲ့ ဖားတာပဲ တတ်တဲ့ မြန်မာပုဆိန်ရိုးစင်တာက ကောင်တွေ အကုန်ဖြုတ်မယ်။ ဒါဆိုရင် ဝန် အတော်ပေါ့သွားပြီး။ သူတို့အတွက် ရတဲ့ ဒေါ်လာတွေက နည်းတာမှ မဟုတ်တာ။ဒါနဲ့ မောင်ကမ္ဘာက ငယ်သူငယ်ချင်း ‘အမိန့်တော်ရမင်း’ ဗိုလ်ပုချိုနဲ့ မေးကြည့်တယ်။ သူနဲ့က ငယ်ငယ်တုံးက ကျောင်းနေဖက်၊ ကြီးတော့ ‘ကာရာအိုကေ’ သွားဖက်။ ဟဲဟဲ.. အနုပညာ ချစ်မြတ်နိုးလို့ပါ။ တရားစခန်းတော့ ..မသွားဖြစ်ဘူး။ နှစ်ယောက်လုံးက တရားဆိုတာ စခန်းမှာ ရှိတာ မဟုတ်ဘဲ ကိုယ်ထဲမှာ ရှိတာလို့ ယုံကြည်တယ်လေ။ တရားရှာ ကိုယ်မှာတွေ့ ဆိုသမို့လား။ ဒါပေမဲ့ ဒီတစ်ချီ ကျတော့ ဗိုလ်ပုချိုက မောင်ကမ္ဘာနဲ့ သဘောမတူဘူးဗျ။ “မဟုတ်ဘူးကွ..သယ်ရင်းရ၊ နိုင်ငံတကာမှာ သမ္မတကို လုံခြုံရေး ကာကွယ်တာတွေ၊ ထောက်ပံ့ကြေး ပေးတာတော့ ရှိတယ်။ ဒါပေမဲ့ သမ္မတ ဘာလုပ်လုပ် အပြစ်မရှိဘူး ဆိုရင် အာဏာရှင်တွေ ဖြစ်ကုန်မှာပေါ့” တဲ့ဗျ။အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ဝါးတားဂိတ် အဆောက်အုံကြီးမှာ ရှိတဲ့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ အမျိုးသား ကော်မတီ ရုံးခန်းကို သမ္မတ နစ်ဆင်ရဲ့အမိန့်နဲ့ လက်အောက် အစိုးရ ဝန်ထမ်းတွေက ၁၉၇၂ မှာ ဖောက်ထွင်း ခိုးဝင်ခဲ့ကြတယ်။ နစ်ဆန်ဆိုတာ ၃၇ ဦးမြောက် အမေရိကန် သမ္မတပေါ့။ အဲဒီ ကိစ္စကြီး ခိုးထုပ်ခိုးထည်နဲ့ မိပြီး ဘူးပေါ်သလို ပေါ်ပါလေရော။ အဲသမှာ အမေရိကန် တရားလွှတ်တော်ချုပ်က သမ္မတ အိမ်တော်က မှတ်တမ်းတင်ထားတဲ့ အသံသွင်း ကြိုးခွေတွေ လွှတ်တော်တင်စေလို့ အမိန့်ချတယ်။ ဟီ..ဟိ မောင်ကမ္ဘာတို့ ဆီကနဲ့များ ကွာပါ့။ ဒီကိစ္စကြီးကို သတင်းသမား နှစ်ယောက်က ‘သမ္မတနှင့် သူ့လူများ’ (The President and His man) ဆိုတဲ့ စာအုပ် ထုတ်ဖွင့်ချလိုက်တော့ ပွစိ ပွစိ ဖြစ်ရာကနေ ပွိစ..ပွိစ ဖြစ်သွားပါလေရော။ သမ္မတ နစ်ဆင်ဟာ ၁၉၇၄ သြဂုတ်လ ၉ ရက်မှာ အိမ်ဖြူတော်က ကျောကော့ပြီး ထွက်ရသတဲ့။ အဲဒီမှာ သမ္မတဆိုပြီး ကင်းလွတ်ခွင့် မရဘူးတဲ့။ အရေးယူမလို့ လုပ်နေတုန်း နောက်တက်တဲ့ သမ္မတ ‘ဖို့ဒ်’ က နစ်ဆန်ကို လွတ်ငြိမ်းခွင့် ပေးလိုက်ရသတဲ့။ဒါလေများ..ဝါဆေးစား။ ဒါကြောင့်မို့ မောင်ကမ္ဘာတို့ တိုင်းပြည်က အမြော်အမြင် အင်မတန်ကြီးတဲ့ ပြင်ညာယှိ ခေါင်းစောင်းကြီး..အဲ အဲ ခေါင်းဆောင်ကြီးတွေက ‘စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ’ လို့ ပြောတာပေါ့။ ကြည့်စမ်း အမေဒစ်ကန်တွေဟာ စည်းကမ်း မရှိလို့ပေါ။ ရာရာစစ သမ္မတကို ရှုတ်ချ ပြစ်တင်သလေး ဘာလေးနဲ့။ ဟင်း..ဒီကောင်တွေ ငြိမ်းစုစီ ပုဒ်မ-၁၈ တို့ ၅၀၅(ခ)တို့ မတွေ့ဖူးသေးလို့ပါ။ လက်ပတ်နီတွေနဲ့ လွှတ်ပြီး အရိုက်ခိုင်းလိုက်ရင် တစ်ခါတည်း ဝပ်သွားမယ်။ မောင်ကမ္ဘာတို့ နိုင်ငံမှာလည်း ရှိသေးတယ်။ စွာကျယ် စွာကျယ် လုပ်နေတဲ့ ကောင်တွေ ဘာတဲ့ ‘ရှေ့နေ ကုန်းယက်’ ဆိုလား ကွန်ရက်ဆိုလား။ ‘စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ’ ကို ‘နားထင် သေနတ်တေ့ ဒီမိုကရေစီ’ လို့ ပြောပြောနေတာလေ။ ဘာမှန်းညာမှန်းဖြင့် နားမလည်ဘဲနဲ့ မင်းရို့ အင်တန် အထင်ကြီးတဲ့ အမေဒစ်ကန်ပြည်ကို ငါတို့ ‘ခေါင်းစောင်းကြီး’ အဲ ‘ခေါင်းဆောင်ကြီး’ တွေလွှတ် ကယ်တင်ခိုင်းရမလား.. ‘ဖုန်းဆက်လိုက်ရမလား’။ ဟင် ၁၀ နှစ်အတွင်း ငမွဲစာရင်း မဝင်တော့ ပြောချင်တိုင်းပြောတော့။ငါတို့ သမ္မတကြီး ဦးသိန်းစိန်က ဘယ်လောက် ရိုးရှင်းသလဲ။ ဟော သမ္မတ မလုပ်တော့ရင် မုန့်ဟင်းခါး ရောင်းမှာတဲ့။ ခု ကြက်သွန်နီတွေ ဈေးတက်နေတာ ဒါကြောင့် ထင်ပါရဲ့။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးခဲ့တာလည်း ကျေးဇူးတင်ပါ့။ ဟေ့..ကျေးဇူးကန်းတဲ့ ‘ရှေ့နေကုန်းယက်’ က ကောင်တွေ. . နင်တို့ ပြောဆိုလုပ်ကိုင် နေတာတွေဟာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်ကဆိုရင် ထောက်လှမ်းရေးမှာ နင်တို့ တောက်တောက်စင်းခံရလို့ သုံးခါပြန် သေပြီးပြီမှတ်။ သမ္မတကြီးက သဘောထား ပြည့်ဝလွန်းလို့ ဒီမိုကရေစီ ခေတ်ပြောင်းဖို့မို့ မင်းတို့ကို လမ်းဖွင့်ပေးနေတာ။ သဘောမပေါက်ရင် ကျောပေါက်သွားမယ်။လုပ်ကိုင် ဆောင်ရွက်ခဲ့တာတွေ ပြန်ကြည့်၊ နင်တို့ ပြည်သူဆိုတဲ့ အကောင်တွေကို ဘယ်သူကများ အရေးအရာလုပ်လို့ “မိဘပြည်သူများ ခင်ဗျား” လို့ ခေါ်ခဲ့ဖူးသလဲ။ အဲ..အိမ်တွေ လယ်တွေ ဘူဒိုဇာနဲ့ ထိုးရတာကတော့ တာဝန်အရ မချိတင်ကဲ လုပ်ရတာပါ..နော်.နော်.လို့။ တစ်ခါလာ ကိုပါကြီး..တစ်ခါလာ ဒေါ်ခင်ဝင်းတဲ့။ ကိုပါကြီးဆိုတာ သူပုန်ဗိုလ်ဟဲ့။ အေး..သူပုန်ဆိုတိုင်း သတ်ပစ်လို့ မရဘူးဆိုတာ နိုင်ငံတော် အစိုးရက သိတာပေါ့။ ခုဟာက ထွက်ပြေးလို့ သေနတ်နဲ့ ပစ်ဖမ်းတာ။ ပစ်တဲ့ ရဲဘော်က ခြေထောက်ပစ်တာ.. သေနတ်မောင်းအဆွဲ ခလုတ်တိုက် ချော်လဲလို့ မေးစေ့မှန်သွားတာကွ။ ဒေါ်ခင်ဝင်းလဲ ရဲတွေ ခြောက်လှန့်ပြီး ကျောက်တုံးပစ်တာ။ ကျည်ဆံက ကင်နယ်ရိုက်ပြီး ဘွားတော်ကြီး ဝင်မှန်သွားတာကွ။ တမင်လုပ်တာ မဟုတ်ဘူး။လက်ပံတောင်း ကိစ္စလည်း သခွပ်ပင်က မီးတကျည်ကျည် လုပ်နေကြတယ်။ ဒါ နိုင်ငံတကာအဆင့် စာချုပ် ချုပ်ထားတာ။ ကလေး ကစားတာ မဟုတ်ဘူး။ လယ်သမားတွေကို ကွန်မြူမြုပ်.အဲကွန်မြူနစ်တွေ မြှောက်ပေးနေတာလေ။ မတော်တဆ မီးစုန်းဖြူဗုံးလေး နည်းနည်းပါးပါး မှားပါသွားတာ။ ဘုန်းကြီး အပါး ၁၀၀ လောက် လောင်မီးကျသွားတာများ ဆင်ဟဝှါ အနာလုပ်ပြောနေကြသေး.. ဒါလေးများ.။လက်ပံတန်း ကျောင်းသားကိစ္စ ဆိုလည်း မိုးပြောချိုးပြောနဲ့။ NNER က ဒေါက်တာ ကျော်သူတို့၊ မင်းသားကြီး ကျော်သူတို့ ဆိုတာ ကွန်မြူမြုပ်..အဲ ကွန်မြူနစ်တွေ ကြည့်ပါလား။ ကားလ်မတ်စ်ဒီဇိုင်းနဲ့။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေး..လွှတ်ပေးဆိုလို့ လွတ်ငြိမ်းခွင့်လည်း ခဏခဏ ပေးနေတာပဲ။ သူခိုးကြမ်းပိုးတွေ နောင်တရပြီး အမျိုးသား ရင်ကြားစေ့ရေး ပါနိုင်အောင် လွှတ်ပေးတာလေ။ ဟော..တင်မြင့်ဆိုရင် လူသတ်ခဲ့တာတောင် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ခါ ပေးလိုက်တော့ ရဲနှစ်ယောက် ဓားနဲ့ ထိုးသတ်လိုက်နိုင်သေး။ ဒါ ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးတာလေ။ သူတို့ လွှတ်ပေးလို့ ကုလားထိုင် မလှုပ်ဘူး။ ဟို လူဆိုးမကြီး ဖြိုးဖြိုးအောင်ဆိုရင် အမေဒစ်ကန် သမ္မတ အိုဘားမားတို့၊ ဘုရှ်တို့နဲ့တောင် သိတာ။ ပြည်ပအားကို ပုဆိန်ရိုး အစစ်တွေပေါ့။ ဘယ်လွှတ်ပေးလို့ ဖြစ်မလဲ။ ခွီး.ခွီး ဒါက မောင်ကမ္ဘာ..သမ်မဒဂျီး ဖြစ်ရင် ပြောဖို့ အစမ်းလေ့ကျင့် ကြည့်နေတာလေ။ဥပဒေပြုမယ့် သူတွေကိုလည်း ပြောချင်ပါတယ်။ သိပ်မစိုးရိမ် ကြပါနဲ့။ မောင်ကမ္ဘာတို့ မြန်မာလူမျိုးတွေက အမှတ်သည်းခြေ မကြီးဘူး။ အလွယ်တကူ ခွင့်လွှတ်တတ်ကြပါတယ်။ ဥပဒေ ဥပဒက် အမျိုးမျိုးနဲ့လည်း ကာကွယ်ထားပြီးသားပါ။နိုင်ငံတော် အကြီးအကဲအဖြစ် နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့ တာဝန်ရှိခဲ့သူကို တစ်သက်လုံး အကာအကွယ် ပေးကြရတာ ကမ္ဘာ့ထုံးစံပါပဲ။ ဒါပေမဲ့ သမ္မတအဖြစ် ဆောင်ရွက်ခဲ့သမျှ အရေးယူခွင့် မရှိဘူး ဆိုရင် ဘယ်လို လုပ်ကြမလဲ။ သမ္မတ အာဏာ သုံးပြီး ထင်ရာ စိုင်းနိုင်တာပေါ့။မောင်ကမ္ဘာတို့ကတော့ ရှင်းတယ်။ သမ္မတကြီးကို အားလုံး ခွင့်လွှတ်တယ်။ နားလည်တယ်။ နို့သော်လဲတဲ့..အဲတဲ့..နောင် သမ္မတ ဖြစ်လာမယ့်သူဟာ ဘယ်သူဘယ်ဝါမှန်း မသိသေးဘဲ ကြိုတင် အာဏာကုန်လွှဲလို့တော့ မဖြစ်ဘူး ထင်တယ်။ တော်ကြာ..ဇော်ဂျီ မရှိတုန်း လိုတရတောင်ဝှေး မျောက်ပေးခဲ့တော့ ငါးတွေ အအေးမိမှာစိုးလို့ ကုန်းပေါ်တင်၊ သစ်ပင်ကိုနုတ်ပြီး အမြစ်ရေလောင်း ပြန်စိုက်တဲ့ ပုဂ္ဂိုလ်မျိုးများ သမ္မတ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ။ ထောက်ပံ့ကြေးလည်း ပေးရမှာပေါ့။ အရပ်ဘက်က ပင်စင်ယူတော့ အရပ်ပင်စင်တဲ့။ တပ်ဘက်က ပင်စင်ယူတော့ တပ်ပင်စင်တဲ့။ ဟော တချို့များ နှစ်သီးစားခင်ဗျ။ အရပ်ပင်စင်ရော တပ်ပင်စင်ရော ယူတော့ ‘ရပ်တပ်’ ပင်စင်တဲ့။ ဟော..ခု ‘အငတ်ပင်စင်’ အဲ..အဲ ‘အမတ်ပင်စင်’ ဆိုပြီး ယူဖို့ ကြံနေကြပြန်ပြီ။ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နီးတုန်းကလည်း ဥပဒေတွေ ဒုန်းစိုင်းပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ကြပြီးပြီ။ ဒရောသောပါး ဆီးသီး စီမံကိန်းတွေလည်း ဇွတ် အကောင်အထည် ဖော်နေကြပြီ။ ခု သမ္မတ ဥပဒေကြမ်းလည်း စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် လုပ်ကြပါဗျာ။ မောင်ကမ္ဘာကတော့ ဇာတ်မင်းသား ဦးဖိုးစိန်ကြီး ငိုချင်းချသလိုသာ ဟစ်လိုက်ချင်တယ်။“ပြုပလေ ကြောက်တတ်တဲ့ အမျိုးပေမို့.. အံမယ်မင်း..ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့... သူ့အမေ..အဲ..အဲ နောက်အပတ် ဆုံကြမယ်နော်.. ဟဲ.ဟဲ”

Most Read

Most Recent