ထိုင်းရောက်လုပ်သားများနှင့် အခက်အခဲများဖြေရှင်းရေး

ထိုင်းရောက်လုပ်သားများနှင့် အခက်အခဲများဖြေရှင်းရေး
Published 30 December 2015
သစ်ထွဋ်

ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်း လုပ်သားများရဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လူပြောများနေတာကတော့ ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး သေဒဏ်ချ မှတ်ခံခဲ့ရတဲ့ မြန်မာနှစ်ဦးရဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း၊ လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး  မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦးကို ကော့စမွီခရိုင် တရားရုံး က လူသတ်မှု၊ မုဒိမ်းမှု အပါအဝင်ပုဒ်မ ခုနစ်ခုတို့အတွက် သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မြန်မာ-ထိုင်း နယ်စပ်မြို့များ အပါအဝင် နယ်မြို့တွေမှာ အမှုနဲ့ ပတ်သက်ပြီး အမှန်တရားကို ဖော်ထုတ်ပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အမှုမှာ မျက်မြင်သက်သေ အတိအကျမရှိမှုနဲ့ DNA စစ်ဆေးရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် သူတို့နှစ်ဦးအပေါ် ချမှတ်လိုက်တဲ့ သေဒဏ်ဟာ ပြင်းထန်လွန်းခဲ့ကြောင်းနဲ့ ပြန်လည်စိစစ်ဖို့ ဆန္ဒထုတ်ဖော်သူတွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ အမှုနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ မြန်မာသံရုံးအထူးအဖွဲ့က တာဝန်ရှိသူတွေကတော့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် အယူခံတက်ဖို့အတွက် အမြန် ဆောင်ရွက်နေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးအတွက် ဆန္ဒထုတ်ဖော်မှုတွေ ဟာ တောင်ကိုရီးယား၊ မလေးရှား၊ဂျပန် အစရှိတဲ့ နိုင်ငံတွေမှာလည်း ဖြစ်ပွားခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုမှုတွေရှိခဲ့ပါတယ်။ ဒီလိုတောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်မှာတော့ ထိုင်းစစ်အစိုးရဝန် ကြီးချုပ်က ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ဖိအားပေးတိုင်း လွှတ်ပေးမှာမဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို လေးစားလိုက်နာဖို့နဲ့ အယူခံဝင်ခွင့်ရှိကြောင်း မီဒီယာတွေကို ပြောကြားခဲ့ကြောင်း နိုင်ငံတကာ သတင်းတွေမှာ ပါရှိခဲ့ပါတယ်။အမျိုးမျိုးသော ဒုက္ခလက်ရှိမှာတော့  လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး  မြန်မာလုပ်သားနှစ်ဦးအပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အပေါ် အယူခံမှုဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ မသိရသေးပေမယ့် ယခုဖြစ်ရပ်ဟာ ထိုင်းနိုင်ငံမှာ ပြဿနာ များစွာနဲ့ ကြုံတွေ့နေကြရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ဘဝများကို လူအများ သတိပြုမိလာစေဖို့ မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ အမှန်တော့ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေများစွာ ရှိနေခဲ့တာ နှစ်ကာလ ကြာရှည်ခဲ့ပြီဖြစ်ပါတယ်။ စားဝတ်နေရေးကြောင့် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေဟာ ထိုင်းနိုင်ငံမှာ အမျိုးမျိုးသော ဒုက္ခတွေကို ခါးစည်း ခံခဲ့ကြရပေမယ့် ကူညီစောင့်ရှောက်ပေးမှုတွေ ရရှိမှု အားနည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ဖော်ပြခဲ့တဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ အခက်အခဲတွေမှာဆိုရင် ဆိုးရွားလှတဲ့ အခြေအနေတွေ ပါရှိခဲ့တာဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်ရဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား သုံးသန်းခန့်ရှိပြီး ၁ ဒသမ ၇ သန်းခန့်ဟာ နိုင်ငံသားစိစစ်ကာ ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီး လေးသိန်းခွဲခန့်မှာ ထိုင်းကထုတ်ပေးတဲ့ ယာယီအလုပ်သမားကဒ် (ပန်းရောင်ကတ်) ရရှိထား ယ်လို့ ပါရှိခဲ့ပါတယ်။ မည်သည့်အထောက် အထားမရှိသူ အနည်းဆုံး ငါးသိန်းခန့်ရှိမယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။အခွင့်အရေးများစွာဆုံးရှုံးဒါ့အပြင် ထိုင်းရောက် မြန်မာလုပ်သားများဟာ အလုပ်သမားအခွင့်အရေးများစွာ ဆုံးရှုံးနေရသလို ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းများတွင် သတ်မှတ်နှုန်းထက် အဆပေါင်းများစွာ ကောက်ခံခြင်း၊ တရားဝင် အလုပ်သမားများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ဗီဇာလုပ်ရာတွင် သတ်မှတ်နှုန်းထက် ပိုကောက်ခံခြင်း၊ ရက် ၉၀ ဧည့်စာရင်းတိုင်ရာတွင် ငွေကောက်ခံခြင်း၊ အထောက်အထားမဲ့ ဖမ်းဆီးခံ မြန်မာလုပ်သားများကို ပြည်နှင်ဒဏ်ပေးရာတွင် မြန်မာအစိုးရထံ မအပ်နှံဘဲ နယ်စပ်ရှိ ပွဲစားများထံ အပ်နှံပြီး ငွေညှစ်ခြင်း၊ ထိုင်းငါးဖမ်းလှေ၊ လိင်ဖျော်ဖြေရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများတွင် လူကုန်ကူးခံရခြင်း စတဲ့ပြဿနာများစွာကိုလည်း ကြုံတွေ့နေကြရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် လူသတ်မှု၊ ပစ္စည်းခိုးမှု စတဲ့ရာဇဝတ်မှုများမှာလည်း စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုရာတွင် အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ ရှေ့နေ၊ စကားပြန် စတဲ့အထောက်အကူများမရဘဲ တရားစီရင်ခံရခြင်း၊ မြန်မာအလုပ်သမားများကို သတ်ခြင်း၊ လုယက်ခြင်း ကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်ခံရခြင်းများစွာလည်း ရှိခဲ့တယ်လို့ပါရှိပါတယ်။သေနတ်ဖြင့်ပစ်ခတ်ခဲ့အမှန်တော့ ထိုင်းရောက် မြန်မာလုပ်သားတွေ ဒီလိုအနိုင်ကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ အခုချိန်ထိဖြစ်နေဆဲပါ။ ဒီလိုဖြစ်ရပ်တွေအပြင် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ထုတ်ပြန်တဲ့အချက်တွေဟာ လက်ရှိမြန်မာရွှေ့ပြောင်းလုပ်သားတွေ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်များနဲ့ ကိုက်ညီပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံက ရော်ဘာခြံတစ်ခြံမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားလေးဦးဟာ ရဖို့ ရှိတဲ့လုပ်ခများ တောင်းယူရာမှာ အလုပ်ရှင်က လုပ်ခမပေးဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့တာမျိုးတွေဟာ လက်ရှိသေဒဏ်ချမှတ်ခံရတဲ့အမှုလို လူသိနည်းပြီး အနိုင်ကျင့်ခံရတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ တကယ်တော့ တရား မဝင် လာရောက်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို နည်းအမျိုးမျိုးနဲ့ အနိုင်ကျင့်မှုတွေဟာ ထိုင်းနိုင်ငံမှာ ယခင်နှစ်များစွာကတည်းက ရှိခဲ့ပါတယ်။ ထိုင်းကစက်ရုံထဲမှာ ပိတ်လှောင်ထားပြီး လစာမပေးဘဲ အနိုင်ကျင့်ခိုင်းစေတာကို ခံခဲ့ရတာ မြန်မာလုပ်သားတွေပါ။ငါးဖမ်းလှေတွေမှာ လုပ်ခမပေးဘဲ ခိုင်းစေပြီး သုံးမရတော့တဲ့အချိန် သတ်ပြီး ရေထဲမျှောခံ ရတာလည်း မြန်မာလုပ်သားတွေပါ။ နယ်စပ်ဂိတ်တွေမှာ နည်းအမျိုးမျိုးနဲ့ ငွေညှစ်ခံရတာဟာလည်း မြန်မာလုပ်သားတွေပါပဲ။ ဒီလိုဒုက္ခမျိုးစုံကို ကြုံတွေ့ခဲ့ကြပေမယ့် မြန်မာလုပ် သားတွေမှာတော့ လောက်လောက်လားလား အားကိုးစရာမရှိခဲ့ပါဘူး။ အလုပ်သမားရေးရာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ နိုင်သလောက် လုပ်ပေးနေကြပေမယ့်လည်း သန်းနဲ့ချီပြီးရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အခက်အခဲတွေရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ဖို့တာဝန်ရှိတဲ့ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအပေါ် ကူညီစောင့်ရှောက်မှုတွေ ယခုထက်ပြုလုပ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ လက်ရှိအစိုးရလက်ထက်မှာ ပြည်ပရောက် နိုင်ငံသားများအရေး ဆောင်ရွက်ရာမှာ အထူးသဖြင့် ထိုင်းနိုင်ငံရောက် နိုင်ငံသားများ အတွက် ဆောင်ရွက်ပေးနိုင်မှုဟာ အားရစရာ မရှိခဲ့တာ အမှန်ဖြစ်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ ထိုင်းရောက်မြန်မာလုပ်သားတွေဟာ အရင်အတိုင်း အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာလည်း အမှန်တရားပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့်အထူးသဖြင့် လာမယ့် အစိုးရသစ်လက်ထက်မှာ ထိုင်းရောက်လုပ်သားများအရေး အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ့် မူဝါဒတွေပေါ်ထွက်လာဖို့လိုသလို ပြည်ပရောက် အလုပ် သမားများအရေးအတွက် နိုင်ငံတကာနဲ့ ဆက်ဆံဆောင်ရွက်ရာမှာလည်း အားကောင်းတဲ့ လုပ်ဆောင်ချက်တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ တကယ့်ဘဝတွေမှာ ဘယ်လိုဖြစ်နေကြသလဲဆိုတာ တိကျတဲ့ သတင်းအချက်အလက်တွေ ရယူဖို့လိုပြီး အခက်ကြုံနေရသူတွေကို တကယ်ကူညီနိုင်ဖို့ အရေးဆောင်ရွက်ပေးကြဖို့ လိုအပ်တာဖြစ်ပါတော့တယ်။

Most Read

Most Recent