၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ ကာလကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတစ်နည်းအားဖြင့် ပြည်တွင်းစစ်ဟာ လက်ရှိ ၂၀၁၅ ခုနှစ်ကုန်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲလို့ ဆိုရမှာပါ။ “ပြည်တွင်းစစ်က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး သုံးလအကြာမှာ ပြည်တွင်းစစ်က စဖြစ်တယ်၊ ပြည်တွင်းစစ် ဖြစ်ရတဲ့အကြောင်းကတော့ အတိုချုပ်ပြောရရင်တော့ နိုင်ငံရေးအရ မပြေလည်တာ။ နိုင်ငံရေးအရ ညှိနှိုင်းလို့မရခဲ့တာ၊ ဒီနိုင်ငံရေး အရ ညှိနှိုင်းလို့မရတဲ့ ပြဿနာကနေ ကြီးထွားလာတဲ့အခါမှာ စစ်ရေးနည်းနဲ့ ဖြေရှင်းကြတော့ ဒီစစ်ပွဲက ညှိလို့မရလို့ ဖြေရှင်းရင်း ဖြေရှင်းရင်းနဲ့ အနှစ် ၇၀ လောက် ကြာသွားတဲ့သဘော” ဟု တပ်မတော်မှ အငြိမ်းစား အရာရှိတစ်ဦးက ရှင်းပြသည်။သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဇွန်လမှာ အစိုးရတပ်မတော်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA တို့အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားပြီးနောက် ၂၀၁၁ ခုနှစ် သြဂုတ်မှာ အစိုးရက အပစ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြု လုပ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ် ရောက်တဲ့အခါမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တို့ အကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့ပြီး အစိုးရတပ်မတော်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ KIO/KIA နဲ့ အစိုးရကိုယ်စားလှယ်တို့ရဲ့ ၂၀၁၃ အောက်တိုဘာ မြစ်ကြီးနားဆွေးနွေးပွဲ အပြီးမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစုအဖွဲ့တို့အကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။အစိုးရရဲ့ အသိအမှတ်ပြုမှုနဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန် ပိုင်းက KIO/KIA ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ဖွဲ့စည်းပေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အစုအဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) စတင် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် သြဂုတ်မှာ NCA ကို အပြီးသတ် နှစ်ဖက်သဘောတူ ရေးဆွဲနိုင်ခဲ့ပါတယ်။အပစ်ရပ်စာချုပ် တစ်ခုဖြစ်တဲ့ NCA ရရှိအောင် ညှိနှိုင်းနိုင်ခဲ့ ကြပေမယ့် ဒီ NCA မှာ တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးရေး ကိစ္စပြေလည်အောင် မညှိနှိုင်းနိုင်ခဲ့လို့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့သာ NCA ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့မှာ အစိုးရနဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားတဲ့ အဖွဲ့အစည်း ၁၄ ဖွဲ့ ပြီးတော့ တိုက်ပွဲလျှော့ချရေးနဲ့ ပတ်သက်တဲ့ သဘောတူညီမှုတွေ ပြုလုပ်ထားတဲ့ KIO/KIA တို့ကိုသာ NCA မှာ ပါဝင်ဖို့ အစိုးရက သတ်မှတ်ထားတာပါ။ လက်ရှိအချိန်အထိလည်း အစိုးရက အဲဒီမူကို ဆက်လက် ကိုင်စွဲထားဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။“ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာဖို့က လက်မှတ်ရေးထိုးရေးထက် ပိုပြီးအရေးကြီးပါတယ်။ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို အုတ်မြစ်ချနိုင်ရေးက မြန်မာပြည် အနာဂတ်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ကျွန်တော်တို့ အစိုးရက ခံယူပြီး NCA သဘောတူညီမှုရအောင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး မပါနိုင်သေးပေမယ့် ကနဦးရှေ့ပြေးအနေနဲ့ ပါဝင်ပြီး ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ အရင်ဦးစွာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့အဖွဲ့တွေ ပါဝင်နိုင်ရေးကို ကျွန်တော်တို့အားလုံး ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သူတို့အတွက်လည်း တံခါးဖွင့်ထားပါတယ်” လို့ NCA လက်မှတ်ထိုးပွဲ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ ရရှိအောင် အများကြီး ဆောင်ရွက်နိုင်ခဲ့သလို တိုက်ပွဲတွေလည်း အများအပြား ဖြစ်ပေါ်ခဲ့ပြီး ကချင်ဒေသနဲ့ ရှမ်းဒေသများမှာ စစ်ပွဲတွေကြောင့် ပြည်သူအများအပြား စစ်ဘေးဒုက္ခ ခံစားခဲ့ကြရပါတယ်။ အထူးသဖြင့် NCA လက်မှတ်မထိုးသေးတဲ့ KIO၊ KIA၊ PSLF / TNLA၊ SSPP/SSA၊ MNDAA စတဲ့ အဖွဲ့များနဲ့ အစိုးရ တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား အပြန်အလှန် ပြောဆိုစွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။■၂၀၁၅ ရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ် ငြိမ်းချမ်းရေးNCA လက်မှတ်ထိုးအပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲက ပိုပြီးစိတ်ဝင်စားစရာကောင်းပြီး ပိုပြီးတော့ သိမ်မွေ့တဲ့ အခြေအနေမျိုးလို့ ပြောရမှာဖြစ်ပါတယ်။NCA မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ NCA မှာ ပါဝင်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ NCA မှာ ပါဝင်လက်မှတ် ထိုးစရာမလိုဘူး လို့ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စတဲ့ အဖွဲ့တွေအပြင် ဒေသအသီးသီးမှာ အဖွဲ့အမည်အမျိုးမျိုးနဲ့ လက်နက်ကိုင်ဆောင်နေကြတဲ့ အဖွဲ့အစည်း အသီးသီးရှိနေတဲ့ မြန်မာပြည် ငြိမ်းချမ်းရေးရရှိအောင်၊ လွတ်လပ်ရေးရပြီးစကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းအောင် လုပ်ဆောင်ဖို့ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြုံ ရမယ့် စိန်ခေါ်မှုတွေက အများကြီးပါပဲ။မြန်မာပြည်သူ အများအပြားရဲ့ ချစ်ခင်လေးစား ယုံကြည်မှုရရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီတစ်ခုတည်း အစိုးရဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ၎င်းရဲ့ပါတီဟာ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန် ကာလများ တည်ငြိမ်မှုရှိရေး ကြိုးစားခဲ့သလို လက်ရှိအစိုးရခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံတဲ့ တွေ့ဆုံဆွေးနွေးရေးများ ဖြစ်ပေါ်လာရေးကို ပထမဦးစွာ ကြိုးစားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သလို ဒီဇင်ဘာ ၂ ရက် မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ ပြု လုပ်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးမှုတွေအလွန် ဒီဇင်ဘာ ၇ ရက်မှာတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ အဓိကခေါင်းဆောင် တစ်ဦးဖြစ်သူ သမ္မတရုံးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း ခဲ့ကြပါတယ်။■ဒေါ်အောင်ဆန်းစုကြည်ရဲ့ငြိမ်းချမ်းရေးအပေါ် သဘောထားNLD အစိုးရဖြစ်ပါက ပထမဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စတွေထဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက ပြောကြားထားပြီး တိုင်းရင်းသားအခွင့်အရေးများ ပြည့်ပြည့်၀၀ရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်သလို ဒုတိယ ပင်လုံညီလာခံလို ညီလာခံတစ်ခုခေါ်ယူပြီး ထာဝရငြိမ်းချမ်းရေးအတွက် ဘာတွေ လိုအပ်တယ်ဆိုတာ ဆွေးနွေးဆုံးဖြတ်ချက်ချရမယ်လို့ သူ့ရဲ့သဘောထားများကို ထုတ်ဖော်ပြောဆိုထားပါတယ်။“ထာဝရငြိမ်းချမ်းရေးအတွက် အခြေခံ လိုအပ်ချက်က တိုင်းရင်းသားပြည်သူအားလုံးရဲ့ ကျေနပ်မှုပါ ပဲ။ ကျေနပ်မှုလုံခြုံမှု ချစ်ခင်မှု အဲဒီဟာတွေကို ဘယ်နည်းနဲ့ ကျွန်မတို့ ပြုစုပျိုးထောင်မလဲဆိုတာဟာ ညီလာခံခေါ်ပြီးတော့ ဆုံးဖြတ်ချက်ချ ရမှာ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ အကြားမှာ ချုပ်ဆိုတဲ့ အပစ်ရပ်စဲရေးစာချုပ်များကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ ခိုင်ခိုင်မာမာ ဖြစ်စေချင်ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားသလို တိုင်းရင်းသား အဖွဲ့အစည်းတွေအကြား စိတ်ဝမ်းကွဲမယ့် အပြုအမူမျိုး မပြုလုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က သဘောထားရှိပါတယ်။NLD အစိုးရကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး နောင်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်မယ်ဆိုကြပေမယ့် လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ပုဂ္ဂိုလ်များနဲ့လည်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါ တယ်။■ NLD ဆောင်ရွက်မယ့် တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး NLD ဟာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ထားမှုနဲ့အတူ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း အစိုးရဖွဲ့နိုင်ခဲ့ရင် ဆောင်ရွက်မယ့် ကိစ္စရပ်များကိုလည်း ကဏ္ဍအလိုက် ဖော်ပြထားရာမှာ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ် (၁) နေရာမှာ ထားပြီး ရေးသားဖော်ပြထားပါတယ်။NLD အစိုးရဖွဲ့စည်းနိုင်ပါက တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍမှာ လက်နက်ကိုင် ပဋိပက္ခများရဲ့ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတ ကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ တစ်ဆင့် ပြည်သူ့ဘ၀ လုံခြုံအေးချမ်းစေမည်။ တိုင်းရင်းသားများသည် အချင်းချင်းအကြား ဖြစ်ပေါ်သော ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းဖြင့် ဖြေရှင်းမည် စသဖြင့် NLD ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ရေးသားဖော်ပြထားပါတယ်။
အစိုးရတပ်မတော်နှင့် KIO/KIA တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခကြုံတွေ့နေရသည့် ကချင်ဒေသမှ ကလေးငယ်များ (ဓာတ်ပုံ-အောင်ဇော်ထွန်း)■NCA လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့်အဖွဲ့များ၏ NLD အပေါ် သဘောထားရွေးကောက်ပွဲမှာ NLD အနိုင်ရရှိခဲ့မှုနဲ့ ပတ်သက်လို့ NCA လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ရော NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့များကပါ ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။အစိုးရအဖွဲ့သစ်အနေနဲ့ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆက်လက်ပြီး အလေးထား ဆောင်ရွက်သွားလိမ့်လို့ အပြည့်အ၀ ယုံကြည်ကြောင်း NCA လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့ရှစ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်မှာ NLD ပါတီခေါင်းဆောင်များနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပါတယ်။NLD ပါတီ ပြောရေးဆိုခွင့်ရှိ သူဦးဝင်းထိန်က “၁၉၈၉ ခုနှစ် ဖေ ဖော်ဝါရီလ ၁၂ ရက်က ချမှတ်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားပြဿ နာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့မူဟာ ကျွန်တော်တို့ အခုထက်ထိ ဆုပ်ကိုင်ထားတယ်။ ဖက်ဒရယ် ဒီမိုကရေစီဆိုတာ သူများတွေမပြောရဲတဲ့ အချိန်မှာကတည်းက ကျွန်တော်တို့က ပြောခဲ့တယ်။ အခုလည်း ပြောနေမှာပဲ။ အဲဒီတော့ အစိုးရဖွဲ့ပြီဆိုလို့ရှိရင် ငြိမ်းချမ်းရေးရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးရယ်က တစ်ပြိုင်တည်း ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဘာကိုဦးတည်မလဲ။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်မယ်။ ငြိမ်းချမ်းရေးကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်မယ်။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့် တိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်ဟာ ပိုပြီးတော့ များလာစရာရှိပါတယ်။ အဲဒါကို ကတိပေးလို့ ရတယ်” ဆိုတဲ့ အကြောင်းတွေကို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ သူက ရှင်းပြပါတယ်။NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့များပါဝင်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC ) ကလည်း UNFC အနေနဲ့ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးတဲ့နောက် နိုင်ငံအတွင်း ဖြစ်နေတဲ့ ပြဿနာများစွာအနက် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ တိုင်း ရင်းသားလူမျိုးများအကြား ပြန်လည်ရင်ကြားစေ့ရေး၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် သက်ဆိုင်ရာ အင်အားစုပါတီ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဖော်ဆာင်သွားဖို့ တိုက်တွန်းကြောင်း နိုဝင်ဘာ ၁၂ရက်မှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။ဒီဇင်ဘာ ၇ ရက်က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ UNFC ကောင်စီ အစည်းအဝေးမှာ UNFC ဥက္ကဋ္ဌ ဖြစ်သူ KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက “တစ်ဖက်ဆွေးနွေးဘက် အစိုးရ၏ အပြောင်းအလဲ ဖြစ်စဉ်ထဲမှာ မိမိတို့အတွက် အားသာချက်၊ အားနည်းချက်များနဲ့ အခွင့်အလမ်း အကောင်းအဆိုးမျိုးစုံ ရောပြွမ်းပါဝင်မှာ အမှန်ပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အရင်ဆွေးနွေးဘက် အစိုးရဟာ ပြည်သူလူထုနဲ့ နိုင်ငံတကာအမြင်မှာ စစ်တပ်အခြေခံ အစိုးရအဖြစ် အဆိုးမြင်ခံထားရတဲ့ အဖွဲ့ဖြစ်တာကြောင့် ဆွေးနွေးပွဲ ဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ ပဋိပက္ခတိုက်ပွဲဖြစ်စဉ်မှာပဲ ဖြစ်ဖြစ် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့ စာနာမှု နားလည်မှုကို ရရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ တစ်စုံတစ်ရာ အားသာမှုရှိခဲ့တာ အမှန်ဖြစ်ပါတယ်။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံ၍ နောင်တက်လာမယ့် အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ခံ အဖွဲ့နဲ့ စစ်တပ်တို့ အာဏာခွဲေ၀ ရယူထားတဲ့ အစိုးရ ဖြစ်လာတော့မှာဖြစ် ပါတယ်။ နောင်ဆွေးနွေးဘက် ဖြစ်လာမယ့် အစိုးရဟာ စစ်တပ်အခန်းကဏ္ဍ ဆက်လက်ကြီးမားနေမည့် အစိုးရဖြစ်သော်လည်းပဲ ရွေးချယ်ခံအဖွဲ့အစည်း လူထုခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရဆိုတဲ့ ပုံရိပ်ကြီးမားနေမှာဖြစ်တဲ့အတွက် ဆွေးနွေး ညှိနှိုင်းမှုဖြစ်စဉ်တွေမှာ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဘက်မှ မဟာဗျူဟာ၊ နည်းဗျူဟာကျကျ မှန်မှန်ကန်ကန် မလုပ်ဆောင်နိုင်ပါက ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့ နားလည်စာနာမှု လျော့ကျသွားနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်ဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ အဖွဲ့ဝင်အဖွဲ့အစည်း ကိုးဖွဲ့က ကိုယ်စားလှယ်တွေကို သတိပေးခဲ့ပါတယ်။ အဆိုပါ ကိုးဖွဲ့လုံး ဟာ NCA လက်မှတ် မထိုးရသေးပါဘူး။■NCA လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်ခြင်း မရှိခဲ့တဲ့ “ဝ”၊ မိုင်းလားနဲ့ နာဂ အဖွဲ့တို့ရဲ့ ရပ်တည်မှု အနေအထားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲမှာ အင်အားကြီးမားပြီး ကြွယ်ဝချမ်းသာတဲ့ “ဝ”နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တို့က သူတို့ အဖွဲ့အနေနဲ့ အစိုးရနဲ့ အပစ်ရပ်စဲရေး ခိုင်မာပြီးသားဖြစ်တဲ့အတွက် NCA မှာ ပါဝင်လက်မှတ်ထိုးစရာ မလိုဘူး၊ NCA မှာ ပါဝင်လက်မှတ်မထိုးဘူး၊ နိုင်ငံရေး ဆွေးနွေးပွဲကျမှသာ ပါဝင်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့တဲ့ “ဝ”နဲ့ မိုင်းလားအဖွဲ့တို့ရဲ့ လက်ရှိအနေအထားဟာ NCA ထက်မကတဲ့ အခွင့်အရေးများစွာ ရရှိထားတဲ့အတွက် NCA မှာ သူတို့ ပါဝင်ခြင်းဟာ နိုင်ငံရေး ဟာသတစ်ခုလို ဖြစ်နေတယ်လို့ ပြောဆိုမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့နီးစပ်တဲ့ နယ်မြေအနေအထားရှိနေတဲ့ “ဝ”နဲ့ မိုင်းလားဒေသများမှာ တရုတ်စကားပြော၊ တရုတ်စာသင်၊ တရုတ်ငွေကြေးကို အဓိက သုံးစွဲနေကြပြီးတော့ မူးယစ်ဆေးဝါး၊ လောင်းကစားကိစ္စများနဲ့ ပတ်သက်ပြီးလည်း နာမည်ကြီးခဲ့ပါတယ်။ပြီးတော့ “ဝ”နဲ့ မိုင်းလားဒေသအချို့မှာဆိုရင် အစိုးရရုံးများ စိုက်ထားနိုင်တဲ့ အနေအထားမရှိသလို အစိုးရ တပ်မတော်တပ်စခန်း များလည်း ရှိမနေဘူးလို့ သိရပါတယ်။ ဒါ့အပြင် “ဝ”နဲ့ မိုင်းလားဒေသမှာ အဲဒီဒေသခံမဟုတ်ရင် လွတ်လပ်စွာ သွားလာနေထိုင်ဖို့ အခက်အခဲရှိတယ်လို့ သိရပါတယ်။ အစိုးရနဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ အပစ်ရပ်စဲရေး ခိုင်မြဲလို့ ပြည်သူတွေ စစ်ဘေးဒုက္ခမရောက်တာဟာ ဝမ်းသာစရာဆိုပေမယ့် နောင်မှာ ဒီလိုအခြေအနေမျိုးတော့ ရှိမနေသင့်ဘူးလို့ မြင်ပါတယ်။“ဝ” အဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လိုလားကြောင်းကိုတော့ ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ ၃ ရက်က “ဝ” ဒေသပန်ဆန်းမှာ ပြုလုပ်ခဲ့တဲ့ NCA လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုလည်း “ဝ” ဒေသကို လာရောက်ဖို့ “ဝ” လက်နက်ကိုင်အဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဦးရှောက်မင်လျှံက ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။အိမ်နီးချင်း အိန္ဒိယနိုင်ငံ အစိုးရနဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ နာဂအဖွဲ့ရဲ့ သဘောထားကတော့ သူတို့အနေနဲ့ မြန်မာအစိုးရနဲ့ အပစ်ရပ်စဲရေး လုပ်လိုပေမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်လိုဘူးဆိုပြီး ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒါကြောင့် “ဝ”၊ မိုင်းလားနဲ့ နာဂအဖွဲ့တို့ ရဲ့ အရေးကိစ္စများကို ဖြေရှင်းဖိုဆိုတာ လွယ်လွယ်ကူကူတော့ ဖြစ်မှာမဟုတ်ပါဘူး။■ငြိမ်းချမ်းရေးအတွက် မရိုးသားရင်မရတော့မယ့် အခြေအနေနှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲများကြောင့် နေရပ်စွန့်ခွာ နေထိုင်နေကြရတဲ့ မြန်မာပြည်သူ ခြောက်သိန်းခွဲကျော် ရှိတယ်လို့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ Myanmar Peace Cen-ter ကထုတ်ပြန်တဲ့ အချက်အလက် တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိတဲ့ ဒေသများဟာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသများ (သို့မဟုတ်) ပဋိပက္ခသင့်ဒေသများနဲ့ ဆက်စပ်လျက်ရှိသော နေရာများဖြစ်တယ်လို့ ဆိုပါတယ်။၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်နဲ့ KIO/KIA တို့ရဲ့ စစ်ပွဲတွေကြောင့် ကချင်ဒေသမှာ စစ်ဘေးဒုက္ခသည် ပြည်သူတစ်သိန်းကျော်ဒုက္ခသည် စခန်းများမှာ ဆင်းရဲပင်ပန်းစွာနေထိုင်နေ ကြရဆဲဖြစ်သလို ၂၀၁၅ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလများမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ရဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မှာ ဒုက္ခသည် တစ်သောင်းကျော် စစ်ဘေးဒုက္ခကြုံတွေ့နေကြရပါတယ်။ ကရင်ဒေသနဲ့ ကယားဒေသက ပြည်သူတွေဆိုရင်စစ်ပွဲတွေကြောင့် ဆယ်စုနှစ် နှစ်ခုမကတော့ဘူး နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခက်ခဲစွာ နေထိုင်နေကြရတယ်။ အခြားဒေသတွေမှာရော ဒီအတိုင်းပါပဲ။အဲဒီလို သက်ဆိုးရှည်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် နှစ်ဖက်စစ်သား အများအပြား သေဆုံး၊ ဒဏ်ရာရခဲ့သလို သေဆုံးထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေ ရေတွက်လို့တောင် မရအောင် များပြားခဲ့ပါတယ်။အဲဒီလို စစ်ပွဲတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှု နိမ့်ကျခဲ့သလို ပြည်သူများရဲ့ လူနေမှုဘဝ၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က နိမ့်ကျခဲ့ရတယ်။ ဒီလို အခြေအနေတွေက ရုန်းထွက်နိုင်ဖို့ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရစနစ်တစ်ရပ် ပြောင်းလဲနိုင်ရေး လိုအပ်သလို ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့လည်း လိုအပ်ပါတယ်။တိုင်းရင်းသားပြည်သူတစ်ရပ် လုံးအေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်နိုင်ရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမယ့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါက်ပေါက်ရေး ဆောင်ရွက်မယ်လို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ပြည်သူများက မဲပေးရွေးချယ်ခဲ့သလို လက်ရှိအစိုးရခေါင်းဆောင်များ ၊ တပ်မတော် ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရရှိခဲ့သလို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ပြည်သူအများအပြားရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရခဲ့ဖူးပါတယ်။ ဒါ့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများသာမက နိုင်ငံတကာနဲ့ နိုင်ငံတကာ ခေါင်းဆောင်များကပါ လေးစား အသိအမှတ်ပြုခြင်းခံထားရသူ တစ်ဦးပါ။မြန်မာ့နိုင်ငံလွတ်လပ်ရေး ရရှိအောင်ကြိုးစားခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ကို စတင်ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မယ့် အစိုးရတစ်ရပ်၊ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ ပြည်သူလူထု၊ ပြီးတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်းသဘောတူထားတဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ရရှိထားပြီဖြစ်တဲ့ လက်ရှိအခြေအနေမျိုးမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ဖို့ အခြေအနေကောင်း အခွင့်အရေး ကောင်းတစ်ခုပါပဲ။သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးအားလုံးက ငြိမ်းချမ်းရေးအတွက် ရိုးသားဖို့၊ ကိုယ်ကျိုးစီးပွားကို မကြည့်ဖို့၊ တိုင်းပြည်နဲ့ ပြည်သူလူထုအားလုံး အကျိုးကို ရှေးရှုပြီး ဆောင်ရွက်ဖို့တော့ လိုတာပေါ့။ ပြည်သူလူထုထက် ကြီးမားတဲ့အား မရှိပါဘူး။ဒါကြောင့် ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းမှ ပြည်သူရဲ့ အငြိုညင်မခံဘဲ ပြည်သူချစ်တဲ့၊ ပြည်သူထောက်ခံတဲ့ အနေအထားရရှိ အောင်ဆောင်ရွက်ကြပါ။ငြိမ်းချမ်းရေးအတွက် ရိုးသား ပေးကြပါ။ ပြည်သူတွေအတွက် ရိုးသား ကြပါစေ















