လူငယ်များ နိုင်ငံရေး ဦးဆောင်မှုတွင် ပိုမိုပါဝင်ခွင့်ရရန် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အသက် ကန့်သတ်ချက်ကို လျှော့ချသင့်ကြောင်း အမျိုးသား လူငယ်ကွန်ဂရက် တိုက်တွန်း

လူငယ်များ နိုင်ငံရေး ဦးဆောင်မှုတွင် ပိုမိုပါဝင်ခွင့်ရရန် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အသက် ကန့်သတ်ချက်ကို လျှော့ချသင့်ကြောင်း အမျိုးသား လူငယ်ကွန်ဂရက် တိုက်တွန်း
Published 18 December 2015
ကျော်ဇင်ဝင်း

လူငယ်များ နိုင်ငံရေး ဦးဆောင်မှုတွင် ပိုမိုပါဝင်ခွင့်ရရန် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း ကန့်သတ်ချက်အား လျှော့ချ ပြင်ဆင်သင့်ကြောင်း အမျိုးသား လူငယ်ကွန်ဂရက် (National Youth Congress-NYC) ၏ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး စီမံကိန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ နယူးဧရာ ဟိုတယ်တွင် ကျင်းပခဲ့ပြီး NYC အနေဖြင့် ယင်းအစီရင်ခံစာကို နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် လေ့လာ စောင့်ကြည့်သူ ၁၁၂၇ ဦးဖြင့် ၂၉၁ မြို့နယ်ရှိ မဲရုံပေါင်း ၅၄၃ ရုံတွင် စောင့်ကြည့် လေ့လာ၍ ပြုစုခဲ့ခြင်းဖြစ်ကာ အစီရင်ခံစာတွင် ပါဝင်သော လူငယ်များနှင့် ပတ်သက်သော အခန်းကဏ္ဍတွင် “လူငယ်” ဆိုသည်မှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို ဆိုလိုခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ယင်း အစီရင်ခံစာ၌ လူငယ်များသည် ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် ၎င်းတို့၏ မဲပေးခွင့်များကို အသုံးပြု ပြီး နိုင်ငံသား တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်အပြင် မတူညီသော ကဏ္ဍအသီးသီးမှ တက်ကြွစွာ ပါဝင်ခဲ့ကြကြောင်း၊ လူငယ်များသည် စောင့်ကြည့် လေ့လာသူများအဖြစ် လည်းကောင်း၊ ပါတီ ကိုယ်စားလှယ်များအဖြစ် လည်းကောင်း၊ အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည့် မဲရုံမှူးများအဖြစ် လည်းကောင်း ပါဝင် ဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲနေ့ဖြစ်စဉ်ကို ဝန်းရံပါဝင်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ NYC မှ စောင့်ကြည့်ခဲ့သော မဲရုံများ၏ လေးပုံသုံးပုံ နီးပါးရှိ လေ့လာ စောင့်ကြည့်သူများတွင် ၇၅ ရာခိုင်နှုန်း အထက်မှာ လူငယ်များ ဖြစ်ကြကြောင်း၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လေးပုံတစ်ပုံထက်ပိုသော ပမာဏရှိသည့် မဲရုံများတွင် လူငယ်များ၏ ပါဝင်မှုများမှာ မဲရုံအတွင်းရှိ မဲရုံဝန်ထမ်း အဖွဲ့များ၊ ပါတီ ကိုယ်စားလှယ်များနှင့် လေ့လာစောင့်ကြည့်သူများစသည့် အခန်းကဏ္ဍ တစ်ခုချင်းစီတို့၏ စုစုပေါင်း ထက်ဝက်ကျော်ထိ ပါဝင်ခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။ထို့ပြင် လူငယ်များ၏ ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် ပါဝင်မှုကို ခွင့်ပြုထားသော်လည်း အရေးပါသော အုပ်ချုပ်ရေး ယန္တရားများနှင့် တိုင်းပြည်၏ ဦးဆောင်မှု နေရာများတွင်မူ ကန့်သတ်ထားသည်ကို တွေ့ရှိနိုင်ကြောင်း၊ ဥပမာအားဖြင့် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် နည်းဥပဒေများတွင် အသက် ၂၅ နှစ် ပြည့်ပြီးသူတိုင်း ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခွင့် ရှိသည်ဟု ဆိုထားပြီး အမျိုးသား လွှတ်တော် နည်းဥပဒေတွင် ကိုယ်စားလှယ်လောင်းမှာ အသက် ၃၀ ပြည့်ပြီးသူများသာ ရွေးချယ်ခံပိုင်ခွင့် ရှိသည်ဟု ဆိုထားခြင်းသည် လူငယ်များ၏ ပါဝင်မှုကို ကန့်သတ်ထားခြင်းအဖြစ် မြင်တွေ့ရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ထို့အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(ဂ) အရ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသူသည် အသက် ၄၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ကို လည်းကောင်း၊ ပုဒ်မ ၂၃၂ အခန်း (က) အပိုဒ် (၁) တွင် ပြည်ထောင်စု ဝန်ကြီး ရွေးချယ် တင်မြှောက်မှုတွင် အသက် ၄၀ ဟု လည်းကောင်း သတ်မှတ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် အခြေခံအားဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရှိသည်ဟု အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ အသီးသီးတွင် ပြဋ္ဌာန်း သတ်မှတ်ထားကြောင်း၊ အဆိုပါ အဓိပ္ပာယ်မှာ အသက် ၁၈ နှစ် ပြည့်သူတိုင်းသည် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများအတွက် မည်သူတို့ က တာဝန် ထမ်းဆောင်သင့်သည်ဆိုသည့် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ၎င်းတို့၏ ဆန္ဒမဲများဖြင့် ပါဝင်ခွင့်ရှိသည်ဟု ယူဆရမည် ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်အရွေးချယ်ခံပိုင်ခွင့်နှင့် အုပ်ချုပ်ရေး ခေါင်းဆောင်များအဖြစ် ခန့် အပ်ပိုင်ခွင့်တို့ကို မဲပေးပိုင်ခွင့် အသက် သတ်မှတ်ချက်ထက် များစွာ မြှင့်တင် ကန့်သတ်ထားခြင်းမှာ နိုင်ငံ့တာဝန်များကို လူငယ်များ ကိုယ်တိုင် ပါဝင်ခွင့် မရှိစေရန် တားဆီးထားရာ ရောက်နေသည်ကို တွေ့ရကြောင်း NYC ၏ နည်းပညာ ညှိနှိုင်းရေးမှူး ကိုစောသူရအောင်က ပြောကြားသည်။“လူငယ်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် သတ်မှတ်ထားသော အသက် အရည်အချင်း ကန့်သတ်ချက်ကို ၁၈ နှစ်အထိ လျှော့ချပြီး မဲပေးခွင့် ရှိသူတိုင်း ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိအောင် ပြင်ဆင်သင့်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများနဲ့ အခြားသော နိုင်ငံတော်အဆင့် တာဝန်များအတွက် အသက် အရည်အချင်း ကန့်သတ်ချက်များကို ပယ်ဖျက်ခြင်းဖြင့် လူငယ်လူရွယ်များ နိုင်ငံ၏ ဦးဆောင်မှုတွင် ပိုမို ပါဝင်ခွင့်ရလာအောင် လမ်းဖွင့်ပေးသင့်ပါတယ်။ လမ်းဖွင့်ပေးခြင်းနဲ့ လူငယ်များ နိုင်ငံရေးမှာ စိတ်ပါဝင်စားမှုနဲ့ တာဝန်ယူလိုစိတ်ကို ပိုမိုမြှင့်တင်နိုင်မည်ဟု အကြံပြုလိုပါတယ်” ဟု NYC ၏ စီမံကိန်း ဒါရိုက်တာ ကိုမိုဃ်းသွေးက ပြောကြားသည်။ အလားတူ နိုင်ငံရေးပါတီများ အနေဖြင့်လည်း လူငယ်များကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ပိုမို နေရာပေး ရွေးချယ်သင့်သည်ဟု အကြံပြုကြောင်းနှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် တိုင်းရင်းသား လူမျိုးစုံနှင့် ကိုးကွယ်ရာ ဘာသာများလည်း စုံလင်စွာ ထည့်သွင်းသင့်သည်ဟု အကြံပြုကြောင်း အစီရင်ခံစာတွင် တိုက်တွန်းထားသည်။  

Most Read

Most Recent