လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းဒေါ်လာ သန်း ၆၀၀၀ ဝင်ရောက်ရန် လျာထားပြီး ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံ က ဒေါ်လာ သန်း ၄၀၀၀ နီးပါး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ရှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၉၄၃ ဒသမ ၁၈၄ သန်း ဝင်ရောက်ထားပြီး လုပ်ငန်းပေါင်း ၁၂၉ ခုတွင် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဝင်ရောက်မြှုပ်နှံမှု ပြုသည့်နိုင်ငံများမှာ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ နယ်သာလန်နှင့် ဗြိတိန် စသည့်နိုင်ငံတို့မှ ဝင်ရောက်မြှုပ်နံှမှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သယ်ယူပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် မြှုပ်နှံမှု ပြုလုပ်ထားကြခြင်း ဖြစ်ကြောင်းသိရသည်။
နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုကို ကြည့်မည်ဆိုပါက စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁၂၁ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေပြီး တရုတ်နိုင်ငံက ဒေါ်လာ ၆၆၅ သန်းကျော်ဖြင့် ဒုတိယအများဆုံး ဝင်ရောက်မြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံမှုပမာဏမှာမူ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၀၄၉ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၇၃၆ သန်းကျော်ဖြင့် ဒုတိယအများဆုံး မြှုပ်နှံသည့်ကဏ္ဍဖြစ်ကာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၆၈၅ သန်းကျော်ဖြင့် ဝင်ရောက်မြှုပ်နှံထားပြီး အခြားကဏ္ဍများတွင်လည်း ဝင်ရောက်မြှုပ်နှံမှု ပြုထားကြောင်း သိရသည်။
ပြည်ပနိုင်ငံများအား မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေနှင့် Industrial Estate ကဏ္ဍတို့တွင် ရာနှုန်းပြည့် နိုင်ငံခြားမြှုပ်နှံမှုအရဖြစ်စေ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအရဖြစ်စေ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လျာထားချက်နှင့် အမှန်ခွင့်ပြုပေးခဲ့သည့် ပမာဏများကို ကြည့်မည်ဆိုပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၁၀၀၀ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြုပမာဏမှာ ဒေါ်လာ ၃၄၁၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၃၀၀၀ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြုပမာဏမှာ ဒေါ်လာ ၄၁၀၇ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၄၀၀၀ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြုပမာဏမှာ ဒေါ်လာ ၈၀၁၀ သန်းကျော်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံပေါင်း ၄၁ နိုင်ငံက ဝင်ရောက်မြှုပ်နှံရန် ခွင့်ပြုချက်ရယူထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ဒေါ်လာ ၅၈ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လက်ရှိ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၆၀၀၀ ဝင်ရောက်ရန် လျာထားပြီး ဘဏ္ဍာနှစ် ရှစ်လအတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံက ဒေါ်လာ သန်း ၄၀၀၀ နီးပါး ဝင်ရောက်မြှုပ်နှံထား










