အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှုမှ တိမ်းရှောင်နေသူအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ပုဇွန်တောင်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး လာရောက်ထွက်ဆို

အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှုမှ တိမ်းရှောင်နေသူအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ပုဇွန်တောင်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး လာရောက်ထွက်ဆို
Published 9 December 2015
မြင့်သူ၊ နေမျိုးဝင်း

အာရဗီပြက္ခဒိန် ရိုက်နှိပ်ခဲ့သည့် ကျော်ပုံနှိပ်တိုက်အမှုမှ ဖမ်းဆီးတရားစွဲခံထားရသူများအား ပုဇွန်တောင်မြို့နယ် တရားရုံး၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
 
ယင်းနေ့တွင် အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော ပြက္ခဒိန်ရိုက်နှိပ်ရန်အတွက် အလုပ်လာရောက်အပ်နှံသူ ဦးအောင်ခင်ဆိုသူအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ ဒုရဲအုပ် သန်းလွင် က တရားရုံးသို့ လာရောက်ထွက်ဆိုခဲ့ကြောင်း သိရသည်။
 
ယင်းသို့ ထွက်ဆိုရာတွင် ဒုရဲအုပ်သန်းလွင်က နိုဝင်ဘာ ၂၅ ရက်တွင် ဦးအောင်ခင် နေထိုင်သည်ဟုဆိုသော ရွှေပြည်သာမြို့နယ်၊ ၁၉/၄၈ရပ်ကွက်ရှိ နေအိမ်သို့ ရွှေပြည်သာ မြို့မရဲစခန်းမှနယ်ထိန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်ခင်အား မတွေ့ရှိဘဲ ၎င်း၏သမီးဖြစ်သူနှင့်သာ တွေ့ရှိခဲ့ကြောင်း၊ သမီးဖြစ်သူက ၎င်း၏ဖခင်မှာ နေအိမ်တွင်မရှိဘဲ ခရီးထွက်သွားကြောင်း၊ မည်သည့်အရပ်သို့ သွားသည်ကိုလည်း မသိကြောင်း ပြောကြားခဲ့သဖြင့် ဦးအောင်ခင်ဆိုသူအား လတ်တလောတွင် ဖမ်းဆီး၍ မရနိုင်သေးကြောင်း ထွက်ဆိုခဲ့သည်။
 
ထို့ပြင် ပတ်ဝန်းကျင်ရှိလူများကိုလည်း ဦးအောင်ခင်အား တွေ့ရှိပါက အကြောင်းကြားရန် ညွှန်ကြားထားကြောင်း ထွက်ဆိုသွားခဲ့သည်။
 
ယင်းနောက် ပုဇွန်တောင်မြို့နယ် တရားသူကြီးက ရုံးချိန်းအား ဒီဇင်ဘာ ၁၆ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။
 
ကျော်ပုံနှိပ်တိုက် ပိုင်ရှင် ဦးကျော်ကျော်၊ မန်နေဂျာ ဦးရဲသူအောင်၊ အလုပ်သမားများ ဖြစ်သော ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေးတို့ ငါးဦးနှင့် ပြက္ခဒိန်ရိုက်နှိပ်ရန် အလုပ်အပ်သည့် ဦးအောင်ခင်ဆိုသူတို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်လတ်က တရားလိုပြုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်သည်။
 
ထို့ပြင် ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် အမျိုးသားငါးဦးသည် ယင်းပြက္ခဒိန် ရိုက်နှိပ်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်ကလည်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြု၍ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခဲ့ရာ ပုဇွန်တောင်မြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ရန်နှင့် ပျက်ကွက်ပါက ထောင်ဒဏ်(၂)နှစ် ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း၊ ၎င်းတို့ ငါးဦးစလုံးမှ ငွေဒဏ်ပေးဆောင်ခဲ့ကြပြီး ပုဇွန်တောင်မြို့နယ် ရဲမှူးမှ ဦးအောင်ခင်ကိုလည်း တရားစွဲဆိုရန် ပြုလုပ်ခဲ့ရာ ၎င်းမှာ ထိုအချိန်ကတည်းက ထွက်ပြေးလွတ်မြောက်နေခြင်းဖြစ်ကြောင်း သိရသည်။
 
လူမှုကွန်ရက် Facebook တွင် အောင်ခင် (စစ်တွေ) ဆိုသည့် အကောင့်မှ ၂၀၁၆ ခုနှစ် မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ပြက္ခဒိန်ရိုက်နှိပ်ထားသော လှုံ့ဆော်ဖော်ပြမှု ပြက္ခဒိန်များ ရိုက်နှိပ်ထုတ်ဝေကြောင်း သတင်းများအရ  နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခန့်က  ကျော်ပုံနှိပ်တိုက်အား ဝင်ရောက် ရှာဖွေရာမှ  ဖလင်ချပ်များနှင့် ပြက္ခဒိန်စက္ကူ များ သိမ်းဆည်းရမိခဲ့ကြောင်း ပုဇွန်တောင် မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
 
 

Most Read

Most Recent