မြိတ်မြို့နယ် လွတ်လွတ်ကျေးရွာတွင် မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို မကြာမီ ခွင့်ပြုတော့မည့် အနေအထားဖြစ်နေပြီး စက်ရုံဆောက်ရန် အသင့်ဖြစ်နေဟု သိရ

မြိတ်မြို့နယ် လွတ်လွတ်ကျေးရွာတွင် မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို မကြာမီ ခွင့်ပြုတော့မည့် အနေအထားဖြစ်နေပြီး စက်ရုံဆောက်ရန် အသင့်ဖြစ်နေဟု သိရ
Published 27 December 2015
ဇော်မိုးဦး (မြိတ်)

မြိတ်မြို့နယ် လွတ်လွတ်ကျေးရွာတွင် မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မကြာမီခွင့်ပြုတော့မည့် အနေထားဖြစ်နေပြီး စက်ရုံတည်ဆောက်ရန်အတွက် လိုအပ်မည့်အပိုင်းများကို စီစဉ်ထားပြီးဖြစ်ကြောင်း အမှုဆောင်ဒါရိုက်တာ ဦးမျိုးဝင်းသန်းက ပြောကြားသည်။မြိတ်မြို့နယ်၊ လွတ်လွတ်ကျေးရွာတွင် သန်းဖြိုးသူကုမ္ပဏီမှ မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့်  ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ကြိုးစားနေပြီး ဒေသခံများနှင့် အဖွဲ့အစည်းများက ဆိုးကျိုးများ သည့် အဆိုပါစီမံကိန်းအား ကန့်ကွက်ထားကြောင်း သိရသည်။ စက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်တွင် လွတ်လွတ်ကျေးရွာမှ ဒေသခံများအား ခေါ်ယူတွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စီမံကိန်းစဖို့ စက်ပစ္စည်းတွေ ရောက်နေပါပြီ ပညာရှင်များ လေ့လာပြီး တင်ပြချက်အရ မကြာခင်မှာ ခွင့်ပြုတော့မယ့်အနေအထား ရှိနေပါပြီ။ စီမံကိန်းကို ကျွန်တော်တို့ ရပ်နားထားတာ မဟုတ်ပါဘူး ဆက်လုပ်နေပါတယ်။ စက်ရုံဆောက်လုပ်ဖို့ လိုအပ်မယ့်အပိုင်းများကို စီစဉ်ထားပြီးဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်၊ သစ်တော၊ မိုးဇလ စတဲ့ ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေ အပါအဝင်ပေါ့ ပညာရှင် ၄၅ ဦးလောက်က လေ့လာပြီး အစိုးရကို တင်ပြထားပြီးပါပြီ ပ အဆင့် ဒု အဆင့် ပြီးပါပြီ အခု ဖိုင်နယ်ရောက်နေပါပြီ MIC က ခွင့်ပြုဖို့ပဲ ကျန်ပါတော့တယ်။ ခွင့်ပြုချက်ကျတာနဲ့ စက်ရုံ စဆောက်တော့မှာပါ ကျွန်တော်ထင်တယ်။ ခွင့်ပြုမယ့်အနေထားလည်း ရှိပါတယ်။ ကျွန်တော်က ပြီးခဲ့တဲ့နှစ်ကတည်း ခွင့်ပြုမယ်လို့ မှန်းထားတာပါ” လို့ သန်းဖြိုးသူ ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးမျိုးဝင်းသန်းက ပြောကြားခဲ့သည်။ သမုတ်မြစ်ကမ်းတွင် မေးတင်ကာ တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် အဖွဲ့အစည်းများ အပြင်းအထန် ကန့်ကွက်ခဲ့သလို ဆန္ဒထုတ်ဖော်ပွဲများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့တွင် ကျောက်မီးသွေးသုံးစက်ရုံ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သလို၊ သမုတ်ကျေးရွာ၊ လွတ်လွတ်ကျေးရွာနှင့် ကျောက်ဖျာကျေးရွာမှ ဒေသခံများကလည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။
“အခုလုပ်တဲ့ တွေ့ဆုံမှုက ပွင့်လင်းမြင်သာမှု မရှိပါဘူး အနီးအနားရွာတွေက ဒေသခံတွေလည်း မသိရှိကြဘူး ဖိတ်ကြားခြင်းလည်း မရှိခဲ့ဘူး လွတ်လွတ် တစ်ရွာတည်းကိုသာ ဖိတ်ကြားခဲ့ခြင်း ဖြစ်တယ်။ ကျွန်တော်တို့ကတော့ ကျောက်မီးသွေးစက်ရုံကို လုံးဝမလိုလားပါဘူး ဒီစီမံကိန်းနှင့် ပတ်သက်ပြီး ရှေ့ဆက်တိုးလာရင်တော့ ကန့်ကွက်သွားပါ့မယ် ဒီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်လိမ့်မယ် ကုမ္ပဏီက တာဝန်ရှိသူတွေပြောတဲ့ ပညာရှင်တွေဆိုတာလည်း ကျွန်တော်တို့ ဒေသခံတွေ သိတောင်မသိလိုက်ဘူး တွေ့ခွင့်လည်း အခုထိမရကြဘူး” ဟု သမုတ်ကျေးရွာအုပ်စုမှ ဒေသခံ ဦးထိန်လင်းအင်က ပြောကြားခဲ့သည်။ သန်းဖြိုးသူကုမ္ပဏီအနေဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အမေရိကန်ဒေါ်လာ ၂၄ သန်း အပါအဝင် ကျပ် ၄၈ ဘီလီယံ ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ပြီး ဦးကျော်လွင်၊ ဦးမျိုးဝင်းသန်း စသည့် တိုင်းရင်းသားလုပ်ငန်းရှင် ခုနစ်ဦး ပါဝင်ရင်းနှီးမြုပ်နှံထားကြောင်း ထိုင်းနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ပါဝင်မှုမရှိဟု ဦးမျိုးဝင်းသန်းက ဆိုသည်။ မြိတ်ခရိုင်အတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအများအပြားကို ထိုင်းနိုင်ငံမှ လာရောက်တည်ဆောက်ရန် ကြိုးစားနေပြီး တနင်္သာရီမြစ်ဝတွင် မဂ္ဂါဝပ် ၂၆၄၀၊  သာရဘွင်ချောင်းဖျားအရပ်တွင် မဂ္ဂါဝပ် ၁၈၀၀ စသဖြင့် တည်ဆောက်ရန် ကြိုးစားနေသလို ယခု တည်ဆောက်မည့် မဂ္ဂါဝပ် ၅၀ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကိုလည်း ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ သံအမတ်ကြီးကိုယ်တိုင် လာရောက်လေ့လာခဲ့မှုများလည်း ရှိခဲ့ကြောင်း သိရသည်။ သန်းဖြိုးသူကုမ္ပဏီက ယခုဆောက်မည့် စက်ရုံမှ ဓာတ်အားပေးစက်ရုံမှာ ထိုင်းနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုမပါရှိဘဲ ဓာတ်အားများကို ပြည်တွင်း၌သာ သုံးမည်ဖြစ်ပြီး မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့များသို့ ဖြန့်ဖြူးသွားမည်ဟု ဆိုသည်။  

Most Read

Most Recent