၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ပါ ကြေးမုံ သတင်းစာတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ မူကြမ်းအား ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေညာ ထားသည့်အပေါ် ယင်းဥပဒေသည် လာဘ်ပေးလာဘ်ယူမှုနှင့် မူးယစ်ဆေးဝါးကဲ့သို့ တရားမဝင် နည်းလမ်းများမှ ရရှိသော ငွေမည်းများကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၊ အခန်း (၆)၊ ဝင်ငွေခွန် ဥပဒေက ငွေဖြူဖြစ်အောင် လုပ်ပေးသကဲ့သို့ ဖြစ်နေကြောင်း နယ်ပယ်အသီးသီးမှ ဝေဖန်သုံးသပ် လိုက်ပါသည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၊ အခန်း(၆)၊ ဝင်ငွေခွန် အခန်းတွင် မည်သူ့ကိုမဆို လစာ၊ အသက်မွေးဝမ်းကြောင်း ပညာလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်လျှင် စုစုပေါင်း ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ၊ ပုဒ်မ(၆)အရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာအလိုက် စည်းကြပ်ရမည့် ဝင်ငွေခွန် နှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည်ဟု ဖော်ပြထားသည်။
ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာတွင် တစ်ကျပ်မှ ၂၀၀၀၀၀၀ အား သုည ရာခိုင်နှုန်း၊ ၂၀၀၀၀၀၁ မှ ၅၀၀၀၀၀၀ လျှင် ငါးရာခိုင်နှုန်း၊ ၅၀၀၀၀၀၁ မှ ၁၀၀၀၀၀၀၀ လျှင် ၁၀ ရာခိုင်နှုန်း၊ ၁၀၀၀၀၀၀၁ မှ ၂၀၀၀၀၀၀၀ လျှင် ၁၅ ရာခိုင်နှုန်း၊ ၂၀၀၀၀၀၀၁ မှ ၃၀၀၀၀၀၀၀ လျှင် ၂၀ ရာခိုင်နှုန်း၊ ၃၀၀၀၀၀၀၁ နှင့်အထက် ဆိုပါက ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။
အခွန်အကောက် ဥပဒေကြမ်း၊ ပုဒ်မ ၂၄ တွင်မူ ဝင်ငွေခွန် ဥပဒေပုဒ်မ (၆) နှင့် ၆ (က) အရ သက်သာခွင့်များ မနှုတ်မီ စည်းကြမ်မှုမှ လွတ်ကင်းသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည် ဟူ၍လည်းကောင်း၊ သို့ရာတွင် နိုင်ငံသား မည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့ အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နှုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း၊ အောက်ဖော်ပြပါ အခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည် ဖြစ်ကြောင်း၊ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန် မလိုကြောင်း၊ ယင်းပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရကြောင်း ဖော်ပြထားသည်။
ယင်းဥပဒေအောက်တွင် အကျုံးဝင်သောသူများ အနေဖြင့် ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာတွင်မူ တစ်ကျပ်မှ ၁၀၀၀၀၀၀၀၀ (သိန်းတစ်ထောင်) လျှင် သုံးရာခိုင်နှုန်း၊ ၁၀၀၀၀၀၀၀၁ မှ ၅၀၀၀၀၀၀၀၀ လျှင် ငါးရာခိုင်နှုန်း၊ ၅၀၀၀၀၀၀၀၁ မှ ၁၀၀၀၀၀၀၀၀၀ လျှင် ၁၀ ရာခိုင်နှုန်း၊ ၁၀၀၀၀၀၀၀၀၁ မှ ၁၅၀၀၀၀၀၀၀၀ လျှင် ၂၀ ရာခိုင်နှုန်း၊ ၁၅၀၀၀၀၀၀၀၁ နှင့်အထက်လျှင် ၃၀ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဥပဒေကြမ်းပါ ဖော်ပြချက်များအရ လစာ၊ အသက်မွေးဝမ်းကြောင်းနှင့် စီးပွားရေး လုပ်ငန်းများ အပေါ်တွင် အခွန်ကောက်ခံယူမှုနှင့် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိသော ဝင်ငွေအပေါ်တွင် ကောက်ခံသော အခွန်နှုန်းထားများမှာ သိသိသာသာ ကွာဟနေကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။
အခွန်ကောက်ခံမှုသည် တိုင်းပြည်၏ စီးပွားရေး (GDP) တိုးတက်ဖို့အတွက် များစွာ အထောက်အကူ ပြုသော်လည်း အခွန်ကောက်ခံမှုသည် စနစ်ကျသည့် အခွန်ကောက်ခံမှု၊ မှန်ကန်သည့် အခွန်ကောက်ခံမှုများ ဖြစ်ရန် လိုအပ်ကြောင်း၊ ဥပဒေတွင် အားနည်းချက်ရှိပါက ငွေမည်းများ၊ ငွေဖြူဖြစ်လာမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ငွေမည်းများ ငွေဖြူဖြစ်လာပါက ငွေကြေးဖောင်းပွမှု ပို၍တက်လာမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေး ကျဆင်းမှုကို ပို၍တွန်းအား ပေးသလို ဖြစ်နေမည်ဖြစ်ကြာင်း၊ မြန်မာနိုင်ငံကဲ့သို့ မူးယစ်ဆေးဝါး ပေါများသည့် နိုင်ငံတွင် ငွေမည်းများ အဓိက ဝင်လာသည့် လမ်းကြောင်းများ ရှိနေကြောင်း၊ အလားတူ သဘာ၀ သယံဇာတများမှ လာဘ်ပေးလာဘ်ယူ မှုများနှင့် တရားမဝင် ငွေကြေးများ ဝင်နေသည့်အတွက် ယင်းငွေများလည်း ငွေဖြူများဖြစ်လာမည် ဖြစ်ကြောင်း၊ အလားတူ သစ်မှောင်ခို လုပ်ငန်းများနှင့် အခြားမှောင်ခို လုပ်ငန်းများမှ ဝင်ငွေများလည်း ယခုဥပဒေကြမ်း အတည်ဖြစ်သွားပါက ငွေဖြူဖြစ်သွားမည် ဖြစ်ကြောင်း၊ သို့သော် လက်လုပ်လက်စား ဝန်ထမ်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက်မူ ဝန်ထုပ်ဝန်ပိုးကြီးစွာ ခံစားရမည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။
“ဉာဏလုပ်သားတွေ အနေနဲ့ သူတို့ရဲ့ ရသင့်ရထိုက်တဲ့ လစာငွေလေးတွေ အခုချိန်မှာ ရလာကြပြီ။ အဲဒီလစာ ဝင်ငွေကို ဝင်ငွေခွန်အဖြစ်နဲ့ အစိုးရက ကောက်တယ်။ ဒီလို ကောက်တဲ့အခါမှာ ဝင်ငွေအုပ်စု အလွှာလိုက် ဝင်ငွေနိမ့်တဲ့သူ၊ ဝင်ငွေမြင့်တဲ့သူ၊ ဝင်ငွေအလယ်အလတ် ရှိတဲ့သူ ကွဲနေမှာပဲ။ ဝင်ငွေခွန် ကောက်တဲ့အခါမှာ နံပါတ်တစ် အရေးကြီးတာက ဝင်ငွေတစ်ခုနဲ့ တစ်ခုကြား ကွာဟမှု အရမ်းမများအောင် တစ်ဖက်က ပြန်လည် ထိန်းကြောင်းရမှာ ဖြစ်ပါတယ်။ ဒါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေရှည်အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကျတော့ Equity ကလည်း အင်မတန် နည်းပါးပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း ဝင်ငွေတွေမှာ ဟိုးထိပ်ဆုံး အလွှာနဲ့ ဟို lowerest အလွှာနဲ့ အရမ်းကွာတယ်။ ဝင်ငွေခွန် သတ်မှတ်ပြီ ဆိုတာနဲ့ ဝင်ငွေခွန်ရတဲ့ ရပေါက်ရလမ်းတွေဟာ ဘယ်နည်းနဲ့ရတာလဲ ဆိုတာလည်း စစ်ဆေးနိုင်ဖို့ လိုပါတယ်။ ဥပမာ - ဆရာဝန် တစ်ယောက်ရဲ့ ဝင်ငွေဟာ ဘယ်လောက်ရနိုင်မလဲ။ ကျောင်းဆရာ တစ်ယောက်ရဲ့ ဝင်ငွေဟာ ဘယ်လောက်ရနိုင်မလဲ၊ အဲဒီအပေါ်မှာ အခြေခံပြီးကာမှ စီးပွားရေး လုပ်ငန်းတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။ အဲဒီလို ကောက်ခံတဲ့ နေရာမှာ သူတို့ရဲ့ Well Being ကိုလည်း မလျော့ပါးစေရဘူး။ စီးပွားရေး လုပ်ငန်းတွေ ကျတော့လည်း ထုတ်လုပ်မှုအပေါ်မှာ ရရှိလာတဲ့ သူ့ရဲ့ Reward ကိုလည်း လျော့ပါးသွားအောင် လုပ်တာမျိုး မဖြစ်သင့်ဘူးလို့ မြင်ပါတယ်” ဟု ဒေါက်တာအောင်ကိုကို (စီးပွားရေး ပေါ်လစီ) က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရိုးရိုးဝင်ငွေပြနိုင်တဲ့ သူတွေကို လျော့ပေးသင့်တာ။ စားဝတ်နေရေးအတွက် လျော့ပေးသင့်တာ။ လခနည်းတဲ့ သူတွေကို ပေးသင့်တာ။ များတဲ့သူကိုတော့ နိုင်ငံတကာလည်း ကောက်တာပဲ။ Money Laundering က ဒီနည်းနဲ့ဆို ဝင်လာမှာပဲ။ အခုအခွန်နှုန်းထားကတော့ နည်းလွန်းအားကြီးတယ် ထင်တယ်။ သုံးဆယ်ရာခိုင်နှုန်းတောင် တော်တော်များများ လုပ်ကြတယ်။ ကျွန်တော်တို့ တွေ့တာက အဆောက်အအုံ ဝယ်တယ်။ မြေဝယ်တယ်။ အဲဒီလို Laundering လုပ်သွားတဲ့ သူတွေလည်းရှိတယ်။ တကယ်တန်းဆိုရင် အရင်တုန်းက ကုမ္ပဏီတစ်ခုတောင် အခွန် ၂၅ ရာခိုင်နှုန်း ဆောင်ရတယ်။ ၂၅ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်း ဆောင်ရတယ်။ Money Laundering သမားကြတော့ သူအတွက် လုပ်ကွက်ကြီး ဖြစ်သွားတာပေါ့။ အခုဟာက မြေကွက်ကို အခွန်နည်းတဲ့ ဟာလေးတွေ ဥပမာ ငါးရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းဟာလေးတွေ ဝယ်လိုက်တယ်။ ပြန်ရောင်းတယ်ဆိုရင် ၁၀ ရာခိုင်နှုန်းပဲ ဆောင်ရတော့တယ်။ စောစောတုန်းကတော့ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာနဲ့ ကောက်တယ်။ အခိုင်အမာ ပစ္စည်းတွေဖြစ်တဲ့ အိမ်တို့ ခြံတို့ ရောင်းရင် အခွန် ၁၀ ရာခိုင်နှုန်း ကောက်တယ်။ အခုတော့ အဲဒါကို ဘယ်လို အခွန်ကောက်သလဲ။ သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းဆိုတော့ နည်းနည်းလေးပဲရှိတာ လုပ်ကြမှာပေါ့။ အဲဒီလုပ်ကွက်ကြီးက သူတို့အတွက် အများကြီးပဲ။ အခုဟာ အခွန်မဆောင်ထားတဲ့သူက အများကြီးပဲ။ အစိုးရသစ် တက်လာတုန်းက အခွန်ဆောင်တာ နှစ်ရာခိုင်နှုန်းပဲ ရှိတယ်။ အခုမှ နည်းနည်းတက်လာပေမယ့် ငါးရာခိုင်နှုန်းထက် မပိုဘူး။ သူတို့က အခွန်ရအောင် လိုက်မတောင်းဘဲ စားပွဲပေါ်မှာ ထိုင်ပြီးနေတယ်” ဟု လှိုင်သာယာစက်မှု ဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း “လုပ်ငန်းရှင်နဲ့ အခွန်ကို ညှိလိုက်တော့ သူတို့ ရတာပေါ့။ တစ်ယောက်တစ်ဝက် ပုံစံညှိလိုက်တဲ့ သဘောပေါ့။ အခုအခွန်က သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းဆိုတော့ လုပ်ကြပြီပေါ့။ တန်ဖိုးနည်းတဲ့ ဟာတွေကို အများကြီးဝယ်မယ်။ ပြီးတော့ပြန်ရောင်းမယ်။ အမြတ်ကလေး မဖြစ်စလောက်ရပေမဲ့ ပြန်ရောင်းရင် ရလာတဲ့ငွေက ငွေဖြူဖြစ်သွားမယ်။ အဲဒါကတော့ သိပ်မကောင်းဘူး။ ဒီဥပဒေအရ တစ်ခါလုပ်ပြီးသွားရင်တော့ မလွယ်တော့ဘူး။ လွှတ်တော်က အတည်ပြုပြီးရင် ပြီးသွားပြီ။ နောက်နှစ်မှဘဲ တောင်းဆိုမှ ရတော့မယ်။ အခုက အခွန်က များများလိုချင်တယ်။ သူတို့က အပျင်းထူပြီး မကောက်ဘူး။ အခွန်ကောက်ပြန်တော့လည်း သိန်းတစ်ရာ ဆောင်ရမယ်ဆိုရင် သိန်းငါးဆယ်ပဲဆောင်၊ ကျန်တဲ့ဟာက တစ်ယောက်တစ်ဝက် ပုံစံမျိုး ညှိပြီး လုပ်စားသွားကြတယ်။ အစိုးရကို ပေးရမဲ့ဟာကို သူတို့က ဖျောက်လိုက်ပြီး သူတို့က တစ်ဝက်ယူတယ်။ အခွန်ဆောင်ရမဲ့သူက တစ်ဝက်ယူတယ်။ ဒီလိုလုပ်နေတာကို သိတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ပြောရင်ကို ပြဿနာရှာပြီး ဒုက္ခပေးမယ်။ အခု အခွန်နည်းတာက မကောင်းဘူး။ အဓိက အခုလိုနည်းတာက Money Laundering အတွက် မကောင်းဘူး။ အခုဟာက လုပ်ကြတော့တာပေါ့။ အခု အခွန်နှုန်း အတိုင်းဆိုရင် ရန်ကုန်မြို့က မြေက ဈေးကြီးတာပေါ့။ နယ်တွေမှာဆိုရင် ဘောင်ဝင်သွားတာပေါ့။ ဘာလို့ လဲဆိုတော့ သိန်းငါးရာသိန်းတစ်ထောင်ကိုအခွန်နည်းနည်းနဲ့ ဘောင်ဝင်သွားတာပေါ့။ Laundering လုပ်တဲ့သူတွေက နယ်တွေကို သွားမှာပေါ့။ အရင်တုန်းကတော့ ကိုယ့်မှာရှိတာကို နုတ်ပြီး ကျန်တာကို သုံးဆယ်ရာခိုင်နှုန်းပဲ။ အဲဒါကိုတောင် အများကြီး လုပ်ကြတယ်။ အခွန်မဆောင်ရင်လည်း နာမည်ပြောင်းလို့ မရဘူး။ မဆောင်ချင်ရင် ညှိထားပြီး ပြန်ရောင်းပစ်လိုက်တဲ့နည်းနဲ့ လုပ်ကြတယ်” ဟု ပြောကြားသည်။
အငြိမ်းစား အခွန်အရာရှိ တစ်ဦးက “နိုင်ငံတော်ကို အခွန်ပုံမှန်ဆောင်ပေးနေတဲ့ အခွန်ထမ်းကျတော့ တစ်နှစ်လစာဝင်ငွေ ကျပ်သိန်း ၂၀ အထက် စရတာနဲ့ ငါးရာခိုင်နှုန်း ဆောင်ရမယ်။ ကျပ်သိန်း ၃၀၀ နဲ့ အထက်ဆိုရင် ၂၅ ရာခိုင်နှုန်း ဆောင်ရမယ်။ ဘယ်ကရတဲ့ ငွေမှန်းမသိတဲ့ ငွေတွေပိုင်ဆိုင်ထားတဲ့ သူတွေကျတော့ သိန်း ၁၀၀၁ ကျပ်ဆို သုံးရာခိုင်နှုန်း ဆောင်လိုက်တာနဲ့ ငွေဖြူဖြစ်သွားတယ်။ ကျပ်သိန်း ၁၅၀၀၀ အထက်ဆို ၃၀ ရာခိုင်နှုန်း ဆောင်လိုက်တာနဲ့ မူးယစ်ဆေးဝါး လုပ်လို့ရရ၊ လာဘ်စားလို့ရရ၊ မှောင်ခိုလုပ်လို့ရရ၊ နှစ်အဆက်ဆက် အခွန်ရှောင်ခဲ့လို့ရရ အဲ့ဒီငွေတွေ ငွေဖြူ ဖြစ်သွားတယ်။ ပိုဆိုးတာက ဘာမှမပြနိုင်တဲ့ ငွေနဲ့ ရင်းနှီးမြုပ်နှံလို့တောင် ရသလို ဖြစ်နေတာ။ ဒီမမျှတမှု အပေါ်မှာ သုံးသပ်ရင် နှစ်ချက်ရှိတယ်။ တစ်ချက်က ပုံမှန်အခွန်ပေးဆောင် နေသူတွေကို အခွန်လာမဆောင်တော့နဲ့ ရှောင်ကြ၊ နောင်ကျမှ တစ်ခုခု ဝယ်လို့ဖြစ်ဖြစ် လုပ်ငန်းသစ်တစ်ခု ထောင်တဲ့အခါကျမှဖြစ်ဖြစ် အခွန်နည်းနည်းလေး ပေးလိုက် ငွေဖြူဖြစ်ပြီလို့ လုပ်ပြသလို ဖြစ်နေတဲ့အတွက် အခွန်ပုံမှန်ဆောင်နေတဲ့ သူတွေကို မဆောင်ဖို့ မောင်းထုတ် လိုက်သလို ဖြစ်နေတယ်။ နှစ်အချက် နှစ်အဆက်ဆက် ဘယ်ကရမှန်း မသိပဲနဲ့ ကြွယ်ဝနေတဲ့ သူတွေကိုကျတော့ အခွန်နည်းနည်းလေး ဆောင်ခိုင်းပြီး ငွေဖြူအကုန်လာလုပ်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေတယ်လို့ မြင်တယ်။ တစ်ကယ်ဆို လုံးဝရလမ်းမပြနိုင်တဲ့ ငွေဆိုရင် သိန်းထောင်သောင်းချီလာရင် ၅၀ ရာခိုင်နှုန်းလောက် ကောက်သင့်တယ်။ အခု ဥပဒေကြမ်းမှာပါတဲ့ အခွန်နှုန်းထားကတော့ ပုံမှန်ဆောင်သူကို ခက်စေပြီး ငွေမည်းသမားတွေ ခဝါချဖို့ ပိုအားပေးထားတဲ့ပုံစံ ဖြစ်နေတယ်လို့ မြင်တယ်” ဟု သုံးသပ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အသေးစား အလတ်စား လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်သူက “လစာဝင်ငွေ ကျပ်သိန်း ၂၀ အထက်ရတဲ့သူက ငါးရာခိုင်နှုန်းက စဆောင်ရတယ်။ ဘယ်ကရမှန်း မသိတဲ့ငွေ ကျပ်သိန်း ၁၀၀၀ ကျော်ကနေ ၅၀၀၀ အထိက ငါးရာခိုင်နှုန်း ဆောင်လိုက်တာနဲ့ ငွေဖြူဖြစ်ပြီ။ ပုံမှန်အခွန် ဆောင်နေတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကျတော့ ဒီနှစ် သိန်း ၁၀၀ အခွန်ဆောင်ထားရင်၊ နောက်နှစ် ၁၅၀ တိုးကောက်တယ်။ နောက်နှစ်ဆို ၂၀၀ အဲဒီလိုမျိုး နှစ်တိုင်းတိုးတိုး ကောက်တယ်။ အခွန်လုံး၀ မဆောင်ပဲ ရှောင်ထားတဲ့ ငွေ၊ မူးယစ်၊ သစ်၊ ကျောက်မျက် မှောင်ခိုထားတဲ့ငွေ၊ အဂတိ လိုက်စားထားတဲ့ ငွေတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေကျတော့ အခွန်လေးနည်းနည်း ပေးလိုက်တာနဲ့ ငွေဖြူ တန်းဖြစ်မယ် ဆိုရင်တော့ ငွေမည်းခဝါချဖို့ အားပေးနေသလို ဖြစ်နေတယ်။ ရလမ်းမပြနိုင်တဲ့ငွေတွေ အများအပြား ရှိတဲ့သူတွေအတွက် ထွက်ပေါက်ကြီး ပေးထားသလို ဖြစ်နေတယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက နှစ်တိုင်းမှန်မှန်ကန်ကန် အခွန်ဆောင်နေတဲ့ သူတွေကို မဆောင်ချင်အောင် လုပ်သလို ဖြစ်နေတဲ့ အခွန်နှုန်းတွေလို့ သုံးသပ်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင်က “ကျပ်သိန်း ၁၀၀၀၀၊ ၁၅၀၀၀ ဆိုတဲ့ ပမာဏက ရလမ်းမပြနိုင်ဘူးဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ ဒီငွေပမာဏဟာ ရလမ်းပြကို ပြနိုင်ရပါမယ်။ ၂၀၁၀ လောက်မှာ ဒီပမာဏမျိုးနဲ့ လုပ်ခဲ့တယ် ဆိုရင်တော့ မပြောလိုပါဘူး။ အခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်၊ ဒီမိုကရေစီစနစ်ကို ပြောင်းခဲ့တာ ငါးနှစ်ရှိခဲ့ပြီ ဖြစ်တဲ့အတွက် ၂၀၁၆၊ ၂၀၁၇ မှာတော့ ရလမ်းမပြနိုင်ဘူးဆိုတာ လုံးဝမဖြစ်သင့်တော့ပါဘူး။ ကျပ်သိန်း ၃၊ ၄၊ ၅၀၀ လောက်ကို ရလမ်းမပြနိုင်တာ မျိုးကတော့ ဖြစ်နိုင်ပေမယ့် ကျပ်သိန်း သောင်းဂဏန်းက ရလမ်းမပြနိုင်ဘူး ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူး။ နောက်တစ်ချက်က အဲဒီလိုရ လမ်းမပြနိုင်တဲ့ ငွေတွေအပေါ် စည်းကြပ်တဲ့ အခွန်နှုန်းက ပုံမှန်ပေးဆောင် နေတဲ့သူတွေနဲ့ တန်းတူဖြစ်နေတယ်။ ပုံမှန်ပေးဆောင်နေတဲ့ သူတွေထက် နည်းနေတယ် ဆိုတာလည်း မဖြစ်သင့်ဘူး။ အဲဒီလို ကျပ်သိန်းထောင်သောင်း ပမာဏဆိုရင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း လောက်ကနေစပြီး စည်းကြပ်သင့်ပါတယ်။ ဒီနှုန်းအတိုင်း ဆိုရင်တော့ ရလမ်းမပြနိုင်တဲ့ ငွေတွေရှိနေသူတွေ အတွက် ငွေကြေး ခဝါချဖို့ အခွင့်အရေး ပိုရမယ့် အနေအထားလို့ သုံးသပ်ရမှာပါ” ဟု ပြောကြားခဲ့ပါသည်။
လာဘ်ပေးလာဘ်ယူမှုနှင့် မူးယစ်ဆေးဝါးကဲ့သို့ တရားမဝင် နည်းလမ်းများမှ ရရှိသော ငွေမည်းများကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၊ အခန်း (၆)၊ ဝင်ငွေခွန် ဥပဒေက ငွေဖြူဖြစ်အောင် လုပ်ပေးသကဲ့သို့ ဖြစ်နေ










