EITI အစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ကုမ္ပဏီများမှ အခွန်အကောက်ပေးဆောင်မှု ရာနှုန်းပြည့် ပါဝင်မည်ဖြစ်သော်လည်း ကျောက်မျက်ကဏ္ဍမှ အခွန်ရရှိမှု၏ ၆၇ ရာခိုင်နှုန်းဖြစ်သော ကုမ္ပဏီ ၃၀၊ သတ္တုကဏ္ဍ၌ အခွန်၏ ရာခိုင်နှုန်း ၅၀ ဖြစ်သော ကုမ္ပဏီ ၁၁ ခုသာ ပူးပေါင်းပ

EITI အစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ကုမ္ပဏီများမှ အခွန်အကောက်ပေးဆောင်မှု ရာနှုန်းပြည့် ပါဝင်မည်ဖြစ်သော်လည်း ကျောက်မျက်ကဏ္ဍမှ အခွန်ရရှိမှု၏ ၆၇ ရာခိုင်နှုန်းဖြစ်သော ကုမ္ပဏီ ၃၀၊ သတ္တုကဏ္ဍ၌ အခွန်၏ ရာခိုင်နှုန်း ၅၀ ဖြစ်သော ကုမ္ပဏီ ၁၁ ခုသာ ပူးပေါင်းပ
Published 23 December 2015
ဇော်ဝေ

နိုင်ငံတကာ EITI ရုံးသို့ ပထမဆုံးအကြိမ် တင်သွင်းမည့် EITI အစီရင်ခံစာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကုမ္ပဏီများမှ အခွန်အခပေးဆောင်ထားမှုအတွက် ရာခိုင်နှုန်းပြည့် ပါဝင်မည်ဖြစ်သော်လည်း ကျောက်မျက်ကဏ္ဍမှ အခွန်ရရှိမှု၏ ၆၇ ရာခိုင်နှုန်းဖြစ်သော ကုမ္ပဏီ ၃၀ နှင့် သတ္တုကဏ္ဍ၌ အခွန်၏ ရာခိုင်နှုန်း၅၀ ဖြစ်သော ကုမ္ပဏီ ၁၁ ခုသာ ပူးပေါင်းပါဝင်ကြောင်း မြန်မာ EITI ရုံး Website တွင် ထုတ်ပြန်ထားမှုအရ သိရသည်။
 
ဝန်ကြီးဌာနများ ပူးပေါင်းပါဝင်မှုအနေဖြင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ သတ္တုတွင်းဦးစီးဌာန၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း (၁)၊ (၂)၊ (၃)နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊အကောက်အခွန်ဦးစီးဌာနနှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနတို့ ပါဝင်မည်ဖြစ်ပြီး အစိုးရဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ၁၀၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
 
EITI အစီရင်ခံစာတွင် ပါဝင်မည့် အခွန်အခရရှိမှုနှင့် လုပ်ငန်းများသည် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ရရှိသည့် အခွန်အခများကိုသာ ထည့်သွင်းထားကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တုကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကို တိုက်ဆိုင်စစ်ဆေးထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားထားသည်။
 
ရေနံနှင့် သဘာဝဓာတ်ငွေ့ကအနေဖြင့် မုတ္တမကမ်းလွန်ရှိ တနင်္သာရီကမ်းလွန်ရှိ ရဲတံခွန်၊ ရတနာစီမံကိန်းများမှ ထိုင်းနိုင်ငံသို့ တင်သွင်းရောင်းချမှုမှ ရရှိသည့် အခွန်အခများကို ဖော်ပြနိုင်မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံသို့ စတင်တင်ပို့ ရောင်းချခဲ့သည့် ဇောတိကနှင့် တရုတ်သို့ ရောင်းချနေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အခွန်အခရရှိမှု ပါဝင်နိုင်ဦးမည် မဟုတ်ကြောင်း၊ ကျောက်မျက်နှင့် သတ္တုကဏ္ဍတွင်လည်း ကုမ္ပဏီ ၂၀၀ မှ ၃၀၀ အထိ ရှိသော်လည်း အခွန်ပေးဆောင်မှုအရ နည်းပါးသည့် ကုမ္ပဏီများအနေဖြင့် ပါဝင်လာဦးမည် မဟုတ်ကြောင်းလည်း EITI အစီရင်ခံစာ သုံးသပ်မှုဆိုင်ရာ မီဒီယာသင်တန်းတွင် ပြောကြားခဲ့ကြောင်းလည်း သိရသည်။
 
တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်းထွက်နှင့် ကျောက်မျက်ရတနာ ကဏ္ဍများမှရရှိသော အခွန်အခများ ပွင့်လင်းမြင်သာမှုရှိရေး ဆက်စပ်အချက်အလက်များကို အများပြည်သူသို့ အစီရင်ခံထုတ်ပြန်နိုင်ရန် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (MEITI) ပထမအကြိမ် အစီရင်ခံစာကို ဒီဇင်ဘာတွင် ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း သိရသည်။
 
လက်ရှိတွင် အစီရင်ခံစာ ရေးသားသည့် Moore Stephens အဖွဲ့၏ တိုက်ဆိုင်စစ်ဆေးတွေ့ရှိချက်များ၊ EITI စံနှုန်းအရ ထုတ်ဖော်ရမည့် တွင်းထွက်သယံဇာတကဏ္ဍ၏ နောက်ခံအချက်အလက်များပါဝင်သော မြန်မာနိုင်ငံ၏ အစီရင်ခံစာမူကြမ်းကို သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့နှင့် EITI လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများအား ၂၀၁၅ခုနှစ် ဒီဇင်ဘာ တတိယပတ်အတွင်း တင်ပြရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
 

Most Read

Most Recent