လိပ်ကျွန်းလူသတ်မှု စီရင်ချက်ကို ပြန်လည်သုံးသပ်ပေးရန် ထိုင်းအစိုးရသို့ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော UNFC အိတ်ဖွင့်ပေးစာပို့ မေတ္တာရပ်ခံ

လိပ်ကျွန်းလူသတ်မှု စီရင်ချက်ကို ပြန်လည်သုံးသပ်ပေးရန် ထိုင်းအစိုးရသို့ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော UNFC အိတ်ဖွင့်ပေးစာပို့ မေတ္တာရပ်ခံ
Published 27 December 2015

လိပ်ကျွန်း လူသတ်မှုစီရင်ချက်ကို ပြန်လည်သုံးသပ်ပေးရန် ထိုင်းတော်ဝင်အစိုးရထံသို့ မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က အိတ်ဖွင့်ပေးစာ ပေးပို့မေတ္တာရပ်ခံခဲ့ကြောင်း သတင်းရရှိသည်။
 
ဒီဇင်ဘာ ၂၆ ရက်တွင် UNFC က ထိုင်းတော်ဝင်အစိုးရသို့ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် “မိမိတို့ တိုင်းပြည်သည် လွတ်လပ်ရေး ရခဲ့ချိန်မှစ၍ ယနေ့ထိတိုင် မိမိတို့ တိုင်းရင်းသားအချင်းချင်းတွင် မကျေအေးနိုင်သော ပြည်တွင်းစစ်နှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေဆဲဖြစ်ကြောင်း၊ တိုင်းပြည်၏ အခြေခံနိုင်ငံရေးပြဿနာရပ်အား နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်သေးသည့်အတွက် ပြည်သူလူထုမှာ လူမှုဆင်းရဲဒုက္ခမျိုးစုံဖြင့် ချွတ်ခြုံကျလျက်ရှိကြောင်း၊ တိုင်းပြည်ထူထောင်ရေးလည်း ကောင်းစွာ မလုပ်နိုင်ကြသည့်အတွက် အခြေခံအဆောက်အအုံများမှာလည်း လစ်ဟာလျက်ရှိနေကြောင်း၊ အကျိုးဆက်အနေဖြင့် အလုပ်အကိုင် ပိုမိုဖွံ့ဖြိုးတိုးတက်မှုရှိသည့် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ၍ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရှာဖွေလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုမှုများ တစ်နေ့တခြား တိုးပွားလာလျက်ရှိပြီး အထူးသဖြင့် ဒေသတွင်းရှိ လူကြီးမင်းတို့ ထိုင်းနိုင်ငံသို့ ပိုမိုလာရောက် အလုပ်လုပ်ကိုင်မှုရှိသည်” ဟု ဖော်ပြထားသည်။ 
 
ဗြိတိန်နိုင်ငံသားနှစ်ဦးတို့ အသတ်ခံရမှုဖြစ်ပွားခဲ့ရာ အဆိုပါရာဇဝတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော အသက် ၂၂ နှစ်အရွယ်ရှိကြသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦးမှာ စွပ်စွဲခံထားရကြောင်း၊ ၎င်းအမှုတွင် ကာယကံရှင်များဘက်က ပါဝင်ပတ်သက်မှု မရှိသဖြင့် တရားဥပဒေနည်းလမ်းအတိုင်း သက်သေအထောက်အထားများ ခိုင်လုံစွာဖြင့် ခုခံချေပခဲ့ကြောင်း UNFC ၏ အိတ်ဖွင့်ပေးစာတွင် ပါဝင်သည်။
 
သို့ရာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းနိုင်ငံ ကော့စမွီခရိုင်တရားရုံးမှ အမှုခုနစ်ခုဖြင့် စွဲချက်တင်၍ အမြင့်ဆုံး သေဒဏ်အပြစ်ပေး စီရင်ချက် ချခဲ့သည်ကို တွေ့ရှိခဲ့ရပြီး ယင်းသို့ ဆုံးဖြတ်ခဲ့မှုကြောင့် များစွာစိတ်မချမ်းမြေ့ဖွယ် ဖြစ်ရသည်ဟု UNFC က ထိုင်းတော်ဝင်အစိုးရထံသို့ ပေးပို့သည့်စာတွင် ရေးသားထားပြီး နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ဘုံအကျိုးစီးပွားတို့အပေါ် လေးစားအသိအမှတ်ပြု၍ လည်းကောင်း အကျဉ်းချခံရသူများ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်တွင် နိုင်ငံသားတို့ ရရှိခံစားထိုက်သည့် အခွင့်အရေးများကို လည်းကောင်း ဥပဒေကြောင်းအရ ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း အလေးအနက်ထား မေတ္တာရပ်ခံ တင်ပြအပ်ပါသည်ဟု ရေးသားထားသည်။
 

Most Read

Most Recent