၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအရ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၃၃ ခုရှိရာ ကိုးဖွဲ့မှာ အရှုံးပေါ်ပေါက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ပြောကြား

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအရ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၃၃ ခုရှိရာ ကိုးဖွဲ့မှာ အရှုံးပေါ်ပေါက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ပြောကြား
Published 23 December 2015

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် အဖွဲ့အစည်း ၂၆ ဖွဲ့နှင့် ဘဏ္ဍာရန်ပုံငွေ အစီအစဉ် ပြင်ပမှ ဆောင်ရွက်မည့် အဖွဲ့ခုနစ်ဖွဲ့ရှိပြီး စုစုပေါင်း နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၃၃ ခုရှိရာ ကိုးဖွဲ့မှာ အရှုံးပေါ်ပေါက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းစဉ် ဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၂၆ ခုအနက် ရှစ်ဖွဲ့မှာ အရှုံးပေါ်ပေါက်ကြောင်း၊ အဆိုပါ စီးပွားရေး အဖွဲ့အစည်းများမှာ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စာတိုက်လုပ်ငန်း၊ လျှပ်စစ်ဝန်ကြီးဌာနအောက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းများ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အောက်ရှိ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေးတို့ ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ် ပြင်ပမှ ဆောင်ရွက်သည့် အဖွဲ့အစည်း ခုနစ်ခုအနက် ပို့ဆောင်ရေး ဝန်ကြီးဌာနအောက်ရှိ ပြည်တွင်းပို့ဆောင်ရေးတို့မှာ အရှုံးပေါ်ပေါက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။အရှုံးပေါ်ပေါက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွင် ကျပ်သန်း ၉၆၆ ဒသမ ၉၈၆၊ မြန်မာ့စာတိုက် လုပ်ငန်းတွင် ကျပ်သန်း ၁၂၄၁၉ ဒသမ ၂၀၅၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတွင် ကျပ်သန်း ၃၇၇၇၅၀ ဒသမ ၉၃၄၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်းတွင် ကျပ်သန်း ၂၃၃၉၆ ဒသမ ၀၆၉၊ အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်းတွင် ကျပ်သန်း ၂၈၂၉၇ ဒသမ ၉၂၉၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းတွင် ကျပ်သန်း ၃၂၃၆၂ ဒသမ ၀၇၉၊ မြန်မာ့မီးရထားတွင် ကျပ်သန်း ၈၁၇၁၆ ဒသမ ၂၈၉ နှင့် ကုန်းလမ်းပို့ဆောင်ရေးတွင် ကျပ်သန်း ၃၆၇၆ ဒသမ ၉၀၉နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် ကျပ်သန်း ၅၈၈၂ ဒသမ ၁၉၂ အရှုံး ပေါ်ပေါက်နိုင်ကြောင်း ခန့်မှန်းထားသည်ဟု ဝန်ကြီး၏ ရှင်းလင်းချက်အရ သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှ စုစုပေါင်း ဝင်ငွေ ကျပ်သန်း ၇၇၂၇၇၇၈ ဒသမ ၉၁၂ နှင့် သုံးငွေ ကျပ်သန်း ၆၂၂၅၃၅၁ ဒသမ ၆၈၀ အကောင်အထည် ဖော်ရန်နှင့် ကျပ်သန်း ၁၅၀၂၄၂၇ ဒသမ ၂၃၂ အမြတ်ငွေ ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent