မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ရေပိုင်နက်ဖြစ်သော ပါချန်မြစ်အတွင်း မြန်မာဘက်မှ ကဏန်း သွားရောင်းသော လှေတစ်စင်းကို ထိုင်းလက်နက်ကိုင် တစ်စုက အကြမ်းဖက် ဓားပြတိုက်

မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ရေပိုင်နက်ဖြစ်သော ပါချန်မြစ်အတွင်း မြန်မာဘက်မှ ကဏန်း သွားရောင်းသော လှေတစ်စင်းကို ထိုင်းလက်နက်ကိုင် တစ်စုက အကြမ်းဖက် ဓားပြတိုက်
Published 24 December 2015
ရဲမြင့်ဝင်း

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့တို့၏ နှစ်နိုင်ငံ ရေပိုင်နက်ဖြစ်သော ပါချန်မြစ်အတွင်း ထိုင်းနိုင်ငံ ရေပိုင်နက်၌ မြန်မာဘက်မှ ကဏန်းသွားရောင်းသော လှေတစ်စင်းကို ထိုင်းစကားပြောသော မျက်နှာဖုံးစွပ် လူလေးဦးက ဒီဇင်ဘာ ၂၁ ရက် ည ၁၀ နာရီကျော် အချိန်ခန့်တွင် ပေါက်ခေါင်းချောင်းနှင့် မလှမ်းမကမ်းရှိ မီးပြအနီး၌ သေနတ်၊ သံတုတ်နှင့် ဓားတို့ကို အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက် ဓားပြတိုက်ကာ လှေပေါ်ပါ လူသုံးဦးကို လက်ပြန်ကြိုးတုပ်ပြီး ရေထဲသို့ ပစ်ချခဲ့သဖြင့် တစ်ဦးသေဆုံးကာ နှစ်ဦးမှာ ထိုင်းနိုင်ငံ ရနောင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။
“လှေနားကို လှေကြီးတစ်စင်း ကပ်လာပြီး လူလေးဦး မျက်နှာဖုံးတွေနဲ့ လှေထဲဆင်းလာတာ။လက်ထဲမှာ သေနတ်တွေ သံတုတ်တွေ ဓားတွေကိုင်ပြီး ဓားနဲ့ခုတ်တယ်။ ရိုက်ပြီး ခြေလက်တွေနဲ့ မနားတမ်း ထိုးကြိတ်ပါတယ်။ ပါးစပ်က ထိုင်းလိုတွေပြောပြီး ဓားနဲ့ ခုတ်တုတ်နဲ့ ရိုက်ကန် ကြောက်နေတော့ မော့မကြည့်ရဲဘူး။ အားလုံးငြိမ်သွားတော့ လက်ပြန်ကြိုးတုပ်ပြီး လှေကိုအတော်ဝေးဝေး မောင်းလိုက်ပြီး ရေထဲကိုပစ်ချတယ်။ လှေမောင်းသွားတော့ ရေထဲမှာ ကြိုးဖြေပြီး အဖေ့ကိုရှာတယ်။ တွေ့တယ်။ နောက်တစ်ယောက်ကို ရှာတာမတွေ့ဘူး။ သူ့ကိုလှေပေါ်မှာထဲက လည်ပင်းနဲ့ လက်ပြန်ကြိုးကိုသိုင်းပြီး ချီတာတွေ့တယ်။ ဓားနဲ့လည်း အတော်ခုတ်ခံထားရတာ။ အဖေနဲ့ နှစ်ယောက် အနီးအနားမှာ ဖော့တုံးတွေ့လို့ ဖော့အကူနဲ့ ကူးနေတာ ရေထဲမှာ သုံးနာရီလောက် ကြာမယ်ထင်တယ်။ လူမနေတဲ့ ကျွန်းပေါ်ကို ရောက်ဖို့ပါ။ မနက်ရောက်တော့ သူဌေးကျွန်းကိုမှန်းပြီး သားဖနှစ်ယောက် ပြန်ကူးလာတုန်း ရေထဲမှာ ထိုင်းကငါးမျှား လှေတစ်စင်းက အကူအညီပေးလို့ ထိုင်းက ပေါက်ခေါင်းချောင်း က ၉၃၉ ဂိုဒေါင်ကိုလိုက်ပို့ပေးတယ်။ အဲဒီမှာ မြန်မာကဏန်းဝယ်တဲ့ ကိုယ်စားလှယ်ရှိတော့ သူကအကျိုးအကြောင်းသိပြီး ထိုင်းကရနောင်း ဆေးရုံမှာ ဆေးကုဖို့ ပို့ပေးပါတယ်။ လှေရော စက်ရော ဂဏန်းကီလို ၁၈၀ လောက်ရှိမယ် ထင်တယ်။ ထိုင်းငွေနဲ့ဆို ဘတ် ၇၀၀၀၀ လောက် ရှိမယ်။ သူတို့အကုန်သိမ်းသွားတယ်”ဟု အကြမ်းဖက် တိုက်ခိုက် ဓားပြတိုက်ခြင်းကို ခံခဲ့ရကာ လက်ပြန်ကြိုးဖြင့် ရေထဲသို့ ပစ်ချခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်လာသော အသက်နှစ်ဆယ် ဝန်းကျင်ရှိ မောင်ချစ်မင်းဦးက ကြုံတွေ့ခဲ့ရသော အကြောင်းများကို ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်အား အရေးယူ ဆောင်ရွက်နိုင်စေရန်အတွက် ကော့သောင်းခရိုင် နယ်စပ် ဆက်ဆံရေးရုံး (BLO) အဖွဲ့ဝင်ရဲမှူး သောင်းညွှန် ဦးစီးအဖွဲ့သည် ဒီဇင်ဘာ၂၃ ရက်နေ့ နံနက်ပိုင်း၌ ထိုင်းနိုင်ငံ ရနောင်းခရိုင် (BLO) အဖွဲ့ဝင်များနှင့်အတူ ရနောင်းမြို့ရှိ ပါနန်ရဲစခန်းတွင် အမှုဖွင့်လှစ်ခြင်း၊ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများကို သွားရောက်တွေ့ဆုံကာ ဖြစ်စဉ်နှင့် ပတ်သက်သည်များကို မေးမြန်းခြင်း အမှုနှင့် ပတ်သက်သော သက်သေခံလှေအား ရနောင်းလှေဆိပ်များနှင့် ပေါက်ခေါင်းချောင်းရှိ “ချွတ်ထိုင်းဒီ”ဂိုဒေါင်တို့တွင် ရှာဖွေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
လူတစ်စု၏ အကြမ်းဖက် တိုက်ခိုက် ဓားပြတိုက်ခြင်းကို ခံခဲ့ရသောလှေမှာ ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာမှ ကဏန်းလှေဖြစ်ကာ အသက် ၅၈ နှစ်အရွယ်ရှိ ဦးလွမ်းဝေသည် ကဏန်းအဝယ်ဒိုင်၏ လှေမောင်းသမားဖြစ်ကာ မောင်ချစ်မင်းဦးမှာ လခစားဖြစ်ပြီး သေဆုံးပြီဟု သတ်မှတ်ထားသော အသက် ၃၅ နှစ်အရွယ်ရှိ ဦးမင်းလတ် ဆိုသူမှာ ၎င်းရရှိထားသော ကဏန်းများကို ရောင်းချရန်အတွက် လှေကြုံ လိုက်လာသူ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent