မိကွဲ၊ ဖကွဲတို့၏ ရင်ကွဲနာ

မိကွဲ၊ ဖကွဲတို့၏ ရင်ကွဲနာ
Published 29 December 2015
မောင်တင်ဦး (မြောင်းမြ)

ငှက်သားအမိ
ဥမမည် ငှက်ကလေးဟာ အမေ မျှော်ငိုချင်းကို ဆိုနေတာ ၂၄ နာရီ ကျော်လာပြီ။ ခုထိတော့ အရိပ်အယောင်ကို မတွေ့ရသေးဘူး။ အမေ ဘယ်ဆီရောက်နေလဲ။ ငှက်ငယ် တစ်ကောင်ဟာ အမေမရှိဘဲ ဆက်လက် ရှင်သန်ဖို့ မလွယ်ကူဘူး။ အမေ ကျွေးတဲ့အစာ၊ အမေ့ရင်ငွေ့ ခိုလှုံရင်း ငှက်လားမြောက်ရတာ အမေသိမှာပါ။အမေ ထိုနေ့က သားအတွက် အစာရှာဖို့ စောစောထွက်ခဲ့တယ်။ တစာစာ အော်ကျန်ခဲ့တဲ့ ငှက်သားလေးကို ကျွေးမွေးဖို့ အနေနဲ့ပေါ့။ အမေတို့ ငှက်ဘဝက အခြားသတ္တဝါတွေလို နို့တိုက်ကျွေးလို့ ရတာမဟုတ်ဘူး။ သားကို ကျွေးဖို့ အစာကို တကူးတက ရှာရတယ်။ ဝေးလံတဲ့ နေရာက ရလာတဲ့ အစာကိုချီပြီး သားပါးစပ်ထဲကို ခွံ့ပေးရတာ။ တစ်ခါချီရင် ပါးစပ်နဲ့ ဆံ့သမျှသာ ချီလာနိုင်တဲ့ အမေ့ခမျာ အစာကို အခေါက်ခေါက် အခါခါ ပျံသန်းချီရတာ။ ဒါပေမဲ့ အမေမမောဘူး။ သားလေး အစာစားရလို့ ကျေနပ်သွားတဲ့ တေးသံသာဟာ အမေ့အတွက် အချိုမြိန်ဆုံးပဲ။ဒါပေမဲ့ သားရေ... အမေက ဒီနေ့တော့ ပြန်ရောက်တော့မယ် မထင်ဘူး။ သားဗိုက်ဆာနေမှန်း အမေသိနေတယ်။ အမေ့ အမွေးဖွထားတဲ့ ရင်ခွင်ကို မျှော်နေမှာ။ အမေ့လည်တိုင်ကို နှုတ်သီးနဲ့ ထိုးဆွရင်း ဆော့ကစားချင်နေမှာလည်း သိတယ်။ လေတွေအရမ်းတိုက်လို့ သစ်ကိုင်းတွေ လှုပ်လာရင် ကြောက်တတ်တဲ့သား။ လေတွေတိုက်လည်း မင်းတစ်ကောင်တည်း သတ္တိမွေး။ ကြောက်နေလို့ မရဘူး။ ဘဝဟာ စစ်မြေပြင်မဲ့ တိုက်ပွဲပဲ။အမေ့အဖြစ်က ဒီလိုသားရေ။သားကို ချော့မော့ပြီး အသိုက်က စောစောထွက်ခဲ့တယ်။ တောထဲမှာ စားကြွင်းစားကျန် အစာရှာခက်တာကြောင့် တောထဲက ထွက်ပြီး လူနေတဲ့ ရွာအနီးကို အရဲကိုးပြီး ပျံလာခဲ့တယ်။ စောနေတာကြောင့် ရွာသူရွာသားတွေရဲ့ လှုပ်ရှားမှု သိပ်မရှိသေးဘူး။ ဒါနဲ့ အစာတွေ့လိုတွေငြား မြေပြင်ပေါ် ဆင်းသက်လိုက်တယ်။ နားကိုစွင့်၊ မျက်လုံးကို ဖွင့်ရင်း အန္တရာယ်ကို ရှောင်နိုင်ဖို့ သတိထည့်ထားရတယ်။ အစာကို ရှာရတယ်။ အိမ်တစ်အိမ်ရဲ့ နောက်ဘက်ခန်း ရောက်လာတယ်။ ပန်းကန် တစ်ချပ်ပေါ်မှာ ထန်းလျက်ခဲတစ်ခဲ တွေ့လိုက်တယ်။ ထန်းလျက်ခဲဖြစ်လို့ ချီရတာလည်း လွယ်တယ်။ သားကိုများများလည်း ကျွေးနိုင်တယ်။ ကံကောင်းတာပဲ။ သားဇောကပ်နေတဲ့ အမေ။ ထန်းလျက်ခဲ ရှိရာကို အပြေးသွားလိုက်တယ်။ ထန်းလျက်ခဲကို ချီလိုက်တယ်။ ရုတ်တရက် ကိုယ်ပေါ်ကို ကြောင်တစ်ကောင်က ခုန်အုပ်လိုက်တယ်။ ပါးစပ်ထဲက ထန်းလျက်ခဲ လွတ်မကျအောင် အတင်းကိုက်ချီထားလိုက်တယ်။ ကြောင်လက်ထဲက လွတ်အောင် ရုန်းလိုက်တယ်။ ရုန်းမရဘူး။ ကြောင်လက်သည်းတွေ ကျောထဲကို နစ်ဝင်နေပြီ။ ပါးစပ်ကလည်း အမေ့လည်ချောင်းကို ခဲနေပြီ။ဒီလိုနဲ့ သားကို သတိရရင်း မျက်လုံးတွေ ပြာလာတယ်။ လည်ချောင်းက သွေးတွေ ပန်းထွက်လာတယ်။ လောကကြီး အမှောင်ပိန်းသွားတယ်။အမေ ဘာတွေဖြစ်နေလဲ။ သားမသိဘူး။ ဒါပေမဲ့ အမေ့ကို မျှော်တယ်။ အမေအလာကို အသိုက်ဝမှာ ခေါင်းလေးပြူရင်း မျှော်ရတယ်။ အမေလာမှ အမေ့ အနွေးဓာတ်ကိုရမှာ။ အမေရေ ချမ်းလည်းချမ်း။ အမေ့ကို လွမ်းလည်းလွမ်းတယ်။ ဗိုက်လည်းဆာတယ်။ အမေ့ကို အော်ခေါ်ဦးမှ။ သုံးရက်တိုင် အမေ့ကို အော်ခေါ်နေမိတယ်။ ဒီနေ့တော့ လည်ချောင်းက သွေးတွေ ထွက်လာတယ်။ တစ်ကိုယ်လုံးလည်း အားပြတ်ပြီ။ အတောင်လည်း မဖြန့်နိုင်တော့ဘူး။ အသံလည်း မထွက်။ ဆာလောင်မွတ်သိပ်မှု ဒဏ်ကြောင့် တစ်ကိုယ်လုံးကို ချည့်နဲ့သွားစေပြီ။ နောက်ထပ် နာရီဝက်ခန့်လောက် အကြာမှာ အမေရှိရာကို လိုက်သွားရှာတယ်။ အမေရှိမယ့် နေရာကို သားသိနေပြီးသား။ သံယောဇဉ်ကြိုးက ဖြတ်ရခက်တယ်လေ။ အမေရှိရာ သားလိုက်ရှာမှာပေါ့။ အမေ ဘယ်မှာရှိနေလဲဆိုတာ အမေမပြောခဲ့ပေမယ့် သားသိနေတယ်လေ။ သားလာနေပြီ အမေ။လူသားအမိလမ်းပေါ်က သုံးနှစ်အရွယ် ကလေးတစ်ယောက်။ ဟိုကြည့်လိုက် ဒီကြည့်လိုက်။ လမ်းတော့လျှောက်နေတယ်။ ဘယ်ကိုဆိုတာ ကလေးမသိဘူး။ သူ့အနားက လက်တွဲဖော်အမေ ဘယ်ရောက်နေလဲ။ ဘယ်ပျောက်နေလဲ။ သူ့ရဲ့ ညာဘက်လက်ကို မြှောက်မြှောက်ပြီး အမေ့လက်ကို လေထဲမှာ ယမ်းနေမိတယ်။ ဒါပေမဲ့ မတွေ့ဘူး။ ညောင်းလာတော့ လက်ပြန်ချလိုက်တယ်။ အညောင်းပြေတော့ လက်မြှောက်လိုက်တယ်။ ရုတ်တရက် လက်တစ်ခုကို ဖမ်းဆုပ်မိတယ်။ မလွှတ်စတမ်း ကိုင်ထားလိုက်တယ်။ နောက်တော့ အကိုင်ခံလက်က ရုန်းတယ်။ ကလေးက လွတ်သွားမှာ စိုးတာနဲ့ ခပ်တင်းတင်း ရင်းရင်း ထပ်ကိုင်တယ်။ အကိုင်ခံရသူက ဆောင့်ရုန်းရုံ သာမက သူ့ကိုပါ တွန်းလိုက်တယ်။ ကလေးလမ်းပေါ်မှာ လဲကျသွားတယ်။ ကလေး နာကြင်တာရယ်၊ အမေ ပျောက်နေတာကို သိသွားတာရယ်ကြောင့် အော်ဟစ် ငိုယိုပါတော့တယ်။ "အမေ၊ အမေ၊ အမေ"အမေက သားကိုထားခဲ့တာ မဟုတ်ဘူး။ အမေဟာ သားအတွက် အလုပ်ရှာဖို့ သွားတာ။ အလုပ်ရတာနဲ့ ပိုက်ဆံထုတ်ပြီး သားစားဖို့ မုန့်တွေ အများကြီး ဝယ်လာမှာ။ ဒီနေ့ အလုပ်ရှင်က အလုပ်ရမယ်လို့ ပြောတယ်တဲ့။ စောစောလာခိုင်းလို့။ အမေအိမ်နားက အဒေါ်ကို အပ်ခဲ့တယ်။ သားကိုမနှိုးဘဲ ထွက်လာတာ။ဒါပေမဲ့ သားရေ အမေသူဌေးစကား ယုံမိတာ မှားပြီနဲ့ တူပါရဲ့။ သူ့အိမ်မှာ ဘာအလုပ်မှလည်း မရှိဘူး။ တခြားအလုပ်သမားတွေလည်း မရှိဘူး။ သူဌေးတစ်ယောက်နဲ့ လူမိုက်လိုလို လူသုံးယောက်ပဲ တွေ့ရတယ်။တကယ်တော့ သူဌေးအမည်ခံထားတဲ့ လူက လူမှောင်ခို လုပ်နေတာ။ တရုတ်ပြည်ကို မိန်းမငယ်တွေ ရောင်းစားနေတဲ့သူ။ ခုလည်း အမေ့ကို တရုတ်ပြည် ခေါ်သွားတော့မှာ အမေဘယ်လိုမှ ငြင်းမရတော့တဲ့ အနေအထား။ ချောင်ပိတ်မိနေပြီ ရုန်းထွက်စရာ မမြင်ဘူး။ ဒါပေမဲ့ သားကို သတိရတယ်။ သားအတွက် နည်းလမ်းရှာမယ်။ ဒီလိုနဲ့ သားရှိရာ နေရာကို ပြောပြပြီး သားအတွက် ငွေအချို့ပေး ပေးဖို့ ပြောရတယ်။ လူကုန်ကူးမယ့်လူက ပထမ ငြင်းသေးပေမယ့် နောက်တော့ သဘောတူလိုက်တယ်။ ဒါပေမဲ့ လက်တွေ့မှာ သူတို့သားဆီကို ပိုက်ဆံ ပို့မပေးခဲ့ဘူးဆိုတာ နောက်ကျမှ သိရတယ်။ "ဒါ မင်းသားကို သွားပေးမယ့် ပိုက်ဆံ၊ ဒါမင်းရမယ့် ပိုက်ဆံ။ မင်း ခုဟိုဘက် အခန်းထဲမှာ သွားနားနေချေ"သူပြောတဲ့ အခန်းထဲမှာ မိန်းမတွေ ခြောက်ယောက် ရှိတယ်။ သူတို့မျက်နှာတွေ ငိုယိုထားတဲ့ မျက်နှာ၊ ညှိုးရော်နေတဲ့ မျက်နှာ၊ မျှော်လင့်ချက်မဲ့နေတဲ့ မျက်နှာ။ အမေ့မျက်နှာလိုပဲ။ ညနေစောင်းတော့ လူနှစ်ယောက်က ထမင်းတွေ ယူလာတယ်။ ဒါပေမဲ့ အမေတို့ ရင်ပြည့်နေတယ်။ စားချင်စိတ် မရှိဘူး။ တို့ကနန်း ဆိတ်ကနန်း စားပြလိုက်တယ်။ နောက် တစ်နာရီလောက် အကြာမှာ လူသုံးယောက် ရောက်လာတယ်။ သစ်သားတုတ်တွေ ကိုယ်စီနဲ့။ "ကဲ အပြင်ထွက်ကြ။ ကားပေါ်တက်။ ရဲတွေ စစ်သားတွေတွေ့ရင် ဟန်မပျက်စေနဲ့။ ခရီးသည်တွေလိုနေ။ ကြားလား"။အမေတို့က ကြားတယ်လည်း ပြန်မပြောဘူး။ မကြားဘူးလည်း ပြန်မပြောဘူး။ သူတို့ တက်ခိုက်ခိုင်းတဲ့ ကားပေါ်ကို ခပ်ကုပ်ကုပ်လေး တက်လိုက်ကြတယ်။ ကားပေါ်မှာအိပ်ရ။ တဲပေါ်မှာအိပ်ရ။ ကြုံသလိုစားရ။ သူတို့ရဲ့ အနိုင်ကျင့်တာခံရ။ နောက်တစ်ပတ်လောက် ကြာသွားတယ်။နောက်ဆုံး အသက်ကြီးကြီး တရုတ်ကြီး တစ်ယောက်ဆီကို ရောက်သွားတယ်။ တရုတ်မယား ဖြစ်သွားတာလား။ တရုတ်အစေခံ ဖြစ်သွားတာလား။ အမေ့ဘာသာ မသိနိုင်တော့ဘူး။ လက်ရေခြောက်ရတယ် မရှိ။ လူကိုယ်ခန္ဓာ နားရတယ် မရှိ။သားကတော့ အမေပျောက်လို့ ငိုနေလောက်ပြီ။ အမေ့ထဘီစကို ဆွဲပြီး အမေ့နောက် တကောက်ကောက် လိုက်နေတတ်တဲ့သား။ ဆွဲစရာ ထဘီစ၊ ဆွဲစရာလက်ကို ရှာဖွေနေပြီ ထင်ပါရဲ့။ ကလေးရဲ့ ငိုသံကြောင့် လူတချို့က ရပ်ကြည့်တယ်။ သနားလို့ ကြည့်သူပါတယ်။ ထူးဆန်းလို့ ကြည့်သူပါတယ်။ သိချင်လို့ ကြည့်သူပါတယ်။ ဒါပေမဲ့ ကလေး အငိုတိတ်အောင် ချော့မော့ပေးသူ တစ်ယောက်မှမပါဘူး။ ရပ်ကြည့်။ ဆက်သွား။ ဖြတ်ကြည့်။ ဆက်သွား။ သနားသူမဲ့နေတဲ့ ကလေးပဲ။ ဒီလိုကလေးတွေ လမ်းပေါ်မှာ ဘယ်နှယောက် ရှိနေပြီလဲ။နောက်သုံးနှစ်ကြာ သွားတယ်။ ကိုရီးယားကားထဲကလို စက္ကန့်ပိုင်းအတွင်း ကြာတဲ့ သုံးနှစ်မဟုတ်ဘူး။ ဒုက္ခတွေ ပင်လယ်ဝေနေပြီး မျက်ရည်ပေါက် ကြီးငယ်ကျရင်း ငရဲဘဝကို ဖြတ်သန်းခဲ့ရတဲ့ သုံးနှစ်။အမေက ပထမတရုတ်နဲ့ ကလေးတစ်ယောက် မွေးပေးခဲ့တယ်။ နောက်တစ်နှစ် ဒုတိယ တရုတ်နဲ့ ကလေးတစ်ယောက် မွေးပေးရတယ်။ နောက်တစ်နှစ်မှာတော့ ဒုတိယတရုတ်ရဲ့ စေခိုင်းချက်အရ လိင်ဖျော်ဖြေခံ ဘ၀ ရောက်ခဲ့ရပြန်တယ်။ နောက်ဆုံး အလစ်မှာ ထွက်ပြေးရင်း ဒုက္ခပေါင်းစုံ ဖြတ်သန်းရင်း မြန်မာပြည် ရောက်လာတယ်။ ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ရတယ်။ အစာအာဟာရ ပြတ်လပ်ခဲ့တယ်။ ယောက်ျားပေါင်းစုံနဲ့ တွေ့ကြုံ ခဲ့ရတယ်။ ဒီဒဏ်တွေကြောင့် ကျန်းမာရေး ချို့တဲ့ခဲ့တယ်။ ဦးနှောက် ချို့ယွင်းလာကာ မှတ်ဉာဏ် အားနည်းလာတယ်။ AIDS ရောဂါ ကူးစက်ခံခဲ့ရတယ်။ ရောဂါ ပျောက်ကင်းလာပေမယ့် ရုပ်ရည်က အိုစာသွားပြီ။ရင်ကွဲနာလမ်းပေါ်မှာ တွေ့သမျှ ကလေးတိုင်းကို အမေပြူးတူးပြဲတဲ လိုက်ကြည့်တယ်။ ဒါပေမဲ့ သူမှတ်မိတဲ့ သုံးနှစ်သားအရွယ် ကလေးမျက်နှာသာ ဖြစ်တယ်။ ပြောင်းလဲ ကြီးထွားလာတဲ့ သူ့သားရဲ့ မျက်နှာကို အမေ မခန့်မှန်းတတ်ဘူး။ရုတ်တရက် ကလေးတစ်ယောက် သူမလက်ကို လာဆွဲတယ်။ ယခင် သူမထဘီစ၊ သူမလက်ကိုဆွဲနေကျ ပုံစံအတိုင်း လာဆွဲတယ်။ ကလေးကို ကြည့်လိုက်တော့ ပုဆိုးဟောင်းကို ခေါင်းမှာပေါင်းထားတယ်။ ပုဆိုးဟောင်း တစ်ထည်ကို စလွယ်သိုင်းထားတယ်။ လက်ထဲမှာ ခွက်ကိုင်လျက်။"သား၊ သားလေး"အမေ ဒူးထောက်ရက်နဲ့ ကလေးကို အားရပါးရ ဖက်လိုက်တယ်။ ကလေးကတော့ တောင့်တောင့်ကြီး ရပ်နေတယ်။ တွေတွေကြီး ကြည့်နေတယ်။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။ အတော်အကြာမှာ ကလေးကလည်း အမေကို မှတ်မိသွားတယ်။"အမေ၊ အမေ"အပြန်အလှန် ဖက်ရင်း အားရပါးရ ငိုကြွေးနေလိုက်ကြတာ။ အချိန်တော်တော်ကြီးကို ကြာသွားတယ်။ ငိုလို့ကောင်းတုန်း သားအမိ ဖက်ထားလို့ကောင်းတုန်း။ ကလေးကို အမေ့ လက်ထဲကက ဆောင့်ဆွဲခံလိုက်ရတယ်။"ဟဲ့ ငနုံ။ နင့်ကိုပိုက်ဆံ တောင်းခိုင်းနေတာ။ ခု ဒါဘာလုပ်နေတာလဲ"ကြောက်နေကျ ကြောက်နေရတဲ့ သူတောင်းစားကြီးရဲ့ အဆူအငေါက်တွေကြောင့် အမေနဲ့ဝေးရာကို နောက်ဆုတ်လိုက်တယ်။ အမေက ရှေ့တိုးပြီး ကလေးကို ဆွဲဖို့ကြိုးစားတယ်။ သူတောင်းစားမကြီးက ရှေ့က ကာဆီးလိုက်တယ်။"ဟဲ့၊ ဒါဘာလုပ်တာလဲ။ ကလေးခိုးမလို့လား။ သွား... သွား" အမေကို တွန်းထုတ်လိုက်တယ်။ ကလေးကိုဆွဲပြီး ပြေးထွက်သွားတယ်။ ကလေးခမျာ အမေကိုလှည့်ကြည့် လှည့်ကြည့်နဲ့ ဆွဲခေါ်ရာကို ပါသွားရရှာတယ်။အမေက သားကို ပြန်တွေ့ပါရက်နဲ့ တစ်ခါ ရှင်ကွဲကွဲ ရဦးမယ်ဆိုတဲ့ အသိနဲ့ မေ့မြောသွားတယ်။ လမ်းပေါ်မှာ လဲကျသွားတယ်။အမေ နားမလည်နိုင်တာက သူမကို တရုတ်တွေထံ ဘာကြောင့်ပို့လိုက်တာလဲ။ ရောင်းစားတယ်ဆိုတာ သိတယ်။ ပိုက်ဆံလည်း တစ်ပြားတစ်ချပ်မှ မကိုင်လိုက်ရဘူး။ ဟိုလူက အနိုင်ကျင့်လိုက်။ နှိပ်စက်လိုက်။ ဟိုဟာလုပ်ခိုင်းလိုက်။ ဒီဟာလုပ်ခိုင်းလိုက်။ သူတို့ ခိုင်းတာတွေသာ လုပ်ပေးနေရတာ သူမအတွက် ဘာအကျိုးကျေးဇူးမှ မရှိခဲ့ဘူး။သူမရဲ့ သားကရော။ ဘယ်သူ့ကိုများ မတရား လုပ်ခဲ့လို့ပါလိမ့်။ ဥမမည် စာမမြောက် လောကအရေးအရာကို ဘာမျှမသိပါဘဲလျက် သူတောင်းစား ဖြစ်နေရတာလဲ။လူကုန်ကူးတာကို ကြပ်ကြပ်မတ်မတ် တားမြစ်နေတယ်တဲ့။ သူများတွေပြောတာ ကြားဖူးတာပဲ။ ဒါပေမဲ့ သူမလို လူကုန်ကူးခံနေရသူတွေ အများကြီး။ ဘယ်သူကမှ လာရောက်ကယ်တင်ခြင်း မခံရဘူး။ သားကရော ဘာလို့ သူတောင်းစား ဖြစ်နေတာလဲ။ မျိုးရိုးလည်း မရှိပါဘူး။ ကလေးသူငယ်တွေကိုလည်း နိုင်ငံတော်က စောင့်ရှောက်ကာကွယ် ပေးနေတယ်တဲ့။ ဒါလည်းကြားဖူးတာပါ။ကြားဖူးတာတွေက လေထဲမှာပင် ပျောက်ကွယ်သွားပြီ ထင်ပါရဲ့။ လက်တွေ့မှာတော့ အမေက လူကုန်ကူးခံ။ အေအိုင်ဒီအက်စ် ရောဂါသည်ဖြစ်နေ။ သားက အမေရင်းရှိပါလျက် မိဘမဲ့ဘဝမှ သူတောင်းစားဖြစ်။လူသားအမိနဲ့ ငှက်သားအမိတို့ရဲ့ ဘဝဟာ နိဂုံးမလှကြဘူး။ ငှက်ငယ်ရဲ့ ရင်ကွဲနာ ငိုကြွေးသံဟာ လောကအနှံ့ ပျံ့နေသလို။ အမေကို တမ်းတရင်း ရင်ကွဲနာကျမတတ် ငိုကြွေးသံတွေ ဘယ်တော့များမှ ရပ်တန့်ပါ့မလဲ။ လူကုန်ကူးခံရတဲ့ မိန်းမသားတစ်ယောက်ရဲ့ ဘဝဟာ အဘယ်မျှထိ ကြေကွဲနေတယ်ဆိုတာ လက်တွေ့ခံစားခဲ့ရတဲ့သူ ကိုယ်တိုင်သာ သိမှာပါ။အမိမဲ့ ငှက်ငယ်ရဲ့ ရင်ကွဲနာကျ ငိုကြွေးသံ။ အမိမဲ့ လူသားငယ် သူတောင်းစားရဲ့ ရင်ကွဲနာကျ ငိုကြွေးသံတွေ ဆိတ်သုဉ်းသွားပါစေ။ လူကုန်ကူးခံ သားကောင်းသမီးကောင်းတို့ရဲ့ ဘဝဆိုးများ ရပ်တန့်ပါစေ။မိကွဲ၊ ဖကွဲ ရင်ကွဲနာ ငိုကြွေးသံများ ပပျောက်ပါစေ။

Most Read

Most Recent