လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၌ လူငယ်တွေ ပါဝင်ခွင့် ရရှိရန်နှင့် ဖွံ့ဖြိုးမှု နောက်ကျနေသည့် တိုင်းရင်းသား ဒေသများ၏ အခက်အခဲများကို ဦးစားပေး ဖြေရှင်းရန် လူငယ်စင်တာမှလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေ

လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၌ လူငယ်တွေ ပါဝင်ခွင့် ရရှိရန်နှင့် ဖွံ့ဖြိုးမှု နောက်ကျနေသည့် တိုင်းရင်းသား ဒေသများ၏ အခက်အခဲများကို ဦးစားပေး ဖြေရှင်းရန် လူငယ်စင်တာမှလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေ
Published 21 December 2015

လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၌ လူငယ်တွေ ပါဝင်ခွင့် ရရှိရန်နှင့် ဖွံ့ဖြိုးမှု နောက်ကျနေသည့် တိုင်းရင်းသား ဒေသများ၏ အခက်အခဲများကို ဦးစားပေး ဖြေရှင်း ဆောင်ရွက်ပေးရန် ရွေးကောက်ပွဲနိုင်အရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် လူငယ်စင်တာမှ လူငယ်များက တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်စင်တာမှ လူငယ်များသည် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။နောက်လာမယ့် အစိုးရ လက်ထက်တွင် အမျိုးသားလူငယ်ရေးရာ မူဝါဒနဲ့ ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်လို့ ရမည်နည်း၊ လူငယ်စင်တာနှင့် ပတ်သက်သည့် အကြောင်းအရာများကိုတင်ပြ ဆွေးနွေးခဲ့ကြောင်းလည်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေးက ဆိုသည်။“အရေးတကြီး အဓိက ပြောခဲ့တာက လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပေါ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လူငယ်တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကို အဲဒါကို ကျွန်တော်တို့ လူငယ်တွေ ပါဝင်ခွင့်ရဖို့ဆိုတဲ့ အကြောင်းအရာလေးတွေကို ပြောပြဆွေးနွေးခဲ့တယ်။ နောက်ပြီးတော့ တိုင်းရင်းသား လူငယ်တွေနဲ့ ပတ်သက်လို့လည်း သူတို့ဘက်မှာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ကိစ္စတွေ၊ အခက်အခဲ ဖြစ်နေတဲ့ ကိစ္စတွေ အဲဒါတွေကို နောက်လာမယ့် အစိုးရလက်ထက်မှာ ဦးစားပေး ဖြေရှင်းသွားဖို့ ဒါတွေကို တင်ပြခဲ့တာပါ” ဟု ကိုမိုဃ်းသွေးက မီဒီယာများကို ပြောကြားသည်။ဆက်လက်ပြီး ကိုမိုဃ်းသွေးက “အန်တီကတော့ အဓိကတော့ တစ်ဖက်က လူငယ်ရေးရာ မူဝါဒဆိုတာ နိုင်ငံတိုင်းမှာလည်း ရှိနေတယ်။ လုပ်ရမယ့် ကိစ္စပါ ဒါကိုလည်း သူတို့တက်လာတဲ့ အစိုးရက ဆက်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်။ အဲမှာ ကျွန်တော်တို့ကို အထူးပြောသွားတဲ့ ကိစ္စက လူငယ်နဲ့ ပတ်သက်လို့ရှိရင် အသက် သတ်မှတ်ချက်ပေါ့နော် အဲဒါ အရေးကြီးတယ်ပေါ့။ လူငယ်ဆိုတာက သူရဲ့ ဒီပြောကြားချက်အရဆိုရင် လူငယ်ဆိုတာ အပြောင်းအလဲကာလတစ်ခုဖြစ်တယ်။ လူငယ်ဆိုတာ တည်တံ့နေတဲ့ လူတန်းစားတစ်ရပ် မဟုတ်ဘူး။ ပြောင်းလဲနေတဲ့ကာလ လူသည် အရွယ်မရောက်တဲ့ ဘဝကနေ လူကြီးဖြစ်သွားတဲ့ ဘဝကို သွားတဲ့ အပြောင်းအလဲဖြစ်တယ်။ အဲနေရာမှာ လူငယ်ဆိုပြီးတော့မှ လူငယ်ခေါင်းဆောင်တွေဟာ လူငယ်အဖွဲ့တွေမှာ ကိုယ့်အသက်ကို အသက်ကြီးတဲ့အထိ ဒီနေရာကြီးမှာပဲ အမြဲတမ်း မနေဖို့ ပြောတယ်။ ဒါ ကျွန်တော်တို့ အနေနဲ့လည်း လေ့လာသင်ယူစရာ အကြောင်းအချက်လည်း ဖြစ်တယ်ပေါ့။ ဒါမျိုးတွေ ပြောပြသွားတာ ရှိတယ်။ တိုင်းရင်းသား လူငယ်တွေနဲ့ ပတ်သက်လို့ ရှိရင်လည်း နောက်ပိုင်းမှာ ငြိမ်းချမ်းရေး အတွက်ဆိုရင် ပြည်ထောင်စုစိတ် ပိုပြီး ရှိလာအောင်၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပိုပြီးတော့ ပါဝင်လာအောင် ဒီလို ကိစ္စမျိုးတွေကိုလည်း ပြောသွားပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် ရှေ့ဆက်ပြီးတော့မှ အစိုးရသစ် ပေါ်လာတဲ့ အခါကြရင် လူငယ်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ လူငယ်နဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ အများကြီး လုပ်သွားဖို့ ပြောခဲ့ပါတယ်” ဟု ပြောကြားသည်။ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လူငယ်စင်တာမှ ကိုဒီငြိမ်းလင်းက ငြိမ်းချမ်းရေးတွင် လူငယ်များ၏ ပါဝင်မှု အခန်းကဏ္ဍ၊ လက်ရှိ လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှု၊ လူငယ်စင်တာကိစ္စများ၊ တိုင်းရင်းသားလူငယ်များ၏ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်များအပေါ် ထားရှိသည့် သဘောထား အမြင်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။“အန်တီက အဓိက လူငယ်ဆိုတာက နှောင်ကြိုးတွေကို ဖြတ်ထွက်နိုင်တဲ့ အနေအထား ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ အပေါ်မှာရှိတဲ့ အတိတ်ရဲ့ အရိပ်တွေကို ဖယ်ခွာနိုင်တဲ့ အစွမ်းအစလည်းရှိတယ်။ ဒါပေမယ့် တစ်ဖက်က ဘာဖြစ်လည်းဆိုတော့ လူငယ်က အဖြူထည်ဖြစ်တဲ့ အခါမှာ အရောင်ဆိုးတာလည်း လွယ်ကူတယ်ဆိုပြီးတော့ ပြောတယ်။ လူငယ်တွေ ပါဝင်ပတ်သက်မှုကို လက်ခံတယ်။ ပြီးတော့ လူငယ်တွေ အနေနဲ့ ဒီထက်ပိုပြီးတော့ ကြိုးစားရမယ်။ ဖက်လိုက်မှုကင်းတဲ့ လူငယ်ဖြစ်အောင် တည်ဆောက်ယူပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားကြောင်း ကိုဒီငြိမ်းလင်းက ဆိုသည်။ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်ပြီး NLD က လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့် ကိုယ်စားလှယ်များနှင့် လူငယ်များ တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ကိုဒီငြိမ်းလင်းက ဆက်လက်ပြောကြားသည်။“လူငယ်တွေက သူတို့ ပါဝင်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေပေါ့၊ လူငယ်စင်တာဖွဲ့တဲ့ ကိစ္စတွေ၊ နောက်ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူတို့ ပါဝင်တဲ့ ကိစ္စတွေ အဲဒါတွေနဲ့ပတ်သက်လို့ ပြောတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ နောက်တစ်ခါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမယ်။ အခုဟာက အချိန်မရသေးဘူး ဒီလောက်ပဲ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောကြားသည်။     

Most Read

Most Recent