နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကြောင့် အကျဉ်းကျခံနေရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက ထောက်ပံ့ငွေပေးအပ်

နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကြောင့် အကျဉ်းကျခံနေရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက ထောက်ပံ့ငွေပေးအပ်
Published 13 December 2015

နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကြောင့် အကျဉ်းကျနေသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက ဒီဇင်ဘာ ၁၂  ရက်တွင် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအနေဖြင့် ၂၃ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသား သုံးဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဘဝတူ စာနယ်ဇင်းသမား ၁၆ ဦးအတွက် စုစုပေါင်းငွေကျပ် ၄၅ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
 
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
“နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ အခြားအကူအညီ လိုအပ်နေတဲ့ ဘဝတူ စာနယ်ဇင်းသမားတွေကို ကူညီထောက်ပံ့ပေးဖို့ဆိုတဲ့ ဘဘဦးဝင်းတင်ရဲ့ဆန္ဒအတိုင်း ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်တာပေါ့။ဆရာကြီး ဟံသာဝတီဦးဝင်းတင် ဆုံးပါးသွားပြီဖြစ်ပေမယ့် ဆရာကြီးကိုယ်တိုင် ဦးစီးထူထောင်ခဲ့ပြီးတော့ ဆရာကြီးရဲ့ အမှတ်အသားအမွေအနှစ်ဖြစ်တဲ့ ဒီဖောင်ဒေးရှင်းကို အဓွန့်ရှည်တည်တံ့အောင် ဆောင်ရွက်ခြင်းဖြင့် ကျေးဇူးဆပ်ရာ ၊လေးစားဂုဏ်ပြုရာရောက်မယ်လို့ ယုံကြည်တယ်။ ရှေ့ဆက်ပြီးလည်း ဒီထက်ကူညီဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်လည်း အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းမယ်”ဟု ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးထွန်းကြည်က ပြောကြားသည်။
 
“လက်ရှိ အချိန်အထိဆိုရင်တော့  လက်ရှိ နိုင်ငံရေးအကျဉ်းသား ၁၅၂ ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ ဘဝတူစာနယ်ဇင်းသမား ၅၄၆ ဦး အပါအဝင် စုစုပေါင်း ၆၉၉ ဦးအတွက် ထောက်ပံ့ငွေ ၁၇၂၃ သိန်း ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဆေးဝါးကုသမှုပေးရန်အတွက် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ လမ်း(၅၀)ရှိ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရုံးတွင် ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။

Most Read

Most Recent