မြန်မာတို့၏ ချင်ခြင်း

မြန်မာတို့၏ ချင်ခြင်း
Published 20 December 2015
သန်းထိုက်

လူတွေမှာ ချင်ခြင်းဆိုသည့် အာသာဆန္ဒ ပြင်းပြစွာ တောင့်တခြင်း ရှိတတ်သည်။ အထူးသဖြင့် နေမကောင်းနေသည့် လူနာများ၊ နာလန်ထစလူများနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် အဖြစ်များကြပါသည်။ နေမကောင်းရာမှ ပြန်ကောင်းခါစမှာ ရှောက်သီးသုပ်နှင့် ဟင်းခါးပူပူလေး စားချင်သည့် ချင်ခြင်း တပ်လေ့ရှိသည်။ နေကောင်းနေသည့် သာမန်လူများမှာလည်း စားချင်၊ ဝတ်ချင် သွားချင်၊ လိုချင်၊ ရချင်သည့် တောင့်တခြင်း အာသာဆန္ဒ ဖြစ်တတ်ပါသည်။
ကျန်းမာပြည့်စုံသူတို့၏ အာသာဆန္ဒ ပြင်းပြသော ချင်ခြင်းကတော့  လိုအပ်ချက်နှင့် လောဘတဏှာကြောင့် ဖြစ်တတ်သော်လည်း မပြည့်စုံမှုနှင့် ဆင်းရဲဒုက္ခ ရောက်သူတို့ကတော့ လောဘတဏှာကြောင့် တပ်မက်ခြင်း ပြင်းပြခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်၏ ဓာတ်ကြီး လေးပါးဖြစ်သော ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇောတို့ မျှတကျန်းမာစေရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ထင်မိပါသည်။
ကိုယ်ဝန်ဆောင်မိခင် တော်တော်များများသည်လည်း ချင်ခြင်းတပ်မှု ဖြစ်လေ့ရှိသည်။ တချို့က ဆေးလိပ်ပြာ၊ မီးသွေးခဲကို လျက်ချင် စားချင်သည်။ မိမိစားလေ့စားထမရှိသော အစာကို စားချင်သည်။ ယခင်က မကြိုက်မနှစ်သက်သော အစာကို စားချင်စိတ် ဖြစ်တတ်သည်။ တချို့တွင် ထူးခြားဆန်းပြား သော ချင်ခြင်းများ ဖြစ်တတ်သေးသည်။
ဓမ္မပဒ ဝတ္ထုတော်တွင် ပါရှိသည့် ဒီဃီတိ ကောသလမင်း၏ မိဖုရားကြီးတွင် ကိုယ်ဝန်ရှိသည့် အခါ ချင်ခြင်းတစ်မျိုး တပ်ခဲ့သည်။  မိဖုရားကြီးသည် အရှေ့အရပ်မှ နေဝန်း ထွက်ပေါ်လာသော အချိန်တွင် စစ်ဝတ်တန်ဆာ ဝတ်စားထားသော အင်္ဂါလေးတန်ရှိ စစ်သည်တို့ကို ကြည့်ရှုလိုခြင်း၊ သန်လျက်ဆေးသော ရေကို သောက်ချင်ခြင်းစသည့် အာသီသဆန္ဒ ပြင်းပြစွာ ချင်ခြင်းတပ်ခဲ့သည်။ ထိုအချိန်က ဘုရင်ကြီးသည် ရန်သူတို့ကြောင့် နိုင်ငံမှ စွန့်ခွာထွက်ပြေးရသည့် အချိန်ဖြစ်သည်။ မိဖုရားကြီး ချင်ခြင်းမှာ ပြင်းပြလှသည်။ သူမ၏ ချင်ခြင်းမပြည့်ပါက ညှိုးခွေနှလုံး ယူကျုံးမရ သေလွန်ရလတ္တံဟုပင် ဆိုခဲ့သည်။
ထိုမိဖုရားသည် ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ ခွင့်လွှတ်သည်းခံခြင်း ဆင်ခြင်တုံ့တရား ရှိစေခြင်းဖြင့်သာ ရန်ပြေငြိမ်းရန် ကြိုးစားအားထုတ်ခဲ့သည့် ဒီဃာဝုမင်းသား၏ မယ်တော်ပင်ဖြစ်သည်။ မိဖုရားကြီး၏ ချင်ခြင်းတပ်မှုသည် ကြောက်လန့် တုန်လှုပ်စရာသဘောကို ဆောင်သော်လည်း မွေးဖွားသည့် သားတော်မှာ ဖခင်၏ ဆုံးမသြဝါဒကြောင့် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ဆင်ခြင်တုံတရား ပြည့်ဝခြင်း၊ ငြိမ်းချမ်းစေခြင်းဟူသော လက္ခဏာကောင်းများနှင့် မွေးဖွားခဲ့သည်။
မြန်မာလူမျိုးတို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူတို့၏ ချင်ခြင်းကို ဖြည့်ပေးခဲ့သူ ဖြစ်သည်။ မြန်မာပြည်သူတို့ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်း၊ ချမ်းသာခြင်း အကျိုးကိုမျှော်၍ စိတ်ရှည်သည်းခံ ခွင့်လွှတ် စွန့်လွှတ်ခြင်းများနှင့် ပြည့်စုံခဲ့သူ ဖြစ်သည်။ ထို့အတူ မိမိ၏ မျိုးဆက်ကိုလည်း ဒီဃီတိ ကောသလမင်းကြီးလိုမျိုး လက်ဆင့်ကမ်း ပေးနိုင်ခဲ့သူ ဖြစ်သည်။ ထိုအကျိုးတရားကို မြန်မာတို့ ခံစားနိုင်မည်ဟု ယုံကြည် မျှော်လင့်မိပါသည်။
စစ်ပွဲများဖြစ်နေသော နိုင်ငံတစ်ခု၏ ဓာတ်ကြီးလေးပါး မျှတ ကျန်းမာဖို့အတွက် လိုအပ်နေသော ဓာတ်စာမှာ ယုံကြည်မှု၊ နားလည်မှုနှင့် အပေးအယူ မျှတမှုပင်ဖြစ်သည်။ ထိုဓာတ်စာမရပါက စစ်ပွဲများ ရပ်တန့်နိုင်မည်၊ အေးချမ်းနိုင်မည် မဟုတ်သလို နိုင်ငံ၏ ဓာတ်ကြီးလေးပါးလည်း ချို့ယွင်း ပျက်စီးနေမည်၊ အားအင်ချည့်နဲ့နေမည်သာ ဖြစ်ပါသည်။ ထို့အတူ နိုင်ငံတွင်းရှိ ပြည်သူတို့၏ ချင်ခြင်းတပ်မှုလည်း ပြေပျောက်နိုင်မည် မဟုတ်ပေ။
နိုင်ငံရေးမတည်ငြိမ်၊ စစ်ပွဲများ ဖြစ်နေသော နိုင်ငံတစ်ခု၏ ပြည်သူများသည် ငြိမ်းချမ်းရေး၊ လုံခြုံအေးချမ်းရေး၊ ဘဝသာယာရေးများကို ပြင်းပြစွာ ချင်ခြင်း တပ်နေမည် ဖြစ်သည်။ ဆင်းရဲမွဲတေ ဒုက္ခရောက်နေသော ပြည်သူများသည်လည်း ဘဝ၏သက်သာ ချောင်ချိရေး၊ ချမ်းသာရေးကို လိုချင်တပ်မက် ဆန္ဒပြင်းပြမည့် ချင်ခြင်း တပ်မည်သာ ဖြစ်ပါသည်။
လောကတွင် အာဏာပါဝါ လုပ်ပိုင်ခွင့်ရှိသူသည် စည်းစိမ်ဥစ္စာ ကျော်ဇောထင်ရှားမှုနှင့် အဓမ္မတရား၊ အဂတိတရားကို ချင်ခြင်းတပ်တတ်သည်။ စည်းစိမ်ဥစ္စာ ချမ်းသာသူက အာဏာပါဝါနှင့် အောင်မြင် ကြီးစိုးမှုကို ချင်ခြင်း တပ်တတ်သည်။ စည်းစိမ်ဥစ္စာ ချမ်းသာသူတို့သည် ကာမဂုဏ်အာရုံနှင့် မကောင်းမှု၊ မတရားမှုတို့ကို ချင်ခြင်းပေါ်တတ်သည်။ အတတ်ပညာ ပြည့်စုံသူတို့ကလည်း အောင်မြင်မှု ထောင်လွှားမှုနှင့် ပူဇော်ခံလိုမှုကို ချင်ခြင်းတပ်တတ်သည်။
 စိတ်ထားယုတ်ညံ့သူတို့သည် အတ္တနှင့် မတရားမှုကို ချင်ခြင်း ဖြစ်တတ်သည်။ ပညာမတတ်သူသည် စီးပွားဥစ္စာ ချမ်းသာမှုနှင့် ဝိသမလောဘကို ချင်ခြင်း တပ်တတ်သည်။ ဆင်းရဲဒုက္ခ ရောက်သူတို့သည် လူပီပီသသနေနိုင်ရေး၊ ဘဝချောင်လည်ရေးကို ပြင်းပြစွာ ချင်ခြင်း တပ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။
ခေါင်းဆောင်ကောင်းတို့ မည်သည်မှာ လည်း ပြည်သူတို့၏ စိတ်ချမ်းသာကိုယ်ချမ်း သာရေးကို မြင်ချင်တွေ့ချင်လုပ်ဆောင်ချင် သည့် ချင်ခြင်းတပ်မက်မှု ကြီးစွာရှိတတ် သည်။ ခေါင်းဆောင်ကောင်းတို့၏ ဓာတ်စာ သည် အာဏာပါဝါ စည်းစိမ်မဟုတ်။ ပြည်သူ တို့၏ ချစ်ခင်လေးစားမှု ယုံကြည်မှုနှင့် မေတ္တာ ပင်ဖြစ်ပါသည်။
မိခင်မြန်မာခမျာ နှစ်ပေါင်း ၆၀ ကျော် ခံစားနေရသော ဒဏ်ရာဒဏ်ချက်တို့ကြောင့် နာတာရှည် ဝေဒနာ ခံစားနေရသည်။ ဗုံးဒဏ်၊ အမြောက်ဒဏ်၊ အတ္တဒဏ်၊ ဝိသမလောဘဒဏ်၊ ရေမြေတောတောင် ပျက်စီးမှုဒဏ်၊ ရာသီဥတု ဖောက်ပြန်မှုဒဏ်တို့ကြောင့် ဆင်းရဲဒုက္ခခ ံစားနေရသည်မှာ ကြာပြီ ဖြစ်သည်။
မိမိ၏ မိသားစုဝင်များမှာလည်း စားဝတ် နေရေး မပြေလည ်မချောင်ချိ စိတ်ဝမ်းကွဲ၊ အနိုင်ကျင့် ဖိနှိပ်၊ မညီမျှမှုတွေကြောင့် စိတ် ရောကိုယ်ပါ မချမ်းသာ၊ ကမ္ဘာ့အလယ် မဝင့်ထည် မျက်နှာငယ်ရသည့်အဖြစ်များမှ လွတ် မြောက်ချင်သည့် အာသာဆန္ဒတွေ ပြင်းပြနေ ကြသည်။ မိခင်မြန်မာလိုအပ်နေသည့် ဓာတ် စာနှင့် ပြည်သူတို့၏ ချင်ခြင်းတပ်မှုကို ညွှန်ပြ ကုစားပေးမည့် သမားကောင်းတို့ လိုအပ်နေပြ ီဖြစ်သည်။
စက္ခုပါလ မထေရ်သည် အတိတ်က သမားတော် ဖြစ်ခဲ့သည်။ တစ်နေ့တွင် မျက်စိရောဂါ ပြင်းစွာ ခံစားနေရသော မိန်းမတစ်ယောက်ကို ဆေးကုပေးခဲ့သည်။ ဆေးမကုခင် အပေးအယူ လုပ် ကတိပြုခဲ့ကြသည်။ မျက်စိရောဂါပျောက်လျှင် ဆေးဖိုးအဖြစ် မိန်းမ၏ မိသားစုတစ်စုလုံး ကျွန်အဖြစ် ခံယူမည်ဟု။ သမားတော်၏ ဆေးစွမ်းကြောင့် မျက်စိရောဂါ ပျောက်သည်။
သို့သော် မိန်းမသည် ပေးထားသော ကတိကို ဖျက်ချင်သည့်အတွက် သူမ၏မျက်စိရောဂါ မသက်သာသည့်အပြင် ပိုဆိုးလာကြောင်း ပြောသည်။ သမားတော်ကလည်း သူမ၏ ကတိပျက်မှု၊ မရိုးသားမှု၊ လိမ်ညာ လှည့်ပတ်မှု၊ သည်းခံခွင့်လွှတ်နိုင်မှုကင်းပြီး တုံ့ပြန်မှုတို့ကြောင့် နှစ်ဦးစလုံးသည် ယခုဘဝေ နာက်ဘဝမှာ ဆင်းရဲဒုက္ခရတတ်သည့် အသိနှင့် ဆင်ခြင်တုံတရားများဖြင့် ဒီဃီတိ ကောသလမင်းကြီးလို ငြိမ်းချမ်းသာယာမှုကို အသိဉာဏ် ဆင်ခြင်တုံတရားများဖြင့် ရင်ဆိုင် ဖြေရှင်းခဲ့ရသော ဒီဃာရမင်းသားလို ဖြစ်စဉ်များနှင့် မြန်မာတို့ တွေ့ကြုံရပြီး နိုင်ငံ၏စိတ်ဓာတ်နှင့် ပြည်သူတို့၏ ချင်ခြင်းတို့ အမြန်ဆုံး ပြည့်ဝနိုင်ကြပါစေကြောင်း စာရေးသူလည်း ချင်ခြင်းတပ်နေမိပါသည်။

Most Read

Most Recent