ဒုတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ်များကို လွှတ်တော်ရုံးများ တောင်းခံ

ဒုတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ်များကို လွှတ်တော်ရုံးများ တောင်းခံ
Published 23 December 2015

၂၀၁၆ ခုနှစ်တွင် ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးသို့ တက်ရောက်ကြမည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ်များကို လွှတ်တော်ရုံးများက တောင်းခံထားကြောင်း သတင်းရရှိသည်။အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းများကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးသို့ ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးထား ပေးပို့ရန် အမျိုးသားလွှတ်တော်ရုံးက သက်ဆိုင်ရာပါတီများထံသို့ အကြောင်းကြားခဲ့ပြီး အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းများကိုလည်း ပြည်သူ့လွှတ်တော်ရုံးသို့ ၂၀၁၆ ဇန်နဝါရီ ၅ ရက် နောက်ဆုံးထား ပေးပို့ရန် ပြည်သူ့လွှတ်တော်ရုံးက တောင်းခံခဲ့ကြောင်း သိရသည်။အဆိုပါ ကိုယ်ရေးမှတ်တမ်း တောင်းခံမှုနှင့် ပတ်သက်ပြီး အနိုင်ရ တာမွေမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “ဒုတိယအကြိမ် လွှတ်တော်အတွက် တောင်းတာပါ။ အန်ကယ်က လက်ရှိ ကိုယ်စားလှယ်လည်း ဖြစ်တော့ အရင်က ပေးပြီးသားပါ။ ထပ်တောင်းတော့လည်း ထပ်ပေးရတာပေါ့။ အဆင်သင့်လည်း ရှိပါတယ်” ဟု ပြောကြားသည်။ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) တွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးအေးသာအောင်က “ပါတီကိုလည်း တစ်စုံပို့ပေးလိုက်တယ်။ မြောက်ဦးခရိုင် ကော်မရှင်ကလည်းတောင်းလို့ တစ်စုံ ပို့ပေးလိုက်ပါတယ်။ ပါတီကတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးဆီ ပို့ပေးမှာပါ” ဟု ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၃၂၂ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးချယ်ခံခဲ့ရပြီး အမျိုးသားလွှတ်တော်အတွက် ပါတီ ကိုးပါတီမှ ကိုယ်စားလှယ်လောင်း ၁၆၆ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနှစ်ဦး ရွေးချယ်ခံခဲ့ရသည်။၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ပြည်သူ့လွှတ်တော် ၃၂၃ နေရာရှိရာ NLD ပါတီက ၂၅၅ နေရာ၊ ပြည်ခိုင်ဖြိုးပါတီ ၃၀ နေရာ၊ ရခိုင်အမျိုးသားပါတီ ၁၂ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၁၂ နေရာ၊ တအာင်း(ပလောင်)အမျိုးသားပါတီ သုံးနေရာ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ သုံးနေရာ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နှစ်နေရာ၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ နှစ်နေရာ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ  တစ်နေရာ၊ ၀ ဒီမိုကရက်တစ်ပါတီ တစ်နေရာ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ တစ်နေရာနှင့် တစ်သီးပုဂ္ဂလ တစ်နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။အမျိုးသားလွှတ်တော် ၁၆၈ နေရာတွင် NLD ပါတီက ၁၃၅ နေရာ၊ ပြည်ခိုင်ဖြိုးပါတီ ၁၁ နေရာ၊ ရခိုင်အမျိုးသားပါတီ ၁၀ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် သုံးနေရာ၊ တအာင်း(ပလောင်)အမျိုးသားပါတီ နှစ်နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ တစ်နေရာ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နှစ်နေရာ၊ မွန်အမျိုးသားပါတီ တစ်နေရာ၊ တစညပါတီ တစ်နေရာနှင့် တစ်သီးပုဂ္ဂလ နှစ်နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။လွှတ်တော်နှစ်ရပ်ပေါင်းမည့် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ ဝဒီမိုကရက်တစ်ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံခဲ့ရသည်။

Most Read

Most Recent