မြန်မာနိုင်ငံ အပါအဝင် အာရှပစိဖိတ် ဒေသများတွင် တရားမဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထုတ်လုပ်ရောင်းချမှု မြင့်မားနေပြီး တရားမဝင် ကုန်သွယ်နေသည့် စီးကရက် အလိပ်ရေပေါင်း ဘီလျံ ၃၀၀ နီးပါးအထိ ရှိနေကြောင်း သိရသည်။ စီးကရက်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ အပါအဝင် အထူးကုန်စည်များကို ရောင်းချသည့် တန်ဖိုးအပေါ် ကောက်ခံခြင်း (သို့မဟုတ်) အရေအတွက်နှင့် အမျိုးအစားအပေါ် အခွန်ကောက်ခံရန် လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။၁၉၉၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ စီးကရက် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် ကောက်ခံခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများအရ စီးကရက်အပေါ် ကောက်ခံသည့် အခွန်မှာ ၁၂၅ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စီးကရက်အပေါ် ကောက်ခံသည့် အခွန်မှာ ၇၅ ရာခိုင်နှုန်းသို့ ပြန်လည်လျော့ကျသွားပြီး ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်းနှင့် လက်ရှိ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ စီးကရက်အပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ရာခိုင်နှုန်း ၁၂၀ အထိ တိုးမြှင့်ထားကြောင်း ပြည်တွင်းအခွန် ဦးစီးဌာနမှ သိရသည်။လက်ရှိ ၂၀၁၅ ခုနှစ်တွင် စီးကရက်၊ ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် ကောက်ခံလျက်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများမှာ စီးကရက်ကို ရာခိုင်နှုန်း ၁၂၀ ကောက်ခံထားပြီး အခြားဆေးရွက်ကြီးထွက် ပစ္စည်းများဖြစ်သည့် ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နှင့် ဆေးတံအမျိုးမျိုး၊ ဆေးတံသောက်ဆေးများနှင့် ကွမ်းစားဆေး အမျိုးမျိုးတို့အပေါ် ရာခိုင်နှုန်း ၆၀ ကောက်ခံလျက် ရှိကြောင်းလည်း သိရသည်။မြန်မာနိုင်ငံတွင် အခွန်လွတ်၊ အခွန်ရှောင် ထုတ်လုပ်နေသည့် စီးကရက်စက်ရုံ များစွာ ရှိနေပြီး အခွန် သတ်မှတ်ရာတွင် စက်ရုံထွက် တန်ဖိုး (Ex-Factory) ကိုသာ အခြေခံ ကောက်ယူခြင်းကြောင့် မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများ နည်းပါးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စီးကရက်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းကို ကိုလိုနီခေတ် အတွင်းက The Cigarettes Duty Act, 1931 ဖြင့် စီးကရက် ထုတ်လုပ်မှုအပေါ် ကောက်ခံခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေး ရရှိပြီးနောက် စီးကရက်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အခွန်ကောက်ခံမှုအား ဥပဒေများ အဆင့်ဆင့်ပြဋ္ဌာန်း၍ ကောက်ခံခဲ့ကြောင်း သိရသည်။ထို့ပြင် ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် လိုအပ်နေသည့် အချက်အလက်များကို လက်ရှိ ရေးဆွဲနေဆဲဖြစ်သည့် နည်းဥပဒေတွင် ဖြည့်စွက် ရေးဆွဲလျက်ရှိပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၏ ထုပ်ပိုး ပစ္စည်းများတွင် ကျန်းမာရေး အသိပေး ရုပ်ပုံများ ဖော်ပြခြင်း၊ အခွန်နှုန်းထားများဆိုင်ရာ ဖြည့်ခြင်း၊ ဆေးရွက်ကြီးပါသည့် ကွမ်းယာ (သို့မဟုတ်) ဆေးရွက်ကြီး ပါဝင်သည့် ဆေးပေါင်းများ စားသုံးမှု၊ ရောင်းဝယ်မှုဆိုင်ရာ အချက်အလက်များ ဖြည့်စွက်ခြင်း စသည်တို့ကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
တရားမဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထုတ်လုပ်ရောင်းချမှု မြင့်နေပြီး တရားမဝင် ကုန်သွယ်နေသည့် စီးကရက် အလိပ်ရေပေါင်း ဘီလျံ ၃၀၀ နီးပါး ရှိနေ










