မြေမဲ့၊ ယာမဲ့အိမ်ထောင်စု ၆၁၉၇ စုအတွက် စက်မှုဝန်ကြီးဌာနပိုင်မြေ ၂၆၄ ဒသမ ၅၈ ဧကကို မြေကွက်ပေါ်ရှိ ရော်ဘာပင်တန်ဖိုး၊ အကျိုးတူစာချုပ်တန်ဖိုးပါ စုစုပေါင်း ကျပ်သိန်း ၁၅၀၃ ဒသမ ၃၃၂ ပေးသွင်းကာ မွန်ပြည်နယ် အစိုးရသို့ လွဲှပြောင်းရန် လုပ်ဆောင် လျက်ရှိသည့် အစီအစဉ်များကို မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ကျင်းပပြီးစီးခဲ့သော (၁၂)ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။စက်မှုဝန်ကြီးဌာနက စွန့်လွှတ်ပေးမည့် မွန်ပြည်နယ်အစိုးရမှ တောင်းခံထားသည့် မြေဧရိယာ ၂၆၄ ဒသမ ၅၈ ဧကကို စက်မှုဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်အပ်နံှသည့် အဆင့်ပြီးစီးပြီဖြစ်၍ နိုင်ငံတော်(ကိုယ်စား) ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည့် အဆင့်ကျန်ရှိနေကာ မြေအသုံးချခွင့်ရရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့မှ (၂၀၁၅-၁၆)ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါ မြေပေါ်၌ မြေမဲ့ ယာမဲ့ အိမ်ထောင်စုများ နေရာချထားနိုင်ရေးအတွက် မြေအသုံးချခွင့်ပြုနိုင်ရေး ဥက္ကဋ္ဌ၊ စီးပွားရေးရာ ကော်မတီသို့ နိုဝင်ဘာ ၂၀ ရက်တွင်ပေးပို့ တင်ပြထားကြောင်း ၎င်းက ပြောကြားသည်။အဆိုပါ လွှဲပြောင်းမည့်မြေ ၂၆၄ ဒသမ ၅၈ ဧကတွင် မော်လမြိုင်မြို့နယ် မင်းရွာရော်ဘာခြံ ၄၄ ဧက၊ သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်ခြံ ၄၀ ဧက၊ သထုံမြို့နယ် ညောင်ချောင်းခြံ ၁၄ ဒသမ ၃၉ ဧက၊ သထုံမြို့နယ် မရမ်းတောင် ခြံ(ကစစ၂၁ = ၆၀ ဒသမ ၃၅ ဧက၊ မိုးကောင်း ခြံခွဲ =၂၆ ဒသမ ၈၄ ဧက၊ ဓနုခြံခွဲ = ၇၉ ဧက) တို့ ပါဝင်သည်ဟု သိရသည်။ နေရာချထားမည့် မြေမဲ့ယာမဲ့အိမ်ထောင်စု ၆၁၉၇ စုတွင် မော်လမြိုင်ခရိုင်မှ အိမ်ထောင်စု ၂၈၀၅ စု ၊ သထုံခရိုင်မှ အိမ်ထောင်စု ၃၃၉၂ စု ပါဝင်သည်ဟု သိရသည်။“လွန်ခဲ့တဲ့ နှစ်လကျော်လောက်က မြို့နယ်က အိမ်မဲ့၊ ယာမဲ့ စာရင်းတောင်းပါတယ်။အိမ်ထောင်စု ရှစ်စုအတွက် စာရင်းပေးခဲ့ပါတယ်။ မင်းရွာရော်ဘာခြံမှာ အကွက်ချမယ် ဆိုတာတော့ မသိရဘူး”ဟု မော်လမြိုင်မြို့နယ် မင်းရွာအုပ်ချုပ်ရေးမှူး ဦးစိန်ပုက ဆိုသည်။“အခု ကမ်းနားလမ်း လုပ်နေတဲ့နေရာက အိမ် ၄၀ လောက်ကို မင်းရွာရော်ဘာခြံမှာ မြေကွက်တွေ ပေးမယ်လို့ ကြားနေရတယ်။ ကမ်းနားလမ်းမှာ တစ်ဧကကို အနည်းဆုံး သိန်းတစ်သောင်း ခွဲလောက်ဖြစ်နေတဲ့ချိန်မှာ နေရာဖယ်ပေးတဲ့ သူတွေကို တစ်ဧကခြောက် သိန်းကျော်လောက်နဲ့ မြေကွက်ပေးလိုက်တာမျိုးက စဉ်းစားစရာ အများကြီးရှိပါတယ်။ ကမ်းနားလမ်းမှာ တစ်ဧက သိန်းတစ်သောင်းခွဲနဲ့ ရောင်းမလားမေးရင် မရောင်းဘူးလို့ ကြားရမှာ။ ပြောင်းတဲ့လူတွေကို ငါးသောင်းတန် မြေကွက်၊ ပြောင်းစရိတ်ငါးသောင်းထား၊ တစ် သိန်းလောက်နဲ့ ပြီးသွားတယ်။ အိမ်အတွက် လျော်ကြေး ဘယ်လောက်ပေးမှာလဲ။ အိမ်ဆောက်ပေးမှာလား။ အိမ်ဆောက်ပေးရင် ခွင်က ထပ်ပါလာရော။ ရေ၊ လမ်း၊ မီး အဆင် သင့်လုပ်ပေးပြီးမှ ရွှေ့ရင်တစ်မျိုးပေါ့၊ ကမ်းနားလမ်း စီမံကိန်းနော်။ နာမည်ကိုက စီမံကိန်း၊ စီမံကိန်းတစ်ခု လုပ်မယ်ဆိုရင် ဥပမာ ဂျပန်က တိုကျိုကိုကြည့်။ လူတွေကို မင်းတို့ရွှေ့လို့ ပြောလို့မှမရဘဲ။ မြို့တစ်မြို့ဆောက်လိုက်တယ်။ လမ်း၊ မီး၊ ရေ အကုန်ပြီးမှ ဘဏ်၊ ဌာန ဆိုင်ရာရုံးတွေ ရွှေ့လိုက်တယ်။ ဝန်ဆောင်မှု ရုံးတွေ ရွှေ့လိုက်တယ်။ လူတွေအားလုံး ဝန်ဆောင်မှုတွက် အဲဒီကိုသွားရင်းနဲ့ အဲဒီမှာ ဝယ်ရင်းနဲ့နေ။ အဲဒီလို စီမံကိန်း ချထားရမယ်၊ ဒီမှာကတော့ သွား၊ သွားဆိုပြီး ရောက်သွားရော။ ဟိုရောက်တော့ အိမ်ကိုပဲ လုံးမလား စားဖို့ပဲရှာမလား။ လူတွေက ပိုပြီးဆင်းရဲသွားတယ်။ မြို့သစ်တွေ လုပ်လေ စနစ်မကျလေ၊ ဆင်းရဲမှုတွေ များလာတာပေါ့” ဟု မြို့ပြရေး ရာကျွမ်းကျင်သူ ဦးမင်းမောင်က ပြောကြားသည်။
မြေယာမဲ့ အိမ်ထောင်စုခြောက်ထောင်ကျော်အတွက် စက်မှုဝန်ကြီးဌာနမှ မြေဧက ၂၆၀ ကျော်ကို မွန်ပြည်နယ်အစိုးရသို့ လွဲှပြောင်းမည်















