(၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုခံ အခမ်းအနား ကျင်းပရန် မရှိ၍ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ကြားရန်မရှိ

(၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုခံ အခမ်းအနား ကျင်းပရန် မရှိ၍ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ကြားရန်မရှိ
Published 20 December 2015
အောင်ဇော်ထွန်း

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုခံ အခမ်းအနား ကျင်းပရန် မရှိ၍ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ကြားရန် မရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြု ပြောကြားသည်။၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်က (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့ရာ အစိုးရ အသိအမှတ်ပြု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ် ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ရာ အဖွဲ့အချို့မှ လွဲ၍ ဖိတ်ကြားခံ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က ဖိတ်တယ်ဆိုတာ ဗိုလ်ရှုသဘင်ကြောင့် ဖိတ်တာ။ ဗိုလ်ရှုသဘင်က လွှတ်တော်မှာလည်း တရားဝင် ဖြေထားတယ် ပြောတယ်။ ငါးနှစ်သက်တမ်းမှာ တစ်ကြိမ်ပဲလုပ်မယ် ဆိုတာ။ ဒီနှစ်မှာ ဗိုလ်ရှုသဘင်လုပ်မယ့် အလားအလာ မတွေ့ဘူး။ မနှစ်ကတော့ ဗိုလ်ရှုသဘင်ကြောင့် ဖိတ်တာ။ အဲဒီရှေ့က နှစ်တွေမှာတော့ မဖိတ်ဘူး။ ဗိုလ်ရှုသဘင်က အစိုးရသက်တမ်းရဲ့ ငါးနှစ် သက်တမ်းမှာ တစ်ကြိမ်ဆိုပြီးတော့ ပြောထားတယ်လို့ ပြောတယ်” ဟု ဒီဇင်ဘာ ၁၉ ရက်က ပြောကြားသည်။အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ ဦးလှမောင်ရွှေက “ကျွန်တော် သိသလောက်တော့ ဗိုလ်ရှုသဘင် ဒီနှစ် မလုပ်ဖြစ်ရင်တော့ ဖိတ်ဖြစ်မယ် မထင်ဘူးဗျ” ဟု ပြောကြားသည်။(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားတွင် အလံကိုင် တပ်ဖွဲ့များ၊ စစ်တီးဝိုင်း တပ်ဖွဲ့များနှင့် စစ်ရေးပြ တပ်ဖွဲ့များ၊ ယန္တရား တပ်ဖွဲ့များ စုရပ်ကွင်းသို့ ချီတက် နေရာယူ၍ နိုင်ငံတော် သမ္မတအား အလေးပြုခြင်းနှင့် တပ်အစစ်အဆေးခံခြင်း၊ နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအား အလေးပြုခြင်းနှင့် အောက်မေ့ သတိရသောအားဖြင့်  ငြိမ်သက် ဂါရဝပြုခြင်း၊ နိုင်ငံတော် သမ္မတ၏ (၆၇) နှစ် မြောက်လွတ်လပ်ရေးနေ့ မိန့်ခွန်းနာယူခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုခြင်း၊ နိုင်ငံတော် သမ္မတအား စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုခြင်း၊ တပ်မတော် လေတပ်လေယာဉ်များ အုံဖွဲ့ချီတက် အလေးပြုခြင်း စသည့် အစီအစဉ်တို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့ကြသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် စတင် ကျင်းပမည်ဟု နိုင်ငံတော် သမ္မတရုံးက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့အနက်မှ ၁၁ ဖွဲ့ကို အထူး ဖိတ်ကြားသူများအဖြစ် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များကို အခြေခံ၍ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စသည်တို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent