ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ ဝင်ငွေခွန် တိမ်းရှောင်ရန်အတွက် ဝင်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း တရားစွဲတင်နိုင်ခြင်း မရှိသေး
ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကာလကြာ ဝင်ငွေခွန် တိမ်းရှောင်ရန်အတွက် ဝင်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟု ဆိုကာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးက ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
"အမှုဖွင့်ထားပြီး စစ်ဆေးစရာ ရှိတာတွေတော့ စစ်ဆေးထားတယ်။ ဒါပေမဲ့ တရားစွဲတင်ဖို့အတွက် ဥပဒေ အကြံပြုချက် တင်ထားတာ ပြန်ကျမလာသေးဘူး။ ဒါကြောင့် တရားစွဲ မတင်နိုင်သေးဘူး။ ဥပဒေရုံးက ပြန်ကျလာမှပဲ တရားစွဲတင်နိုင်မှာပါ"ဟု အဆိုပါ အမှုဖွင့်ထားသည့် အမှတ် (၈) ရဲစခန်းမှ စခန်းမှူးက ဆိုသည်။
အဆိုပါ စီးတီးမန်း ကုမ္ပဏီသည် ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၅ သက်ဆိုင်ရာ ဘဏ္ဍာနှစ်များအလိုက် ဝင်ငွေရရှိချိန်တွင် အခွန်ပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ ၂၅-၂-၁၉၉၇ ခုနှစ်တွင် ကုမ္ပဏီ စတင် တည်ထောင်ခဲ့ပြီး ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ဝင်ငွေကြေညာလွှာများကို ၁၈-၃-၂၀၁၂ မှသာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြခဲ့သည့်အတွက် ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ(က) ကို လိုက်နာရန် ပျက်ကွက်ကြောင်းစသည့် အချက်တို့ကို တွေ့ရှိခဲ့သည်ဟု သိရသည်။
ဝင်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်မှုများ၊ စည်းကြပ်မှုခံယူရန် ပျက်ကွက်မှုများသည် တမင်အခွန် ရှောင်လွှဲလိုသော သဘောသက်ရောက်ကြောင်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ဟိုတယ်၊ ပလာဇာ၊ ရုံးခန်း၊ ဈေးဆိုင်ခန်းနှင့် တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ် ဆောက်လုပ် ငှားရမ်းခြင်းများကို လုပ်ကိုင်နေသည့် စီးတီးမန်းကုမ္ပဏီသည် လွန်ခဲ့သော ၁၈ နှစ်ခန့်က ပျက်ကွက်မှုများ၊ ထိန်ချန်မှုများနှင့် ပတ်သက်၍ ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ ပုဒ်မခွဲ(ဂ)အရ ဆက်လက် အရေးယူနိုင်ရန် အခွန်ဆိုင်ရာ ဥပဒေများ လိုက်နာရန် ပျက်ကွက်သူ စီးတီးမန်းကုမ္ပဏီကိုယ်စား ကုမ္ပဏီ၏ တာဝန်ရှိသူ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်(ခ)လီဆန်ရှင်း၅၅နှစ်၊ လီရှော/ ဗုဒ္ဓ (ဘ)ဦးအလယ်ဖာနှင့် ဇနီးဖြစ်သူ ဒါရိုက်တာ အဖွဲ့ဝင် ဒေါ်နန်းလှစိန် ၅၂ နှစ်၊ ကချင်+ ရှမ်း+ လီရှော/ဗုဒ္ဓ (ဘ)ဦးအိုက်ဆမ်ရွက်ငင်းတို့ကို အရေးယူပေးရန် မြို့နယ်အခွန်ဦးစီးမှူး ဦးမင်းနွယ်က တိုင်တန်း၍ ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ)၃၉၄/၂၀၁၅၊ ၁၉၄၇ ခု နှစ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အောက်တိုဘာ ၁၃ ရက်က အမှုဖွင့်ထားခြင်း ဖြစ်သည်။
ယင်းစီးတီးမန်း ကုမ္ပဏီအုပ်စုမှ လုပ်ကိုင်ခွင့် ရရှိခဲ့သည့် မြေနေရာအတွင်း ဆောက်လုပ်ထားသော တော်ဝင်နှင်းဆီဆေးရုံ တတိယ အလွှာတွင် Health News အထူးကုဆေးခန်း အမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသနေခြင်း၊ ညစ်ညမ်းစာ၊ ညစ်ညမ်းဓာတ်ပုံများပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများ ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ ဆေးရုံပိုင်ရှင်များဖြစ်သော ဂရိတ်ဝေါလ် ဦးတင်မောင် (ခ)လီစန်းရှင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကိုပါ ထည့်သွင်း တရားစွဲဆိုခဲ့သော်လည်း ဇွန် ၃ ရက်က တရားခံပြေး အဖြစ်ကြေညာရာတွင် တရုတ်နိုင်ငံသားများနှင့် ဒေါ်နန်းလှစိန်သာ ပါဝင်ခဲ့ပြီး ဦးတင်မောင်မှာ မပါဝင်တော့ဘဲ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်။
ဒေါ်နန်းလှစိန်ကိုလည်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၂ (က)/၁၀၉ ကျင့် ၅၁၂ ဖြင့်သာ တရားခံပြေး အဖြစ်ကြေညာခဲ့ပြီး၊ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ၃၅/ ကျင့် ၅၁၂ ဖြင့် တရားစွဲဆိုထားမှုတွင် ဦးတင်မောင်နှင့်အတူ မပါဝင်ခဲ့ပေ။ ဒေါ်နန်းလှစိန်မှာ တရားရုံးသို့ လာရောက်သည့်နေ့မှာပင် ချက်ချင်း အချုပ်လွတ် ထုချေခွင့် အာမခံပေးခဲ့ပြီး ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်ခွင့် အာမခံကို ထပ်မံ လျှောက်ထားခဲ့ရာ ချမ်းအေးသာစံ မြို့နယ်တရားရုံးမှ ပယ်ချခဲ့သည်။ ဆက်လက်၍ ခရိုင်တရားရုံးကို အယူခံ ထပ်မံဝင်ခဲ့ရာ ခရိုင်မှလည်း ပယ်ချခဲ့ပြီး မြို့နယ်တရားရုံးသို့ အမှုတွဲ ပြန်လည်ချထားပေးခဲ့ရာတွင် ၎င်းပိုင်ဆိုင်သော နန်းတော် ဆေးရုံဆေးစာဖြင့် ကျန်းမာရေး မကောင်းသောကြောင့် ရုံးချိန်းနှစ်ပတ် ခွင့်ယူခဲ့ကြောင်း၊ ထပ်မံ၍ ရုံးချိန်း လာရောက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သဖြင့် အာမခံပေးထားသူများကို ပြန်လည်ဆင့်ခေါ်ခဲ့ရကြောင်း၊ နောက်ဆုံးတွင် တိုင်းတရားရုံးသို့ ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်၍ ထုချေခွင့်ကို ထပ်မံလျှောက်ထားရာ အမှုမှာ တစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။
ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ ဝင်ငွေခွန် တိမ်းရှောင်ရန်အတွက် ဝင်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း တရ