ရှမ်းပြည်နယ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထိပ်ပိုင်း ခေါင်းဆောင်များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်း ဦးနေအိမ်၌ လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံမှုတွင်NLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းစောအောင်၊ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် ပါတီနည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်တို့ တက်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲ ကျော်အထိ တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နှစ်ရှည်လများစွာ ဆက်ဆံခဲ့သည့် မိတ်ဆွေများ ဖြစ်သည့်အပြင် ရှမ်းပြည်နယ်သည်လည်း တရုတ်နိုင်ငံနှင့် ဆက်စပ်မှုများစွာ ရှိသည့်အတွက် ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအား အကူအညီများ ပေးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒုတိယဥက္ကဋ္ဌ ဦးစိုင်းစောအောင်က ပြောကြားသည်။
"တိုင်းပြည်အနေနဲ့ တရုတ်ပြည်နဲ့ မြန်မာပြည်ဟာ အိမ်နီးချင်း မိတ်ဆွေကောင်း ဖြစ်တယ်။ အဲဒီတော့ ရှမ်းပြည်လူထုဟာလည်းပဲ တရုတ်ပြည်က လူထုနဲ့ ညီအစ်ကိုတွေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အခုအစိုးရ အပြောင်းအလဲမှာ အာဏာလွှဲပြောင်းရေးကလည်း သူတို့တွေ့တဲ့အခါမှာ ကောင်းတယ်လို့ သူတို့ ယုံကြည်ပါတယ်။ ရှမ်းပြည်နဲ့ တရုတ်ပြည်က ဆက်စပ်တဲ့အတွက်ကြောင့် ရှမ်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီ ပေးချင်ပါတယ်တဲ့။ ရှေ့လျှောက် လက်တွဲပြီးတော့ အကူအညီပေးဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နောက်လည်း ပူးပေါင်းဆောင်ရွက်ဖို့ ပြောပါတယ်"ဟု ဒုတိယဥက္ကဋ္ဌ ဦးစိုင်းစောအောင်က ပြောကြားသည်။
ထို့ပြင် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးသည် အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးတွင် ပင်လုံစာချုပ်ကို အခြေခံ၍ တောင်းဆိုခဲ့သည်မှာ ယနေ့အထိ မပြီးစီးသေးသည့်အတွက် ပင်လုံညီလာခံ၏ စိတ်ဓာတ်နှင့် သဘောတူညီချက်အတိုင်း ရှေ့ဆက်သွားမည်ဆိုပါက တရုတ်နိုင်ငံ၏ အားပေးကူညီမှုလိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးစိုင်းစောအောင်က ပြောကြားသည်။
"အဲဒီတော့ တရုတ်ပြည်ကလည်း ဟုတ်ပါပြီ။ ခင်ဗျားတို့တိုင်းပြည်က ငြိမ်းချမ်းရေးရဖို့က အရေးကြီးပါတယ်။ စိန်ခေါ်မှုလည်း အများကြီးရှိပါတယ်။ အဲဒီတော့ခင်ဗျားတို့ တိုင်းပြည်ငြိမ်းချမ်းဖို့ဆိုရင် ခင်ဗျားတို့ ပိုမိုပြီး တော့အချင်းချင်းတိုင်ပင်ပြီးတော့ လုပ်ကြပါ။ ကျွန်တော်တို့မှာတော့ဖွံ့ဖြိုးတိုးတက်မှုအတွက် လူလည်းရှိတယ်။ ပိုက်ဆံလည်းရှိတယ်။ နည်းပညာလည်း ရှိပါတယ်။ အဲဒါဆိုရင် အများကြီး ဖွံ့ဖြိုးမှုအတွက် အားပေးနိုင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အရေးကြီးတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကူညီပါမှာဆိုပြီး အဲဒီလိုပြန်ပြောတယ်"ဟု ဦးစိုင်းစောအောင်က ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသား လွှတ်တော်တွင် သုံးနေရာ၊ ပြည်သူ့လွှတ်တော်တွင် ၁၂ နေရာ၊ ရှမ်းပြည်နယ် လွှတ်တော်တွင် ၂၄ နေရာနှင့် ကချင်ပြည်နယ် လွှတ်တော်တွင် တစ်နေရာအနိုင်ရရှိထားပြီး NLD ပါတီနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့် ပါတီတစ်ခုဖြစ်သည်။
ရှမ်းပြည်နယ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် SNLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံဆွေးနွေး















