ဗဟိုဘဏ် သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၉ ကျပ်အထိ ဆက်လက် တိုးမြှင့်လျက်ရှိပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ် ဝန်းကျင်ရှိ

ဗဟိုဘဏ် သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၉ ကျပ်အထိ ဆက်လက် တိုးမြှင့်လျက်ရှိပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ် ဝန်းကျင်ရှိ
Published 22 December 2015
အောင်မြတ်ကို

ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၉ကျပ်အထိ ဆက်လက် တိုးမြှင့်လျက်ရှိပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ် ဝန်းကျင်ရှိနေကြောင်း သိရသည်။
ဗဟိုဘဏ်၏ သတ်မှတ် ရည်ညွှန်းငွေလဲနှုန်းသည် ဒီဇင်ဘာ တတိယပတ်  ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၅ ကျပ်အထိ ရှိခဲ့ပြီး ဒီဇင်ဘာ နောက်ဆုံးပတ် ၂၁ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၇ ကျပ်မှ ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ်သို့ ဆက်တိုက် မြင့်တက်လျက်ရှိသည်။
ဒီဇင်ဘာ၂၂ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁၆ သန်းကို ဝယ်ယူခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင်ရောင်းဈေး ၁၃၁၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၃ ကျပ်ဝန်းကျင် ရှိနေကြောင်း သိရသည်။
 မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ပြီး နောက် ငါးလအကြာ ဒီဇင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ်အထိ ၁၀၉ ကျပ်သို့ ဆက်လက်မြင့်တက်လျက် ရှိသည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့်သတ်မှတ်ခြင်းနှင့်အတူ ဒီဇင်ဘာ ၁၄ ရက် တစ်ဒေါ်လာလျှင်၁၃၀၀  ကျပ်ဝန်းကျင်မှ ဒီဇင်ဘာ၂၁ ရက် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၃၁၀ ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။
ဒီဇင်ဘာ ၂၂ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၉  ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ လဲနှုန်းမှာ ရောင်းဈေး ၁၃၀၉ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၃၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၂၅ကျပ်ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၂၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၄၁၀ ဝန်းကျင်တွင် ရှိနေသည်။
တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Refernece Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း၊ A.D လိုင်စင်ရ ဘဏ်များအကြား  Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ်  Reference Rate ၏ + ၀ ဒသမ ၃ ရာ ခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။                      

Most Read

Most Recent