ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ဆက်လက်တိုးမြှင့် သတ်မှတ်လျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်အထိ ရှိလာကြောင်း စုံစမ်းသိရသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၃၀၉ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၆ ကျပ်ဝန်းကျင် တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၉၃၀ ဝန်းကျင်၊ ဝယ်ဈေး ၉၂၅ ကျပ်ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၃၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၄၂၂ ကျပ် ဝန်းကျင်တွင် ရှိနေသည်။
ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်း ငွေလဲနှုန်းသည် ဒီဇင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာလဲနှုန်းသည် ၁၃၀၁ကျပ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ ၁၃၀၄ ကျပ်သို့ စတင်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ တတိယပတ် ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၅ ကျပ်အထိ ရှိခဲ့သည်။
ဒီဇင်ဘာ နောက်ဆုံးပတ် ၂၁ ရက် တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၇ကျပ်မှ ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ်သို့ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်း ၁၃၁၁ ကျပ်အထိ ရှိလာခဲ့သည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့်သတ်မှတ်ခြင်းနှင့်အတူ ဒီဇင်ဘာ ၁၄ ရက် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်မှ ဒီဇင်ဘာ ၂၁ ရက် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၃၁၀ ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ် သို့ ပြန်လည် ကျဆင်းလာခဲ့သည်။
ဒီဇင်ဘာ၂၃ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ လေးသန်းကို ရောင်းချခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၁၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၃ ကျပ်ဝန်းကျင် တွင်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာကွာဟ ချက်များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ပြီး နောက်ငါးလအကြာ ဒီဇင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်အထိ ၁၁၁ ကျပ်သို့ ဆက်လက်မြင့်တက်လျက် ရှိသည်။
ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ဆက်လက်တိုးမြှင့် သတ်မှတ်လျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်အထိ ရှိလာ










