NLD ပါတီအနေဖြင့် လူထုအား အကျိုးမပြုသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသစ်ပြန်လည် ရေးဆွဲခြင်းများ လာမည့်လွှတ်တော်တွင် ဆောင်ရွက်မည်

NLD ပါတီအနေဖြင့် လူထုအား အကျိုးမပြုသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသစ်ပြန်လည် ရေးဆွဲခြင်းများ လာမည့်လွှတ်တော်တွင် ဆောင်ရွက်မည်
Published 20 December 2015
ငြိမ်းဇော်လင်း

NLD  ပါတီအနေဖြင့် ပြည်သူလူထုအား အကျိုးမပြုသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသစ်ရေးဆွဲခြင်းများကို လာမည့် လွှတ်တော်တွင်း၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ပြောကြားသည်။
 
“ခေတ်နဲ့စနစ်နဲ့ မညီတဲ့ ဥပဒေတွေ၊ နောက် နိုင်ငံတကာစာချုပ်တွေနဲ့ မညီတဲ့ ဥပဒေတွေ၊ အပြည်ပြည်ဆိုင်ရာနဲ့ Convention တွေနဲ့ မညီတဲ့ဥပဒေတွေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီတာတွေ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ မညီတာတွေ စတဲ့ ဥပဒေတွေ အဲဒါတွေကတော့ အခြေအနေအချိန်အခါအရ ပြောင်းလဲတာတို့ ပြင်ဆင်တာတို့၊ ဖြည့်စွက်တာတို့ လုပ်ရမှာပေါ့။ ဥပဒေတစ်ခုဆိုတာက အခြေအနေအချိန်အခါရ ပြင်ရမှာပဲ။ ဖြည့်စွက်ရမှာပဲ။ လက်ရှိမှာတော့ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာ လွှတ်တော်တောင် မခေါ်ရသေးတော့ မူသဘောပဲ ပြောလို့ရမှာပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆိုသည်။
 
လက်ရှိ လွှတ်တော်သက်တမ်း ကာလတွင်လည်း ပြည်သူကို အကျိုးမပြုသည့် ဥပဒေများအနက် တစ်ခုဖြစ်သည့် ငြိမ်းစုစီဥပဒေကို ဆွေးနွေးစဉ်က ထောင်ဒဏ်များ ပယ်ဖျက်ပေးရန် ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
 
ယင်းသို့ ဥပဒေများ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကို လက်ရှိ လွှတ်တော်ကာလအတွင်း လုပ်ဆောင်ရန် အချိန်မရှိတော့သဖြင့် နောက်လွှတ်တော်မှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
 
“ပြဋ္ဌာန်းပြီးသား ဥပဒေတွေထဲမှာ ပြင်ဆင်သင့်တာတွေ၊ ပယ်ဖျက်သင့်တာတွေ၊ ပြုပြင်သင့်တာတွေ အားလုံးကို ကျွန်မတို့ အနေနဲ့ ဆက်ပြီး လုပ်သွားမှာပါ။ အဲဒီတော့ ပြည်သူလူထုကို အကျိုးမပြုတဲ့ ဥပဒေတွေ အကုန်ပါသွားမှာပါ”ဟု ဒေါ်ခင်စန်းလှိုင်က  ပြောကြားသည်။
 
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မဖြစ်သည့် ပုဒ်မ-၁၈ ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၂  မှ ၂၀၁၅ အထိ ငြိမ်းစုစီဥပဒေပုဒ်မနှင့် ဖမ်းဆီးတရားစွဲဆို ထောင်ချခံခဲ့ရ၊ တရားစွဲဆိုခံနေရသည့် တက်ကြွလှုပ်ရှားသူ အများအပြားရှိခဲ့သည်။ တက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုထင်ကျော်၊ ဒေါ်နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဦးဝင်းချို၊ ကိုဝေဠု၊ ကိုတင်ထွဋ်ပိုင်တို့သည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း ပုဒ်မ-၁၈ ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးတရားစွဲဆို ထောင်ချခြင်းခံခဲ့ရသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး အနိုင်ရရှိခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းများ အတည်ပြုရန်အတွက် မဲခွဲဆုံးဖြတ်သည့်အခါ အနိုင်ရနိုင်မည့် ပမာဏလွှတ်တော်သို့ ရောက်ရှိမည် ဖြစ်သည်။              

Most Read

Most Recent