မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ပြုလုပ်သည့် ကော်မရှင် အစည်းအဝေးများတွင် ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုစသည့် နိုင်ငံသားနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခုကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇၈၁၇ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နှံ လုပ်ကိုင်လိုသည့် နိုင်ငံသားနှင့် နိုင်ငံခြား လုပ်ငန်းရှင်များ တင်ပြလာသည့် အဆိုပြုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ ကော်မရှင် အစည်းအဝေး စိစစ်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ငန်းများကို စိစစ်ခွင့်ပြုပေးရာတွင် နိုဝင်ဘာလ အတွင်းက ကော်မရှင်အစည်းအဝေး နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းငါးခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ ခွင့်ပြုပေးခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင်မူ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခု၊ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ပထမအကြိမ်ပြုလုပ်သည့် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်တွင် လက်ခစားစနစ်ဖြင့် ဆံပင်တုထုတ်လုပ်ခြင်း လုပ်ငန်းကို နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အဖြစ်လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဆက်သွယ်ရေး အော်ပရေတာနှင့် တာဝါတိုင်များတည် ဆောက်ရေး လုပ်ငန်းကို ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းကို နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် လမ်းခင်းကျောက်နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ခွဲကျောက်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အဖြစ်လည်းကောင်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယအကြိမ်ပြုလုပ်သည့် အစည်းအဝေး၌ ပဲနို့ရည်အမျိုးမျိုးနှင့် ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို စဉ့်ကိုင်မြို့နယ်တွင် လည်းကောင်း၊ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းကို ရွှေပြည်သာမြို့နယ်တွင် လည်းကောင်း၊ ရန်ကုန်စက်မှုဇုန်တွင် လည်းကောင်း၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေတို့တွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ရန်ခွင့်ပြုချက်ကို လည်းကောင်း ချထားပေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ အတွင်း၌မူ ကော်မရှင်အစည်းအဝေး တစ်ကြိမ်ပြုလုပ်ကာ ဟင်းသီးဟင်းရွက်အား အေးခဲထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းကို ဖက်စပ်နိုင်ငံခြား မြှုပ်နှံမှုအဖြစ် လည်းကောင်း၊ စားသောက်ကုန်၊ စိုက်ပျိုးရေး အခြေခံ လယ်ယာထွက် ကုန်သီးနှံများအား သန့်စင်ခြင်း၊ ပြုပြင်ထုတ်ပိုးခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်းနှင့်ငှား ရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းကို နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် လည်းကောင်း၊ ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူပြီး စနစ်တကျပြုပြင် စီမံထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် လည်းကောင်း၊ Industrial Display များ ထုတ်လုပ်ရောင်းချခြင်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် လည်းကောင်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို နိုင်ငံသားရင်း နှီးမြှုပ်နှံမှုအဖြစ် လည်းကောင်း ခွင့်ပြုခဲ့ကြောင်း သိရသည်။
MIC က နှစ်လအတွင်း နိုင်ငံသားနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခု ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇၈၁၇ ခု ဖန်တီးပေးနိုင်ခဲ့ဟုဆို