တာချီလိတ်မြို့နယ်တွင် တရားဝင်လိုင်စင်ရယူ လုပ်ကိုင်နေသည့် ရွှေလုပ်ကွက်ပေါင်း ၆၀ ကျော်ရှိပြီး လုပ်ကွက်ပိတ်သိမ်းပါက ဆောင်ရွက်ရမည့်ကိစ္စ (Mine Close Plan) ကို ပြီးပြတ်အောင် လုပ်ဆောင်ရန် လိုအပ်ဟုဆို

တာချီလိတ်မြို့နယ်တွင် တရားဝင်လိုင်စင်ရယူ လုပ်ကိုင်နေသည့် ရွှေလုပ်ကွက်ပေါင်း ၆၀ ကျော်ရှိပြီး လုပ်ကွက်ပိတ်သိမ်းပါက ဆောင်ရွက်ရမည့်ကိစ္စ (Mine Close Plan) ကို ပြီးပြတ်အောင် လုပ်ဆောင်ရန် လိုအပ်ဟုဆို
Published 29 December 2015

တာချီလိတ်မြို့နယ်တွင် တရားဝင်လိုင်စင်ရယူ လုပ်ကိုင်နေသည့် ရွှေလုပ်ကွက်ပေါင်း ၆၀ ကျော်ရှိပြီး လုပ်ကွက်များ အနေဖြင့် လုပ်ကွက်ပိတ်သိမ်းပါက ဆောင်ရွက်ရမည့်ကိစ္စ (Mine Close Plan) ကို ပြီးပြတ်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောကြားသည်။
သတ္တုတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ရာတွင် တရားဝင်လိုင်စင်ရယူ လုပ်ကိုင်သည့် ကုမ္ပဏီများ ရှိသကဲ့သို့ တရားမဝင် ခိုးတူးသည့်ဖြစ်ရပ်နှင့် လုပ်ကွက်ပိတ်သိမ်းပါက ဆောင်ရွက်ရမည့် ကိစ္စများ ပြီးပြတ်အောင် လုပ်ဆောင်ခြင်း မရှိသဖြင့် တာချီလိတ်မြို့၊ တာလေမြို့နယ်၊ မိုင်းလင်းအရှေ့ ကျေးရွာအုပ်စုရှိ နားဟိုင်းလုံရွာ အနီးတစ်ဝိုက်တွင် မည်သည့်ကုမ္ပဏီကိုမျှ လုပ်ကိုင်ခွင့် ထောက်ခံချက်ပေးမည် မဟုတ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားသည်။
“အဓိကကတော့ ကုမ္ပဏီတွေက တူးပြီးလို့ ပြန်ထွက်သွားတဲ့အခါ ကုမ္ပဏီတွေက Mine Close Plan အတိုင်း မလုပ်ဘူး။ အဲဒီအတွက်ကြောင့် နားဟိုင်းလုံရွာနဲ့ အနီးတစ်ဝိုက်မှာ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကလွဲရင် ဘယ်ကုမ္ပဏီအသစ်ကိုမှ လုပ်ကိုင်ခွင့် ထပ်မချပေးတော့ဘူး။ ပြည်နယ်သစ်တော သတ္တုဝန်ကြီးကိုလည်း တင်ပြပြီးပြီ။ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီက သက်တမ်းထပ်တိုးရင်လည်း သက်ဆိုင်ရာရွာက ရွာသားတွေက  ထောက်ခံရင်တော့ သက်တမ်းတိုးဖို့ ထောက်ခံပေးမယ်။ ရွာသားတွေ သဘောမတူရင်တော့ ဆက်လုပ်ဖို့ ထောက်ခံမပေးပါဘူး” ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောကြားသည်။
သတ္တုတူးဖော်ရေး လုပ်ငန်းများကြောင့် ပျက်စီးခဲ့ရသည့် လယ်ယာမြေများလည်းရှိပြီး ကျေးရွာအလိုက် ပျက်စီးသည့် လယ်မြေများအတွက် စပါးသီးနှံလျော်ကြေးငွေ ပေးလျော်ရသည့် ပမာဏစုစုပေါင်းမှာ သုံးနှစ်အတွင်း ကျပ်သန်း ၂၉၀ ကျော်အထိ ရှိကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
လက်ရှိတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရှိ ဒေသများအနက် တာချီလိတ်မြို့တွင် လုပ်ငန်းလုပ်ကိုင်မှုများပြီး အသေးစား သတ္တုထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
အသေးစား ရွှေလုပ်ကွက် လျှောက်ထားလိုသည့် ကုမ္ပဏီများ အနေဖြင့် လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် သတ္တုတွင်း ဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် အချက်များအပြင် သက်ဆိုင်ရာဒေသမှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ၊ လူများနေထိုင်သော မြို့/ရွာ ဧရိယာများနှင့် လွတ်ကင်းကြောင်း၊ မြို့နယ်ရှေးဟောင်း ဧရိယာ/သာသနာ့နယ်မြေများနှင့် လွတ်ကင်းကြောင်း၊ မြို့/ရွာ စည်ပင်သာယာရေး ဧရိယာ၊ သုသာန်နယ်မြေများနှင့် လွတ်ကင်းကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဧရိယာများနှင့် လွတ်ကင်းကြောင်း၊ မြို့နယ်သစ်တော ဧရိယာများနှင့် လွတ်ကင်းကြောင်း ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ သိရသည်။