၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ အနိုင်ရပါတီများ၏ အမျိုးသမီးကဏ္ဍ မူဝါဒ အားနည်းသဖြင့် လွှတ်တော်တွင် ဥပဒေပြုရေးနှင့် မေးခွန်းများ မေးမြန်းရာတွင် အမျိုးသမီးများ အခန်းကဏ္ဍ ထည့်သွင်းစဉ်းစားနိုင်မှုအပေါ် စိုးရိမ်ကြောင်း အေးချမ်းမြန်မာ အင်စတီကျု (Gender and Development Institure -GDI)အမှုဆောင ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
OXFAM အဖွဲ့နှင့်အေးချမ်းမြန်မာ အင်စတီကျု(GDI)တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများ၏ နိုင်ငံ့အရေးတွင် ခေါင်းဆောင်မှုစီမံကိန်း အစိတ်အပိုင်း တစ်ခုဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်မှု လေ့လာတွေ့ရှိချက် စစ်တမ်းနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၁၄ ရက်က လှိုင်မြို့နယ်ရှိ GDI ၏ သင်တန်းခန်းမတွင် မီဒီယာများအား သတင်းထုတ်ပြန်ရာ၌ ထိုသို့ပြောကြားခြင်း ဖြစ်သည်။
“၂၀၁၅ ရွေးကောက်ပွဲဟာ လူကို အခြေခံပြီး ရွေးတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ ပါတီကိုအခြေခံပြီးတော့ ရွေးတဲ့ ရွေးကောက်ပွဲဖြစ်တော့ ပါတီက အမျိုးသမီးတွေကို များများထည့်ရင် များများ အရွေးခံရတယ်ဆိုတဲ့ တွေ့ရှိချက်ကို တွေ့ရပါတယ်”ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
၂၀၁၀ ရွေးကောက်ပွဲထက် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။
အမျိုးသမီးများ အခန်းကဏ္ဍနှင့် ပတ်သက်၍ မူဝါဒများရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ထည့်သွင်း ဟောပြောခဲ့သည့် နိုင်ငံရေး ပါတီအများစုမှာ ရွေးချယ်မခံရသည့်အတွက် လွှတ်တော်တွင်း အမျိုးသမီးအရေး ကိုယ်စားပြု ဆွေးနွေးပေးနိုင်မှုအပေါ် ၎င်းက စိုးရိမ်ကြောင်း ပြောကြားသည်။
“တစ်ဖက်ကလည်း လွှတ်တော်ထဲကို ရောက်သွားတဲ့ ပါတီတွေရဲ့အမျိုးသမီးနဲ့ ပတ်သက်တဲ့မူဝါဒတွေနဲ့ ကြည့်လိုက်ရင် တော်တော်လေး ဒီပါတီတွေရဲ့ အနေအထားသည် အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ တော်တော်ကြီး အားနည်းနေတယ်ဆိုတာ ဒါတော့ပြောရမယ်။ အဲဒါကြောင့် လွှတ်တော်ထဲမှာ အမျိုးသမီးအရေအတွက် ဒီလေးရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ တက်သွားလင့်ကစား အမျိုးသမီးတွေရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ ပါဝင်မှုအခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဥပဒေချမှတ်တဲ့နေရာမှာသော်လည်းကောင်း၊ ဥပဒေရေးဆွဲ ပြဋ္ဌာန်းတဲ့ နေရာမှာသော်လည်းကောင်း၊ အဆို တင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်း နေရာမှာသော်လည်းကောင်း၊ အများကြီးတော့ ပြောင်းလဲမှု ဖြစ်ထွန်းလာမယ့်လို့ မျှော်လင့်လို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ရာခိုင်နှုန်း ရှုထောင့်ကကြည့်ရင် တော်တော်ကျေ နပ်စရာ ဖြစ်ပေမယ့် ရာခိုင်နှုန်း ၃၀ မရမချင်းတော့ အမျိုးသမီးတွေ အသံနည်းနေဦးမှာပဲ။ အဲဒီအထဲမှာ ရွေးကောက် တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်ရရှိထားတဲ့ ၂၂ ပါတီရဲ့ အမျိုးသမီးတွေရဲ့မူဝါဒကို အကုန်လုံး ခြုံကြည့်လိုက်တဲ့အခါ အဲဒီထဲမှာ အားရပါးရရှိတဲ့ပါတီဆိုလို့ နှစ်ခု၊ သုံးခုထက်မပိုခဲ့ပါဘူး။ ကျွန်တော်တို့ နောက်ထပ် ငါးနှစ်တာ သက်တမ်းအတွက် စိုးရိမ်မှုရှိတယ်ဆိုတဲ့ အကြောင်းနဲ့ အမျိုးသမီးများ နိုင်ငံရေးမှာ ပါဝင်မှုနဲ့ပတ်သက်ပြီး တက်မထောင်လို့ မရသေးပါဘူးလို့ ပြောချင်ပါတယ်”ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဟောပြောမှုများတွင် အမျိုးသမီးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဟောပြောခြင်းမရှိဘဲ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်သာ ရေးသားထားသဖြင့် အမျိုးသမီးအရေး ဆောင်ရွက်ပေးမည့်အပေါ် စိုးရိမ်မှုမရှိသော်လည်း ယေဘုယျဆန်ဆန် ဆောင်ရွက်ခြင်း မပြုရန် GDI မှ Senior Program Officer ဒီမိုနာခူးက ပြောကြားသည်။
“အခုတက်လာမယ့် အစိုးရသစ်ကလည်း သူ့မှာ အာဂျင်ဒါတွေက အများကြီးရှိတယ်။ အထူးသဖြင့် အမျိုးသား ရင်ကြားစေ့ရေးတို့၊ ငြိမ်းချမ်းရေး သဘောတူညီမှုတို့ ဘာတို့ အများကြီးရှိတယ်လေ။ အဲဒီနေရာတွေမှာ အမျိုးသမီးများ ပါဝင်ဖို့အတွက်ကို ထည့်စဉ်းစားဖို့ပေါ့။ ထည့်သွင်း မစဉ်းစားမှာကို ကျွန်မတို့က စိုးရိမ်တာလေ။ ဆိုတော့ ဒီဟာကို ယေဘုယျ လုပ်လိုက်တဲ့အခါကျတော့ အမျိုးသမီးတွေနေရာ (Seat)က မပါလာဘူး။ အမျိုးသမီးတွေနေရာ ပါလာတော့လည်း ပါလာတဲ့ အမျိုးသမီးတွေက အမျိုးသမီး ပါဝင်မှု နေရာကိစ္စကို မစဉ်းစားဘူး။ အမျိုးသားတွေက ထည့်စဉ်းစားပေးရင်တောင်မှ လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီးတွေက မေ့ကျန်ခဲ့တာ ရှိတယ်လေ။ ဒီနေရာမှာ ရပြီးသား ရွေးချယ်တင်မြှောက်ခံရပြီးသား လွှတ်တော် အမတ်တွေ အနေနဲ့မမေ့သွားဖို့ ကျွန်မတို့ GDI ဘက် Advocate လုပ်တာပေါ့။ အမျိုးသမီး ပါဝင်မှုကို နေရာတိုင်းကို ထည့်စဉ်းစားပေးဖို့ကို ကျွန်မတို့က ရည်ရွယ်တာပါ”ဟု ဒီမိုနာခူးက ပြောကြားသည်။
အနိုင်ရပါတီများ၏ အမျိုးသမီးကဏ္ဍ မူဝါဒ အားနည်းသဖြင့် ဥပဒေပြုရေးနှင့် မေးခွန်းများ မေးမြန်းရာတွင် အမျိုးသမီးများ အခန်းကဏ္ဍ ထည့်သွင်း စဉ်းစားနိုင်မှုအပေါ် စိုးရိမ်ကြောင်း အေးချမ်းမြန်မာ အင်စတီကျုအဖွဲ့ ပြောကြား















