တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ဝန်ထမ်းများ ယခုအချိန်တွင် ပြည်သူများနှင့်အတူ ဝိုင်းဝန်း ပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ပြောကြား

တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ဝန်ထမ်းများ ယခုအချိန်တွင် ပြည်သူများနှင့်အတူ ဝိုင်းဝန်း ပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ပြောကြား
Published 21 December 2015
ဝေလင်းအောင်၊ နေမျိုးဝင်း

ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်တရားရုံး အသီးသီးမှ ထောင်ဒဏ် ၁၃ နှစ်လေးလ ချထားခံရသည့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ဒီဇင်ဘာ ၂၁ ရက်တွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းရုံးချိန်းတွင် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ဝန်ထမ်းများ အနေဖြင့် ယခုအချိန်တွင် ပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က တရားရုံးမှ အပြန်တွင် ပြောကြားခဲ့သည်။“ကျွန်တော် ဒီနေ့ တရားရုံးကို ဒီလ ၇ ရက်က စရဖကနေပြီးတော့ အင်းစိန် အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေကို ဥပဒေမဲ့ ခေါ်ယူ စစ်ဆေးတဲ့ ကိစ္စကို တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ပါတယ်။ ဒါဟာ အကျဉ်းကျ ခံနေရတဲ့ အကျဉ်းသားအတွက် လုံခြုံရေး စိုးရိမ်ရမှု ရှိနေပါတယ်။ အဲဒီအတွက် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ဝန်ထမ်းတွေ အားလုံးက ပြည်သူကို အကူအညီပေးပြီး တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်း ဆောင်ရွက် စေလိုပါတယ်” ဟု ကိုထင်ကျော် က ဒီဇင်ဘာ၂၁ ရက်တွင် ပြောကြားသည်။ဒီဇင်ဘာ ၂၁ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေ တစ်ဦးကို စစ်ဆေးခဲ့ပြီး အမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ခြောက်ဦး တင်ထားသည့်အနက် သုံးဦးကို ပယ်ခဲ့ကာ လာမည့် ဇန်နဝါရီ ၁ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ရဲဝန်ထမ်း တစ်ဦးအား ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း ကိုထင်ကျော်၏ ပြောပြချက်အရ သိရသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီလက မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက် နွယ်နီ (၁၀) လမ်းရှိ ရပ်ကွက်ပိုင် ကလေးများ ကစားသော ဘောလုံးကွင်း မြေနေရာအား လုပ်ငန်းရှင် တစ်ဦးက ဝယ်ယူခဲ့ပြီး ခြံခတ်ထားသည်ဟုဆိုကာ ကိုထင်ကျော်နှင့် ရပ်ကွက်နေ ပြည်သူတို့မှ ခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်းသို့ ဖျက်ဆီးခဲ့သဖြင့် အဆိုပါ မြေနေရာအား ဝယ်ယူထားခဲ့သူ ဦးမြင့်ဝေမှ ကိုထင်ကျော်နှင့် ရပ်ကွက်နေပြည်သူ သုံးဦးအား ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အများအကျိုး ဖျက်ဆီးမှု ပုဒ်မ ၄၂၇ တို့ဖြင့် ၂၀၁၅ ခုနှစ် မေ၂၇ ရက်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ကိုထင်ကျော်က ၎င်းအား စွဲဆိုထားသော အမှုနှင့် ပတ်သက်၍ အပြစ်မရှိကြောင်းနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက အကွက်ရိုက် ရောင်းစားခဲ့သည့် ရပ်ကွက် ကစားကွင်း မြေနေရာအား ပြည်သူထံ ပြန်လည်ပေးအပ်ရန် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားထားသည်။ထို့အပြင် ကိုထင်ကျော်မှာ အစိုးရအား အယုံအကြည် မရှိကြောင်း ဆန္ဒပြမှု အပါအဝင် မြေသိမ်းသည့် ကိစ္စရပ်အား ကန့်ကွက်ကြောင်း ဦးဆောင် ဆန္ဒပြမှုတို့ကြောင့် မြို့နယ်တရားရုံး ၁၃ ရုံးမှ ပြီးခဲ့သည့် လများက ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ၆ လ ချမှတ်ထားကြောင်း (MDCF) အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။