လူထုနှင့် လွှတ်တော်တွင် အငြင်းပွားခဲ့သော အစိုးရ၏ ထပ်မံတောင်းခံငွေ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြု

လူထုနှင့် လွှတ်တော်တွင် အငြင်းပွားခဲ့သော အစိုးရ၏ ထပ်မံတောင်းခံငွေ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြု
Published 9 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လူထုနှင့် လွှတ်တော်တွင် အငြင်းပွားခဲ့သော အစိုးရ၏ ထပ်မံတောင်းခံငွေ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။ အစိုးရက ထပ်မံတောင်းခံသည့်  ငွေကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို အဖြတ်အတောက် မရှိဘဲ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေခွဲဝေသတ်မှတ် သုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
 
ပြည်ထောင်စုအစိုးရအဖွဲ့မှ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရန် တောင်းခံသောငွေမှာ သာမန်သုံး ငွေကျပ် ၁၀၀၁ ဒသမ ၄ ဘီလျံ၊ ငွေလုံးငွေရင်း ကျပ် ၇၈၄ ဘီလျံ၊ ကြွေးမြီ အသုံးစရိတ် ကျပ် ၉၀ ဒသမ ၈ ဘီလျံ၊ လုပ်ငန်းသုံး ရင်းနှီးငွေကျပ် ၅၈၇ ဒသမ ၉ ဘီလျံ၊ တိုင်းဒေသကြီး ပြည်နယ်များအတွက် ကျပ် ၇၁ ဒသမ ၀ ဘီလျံ စုစုပေါင်းကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံ ဖြစ်သည်။
 
“စိစစ်ဖို့ အချိန်မရခဲ့တဲ့ လွှတ်တော်ရဲ့ ပွဲဦးထွက်ကာလတွေမှာ တော်တော်များများ တရွတ်တိုက်သွားတာတွေ တွေ့ပါတယ်။ ရောဗျင်း သောဗျင်းနဲ့ သွားလိုက်တယ်။ နောက်ပိုင်းမှာတော့ ၁၂-၁၃၊ ၁၃-၁၄နဲ့ ၁၄-၁၅ ဘဏ္ဍာနှစ်တွေမှာ သေချာစိစစ်ခဲ့ပါတယ်။ ဒီ ၁၅-၁၆ ဘဏ္ဍာနှစ်ကတော့ တော်တော်လေးကို ကသောင်းကနင်း ဖြစ်သွားတယ်။ ဒီဘတ်ဂျက်ကို အသေးစိတ်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေ ဘာကြောင့်နည်းသွားတာလဲဆိုရင် တော်တော် စဉ်းစားစရာဖြစ်တယ်။ ဒါတွေဟာ နောက်အစိုးရနဲ့ ကူးသွားမယ်ဆိုရင် ပါသွားမယ်ဆိုတာမျိုး ဖြစ်တဲ့အတွက် ဆွေးနွေးတာပဲ ရှိတယ်။ 
အသေးစိတ်စိစစ်ဖို့ အချိန်မပေးဘူးဆိုတာ ပေါ်လွင်နေတယ်။ အရင်တုန်းက ဘယ်ဌာနတွေ၊ ဘယ်ဌာနတွေကို ဘယ်ကော်မတီက စိစစ်ပါဆိုပြီး တာဝန်တွေခွဲပေးပါတယ်။ အခု ခွဲမပေးတော့ဘူး။ 
ဘာသိဘာသာ ထားလိုက်တယ်။ ဒါ လွှတ်တော်ရဲ့နိဂုံးပိုင်းမှာ ထူးခြားနေတဲ့ လုပ်ငန်းစဉ်တွေလို့ ပြောရမှာဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်ဆိုရင် ကော်မတီဖွဲ့ပြီး ဘတ်ဂျက်တွေကို သေချာစနစ်တကျ စိစစ်ဖို့ တာဝန်တွေ အတိအကျပေးတယ်။ အခုဘာတာဝန်မှ မလာဘူး။ အထုပ်လိုက်ကြီးတွေ ရောက်လာတယ်။ ကြည့်ပြီးပါပြီ။ ဒါပေမဲ့ အချိန်ပေးပြီး တာဝန်ခွဲပေးမယ်လို့ ထင်ထားတာ။ အခု ဝန်ကြီးဌာနတွေနဲ့ ကော်မတီလည်း တွေ့ဆုံဆွေးနွေးမှုမရှိဘဲ ဒီအတိုင်းပဲ ကျော်ပစ်လိုက်ကြတယ်။ ရှင်းရှင်းပြောရင် နောက်ဆုံး လွှတ်တော်နဲ့ နောက်ဆုံးအစိုးရသည် စနစ်တကျလုပ်ရမယ့်အရာအားလုံးကို ခုန်ကျော်ပစ်လိုက်တယ်လို့ ပြောရမှာဖြစ်တယ်” ဟု အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးခိုင်မောင်ရည်က ပြောကြားသည်။
 
“ဖြတ်တောက်သင့်တဲ့ ငွေတွေကိုတော့ ဖြတ်တောက်သင့်တာပေါ့။ ကျွန်မတို့အနေနဲ့လည်း လွှတ်တော်ထဲမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့လို့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ဆိုတော့ လိုက်နာရတာပေါ့။ ဒါက အစိုးရရဲ့ နောက်ဆုံးကျန်တဲ့ သက်တမ်းကာလအတွင်းမှာ နောက်ဆုံးပေးလိုက်ရတဲ့ ဘတ်ဂျက်အနေနဲ့ဆိုတော့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေကိုတော့ ပြီးပြတ်စေချင်တာပေါ့။ ဒီငွေတွေဟာ တကယ်သုံးနိုင်ဖို့ရာနဲ့ ထိထိရောက်ရောက်နဲ့ အကျိုးရှိတဲ့နေရာတွေမှာ အသုံးပြုစေချင်တာပါပဲ”ဟု ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်ကလည်း ပြောကြားသည်။
 
ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့သည့် ဥပဒေအရ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများအတွက် ငွေကျပ် သန်း ၂၄၆၄၃၃၀ ဒသမ ၀၆၆ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ငွေကျပ် သန်း ၇၁၀၉၆ ဒသမ ၇၈၂ စုစုပေါင်းငွေကျပ် သန်း၂၅၃၅၄၂၆ ဒသမ  ၈၄၈ (၂၅၃၅ ဒသမ ၁ ဘီလျံ)ကို နောက်ထပ်ခွဲေ၀ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
 
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် ဗဟိုအဖွဲ့အစည်း ၁၁ ခုအနက် ခြောက်ခုသည် ဖြည့်စွက် ရန်ပုံငွေကျပ် ၁ ဒသမ ၆၀၇ ဘီလျံ တောင်းခံခဲ့ကြောင်း၊ ဝန်ကြီးဌာန ၃၀ အနက် သာသနာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှလွဲ၍ ကျန်ဝန်ကြီးဌာန ၂၆ ခုသည် ဖြည့်စွက်ရန်ပုံငွေ ကျပ် ၁၈၅၆ ဒသမ ၈ ဘီလျံ တောင်းခံခဲ့ကြောင်း သိရသည်။
 
ပြည်ထောင်စုဝန်ကြီးဌာန ၃၀  ၏ မူလခွင့်ပြုငွေမှာ ကျပ် ၁၉၇၇၄ ဒသမ ၆ ဘီလျံဖြစ်ပြီး ဝန်ကြီးဌာနများ၏ ဖြည့်စွက်တောင်းခံ ငွေသည် မူလခွင့်ပြုငွေ၏ ၉ ဒသမ ၃၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
 
ထိုသို့တောင်းခံသည့် ဝန်ကြီးဌာနများအနက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့သည် မူလခွင့်ပြုငွေ၏ ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်တောင်းခံခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
 

 
၂၀၁၅-၂၀၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံသည့်ပမာဏသည် မူလခွင့်ပြုငွေ၏ ၁၀ ဒသမ ၀၁ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် တိုးမြှင့်တောင်းခံငွေပမာဏ၏  ရာခိုင်နှုန်း ၅၀ ခန့်သည် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့်  အခွန်များဖြစ်ခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တိုးမြင့်သောကြောင့် ဖြစ်ခြင်း၊ ပြည်ပအကူအညီရငွေနှင့် ချေးငွေတို့အတွက် တိုးမြှင့်တောင်းခံရခြင်း ဖြစ်ကြောင်း၊ အခြားသော တိုးမြှင့်တောင်းခံသည့် အသုံးစရိတ်များမှာလည်း ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမည့် ဦးစားပေးအသုံးစရိတ်များမှ လုပ်ငန်းပြီးစီးမှု အခြေအနေအရ ဘဏ္ဍာရေးနှစ်မကုန်မီ ပေးချေရမည့် အသုံးစရိတ်များ ဖြစ်သည်ကို စိစစ်တွေ့ရှိရပါသဖြင့် ဖြတ်တောက်ရန် မလိုအပ်ကြောင်း တွေ့ရှိရသည်ဟု အစီရင်ခံစာတွင် သဘောထားမှတ်ချက် ပြုခဲ့သည်။
 
ယင်းသို့ ထပ်တိုးတောင်းခံငွေနှင့် ပတ်သက်၍ နိုင်ငံ၏ငွေကြေးနှင့် စီးပွားရေးတည်ငြိမ်မှု နည်းပါးနေချိန်ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်အနေဖြင့် လွယ်လင့်တကူ ခွင့်မပြုသင့်ကြောင်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သော်လည်း ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းပြီးနောက် လွှတ်တော်က ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။
 
ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက ဖြည့်စွက်ရန်ပုံငွေဆိုသည်မှာ မူလခွင့်ပြုငွေ၏ အများဆုံး ရှစ်ရာခိုင်နှုန်းသာ ပို၍ တောင်းခံခွင့်ရှိသော်လည်း ဝန်ကြီးဌာန ၁၄ ခုမှာ ရှစ်ရာခိုင်နှုန်းထက် ပိုမိုတောင်းခံခဲ့ကြောင်းနှင့် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့သည့်အတွက် မိမိတို့ လွှတ်တော်သက်တမ်း ကာလအတွင်း လိုငွေ ဘီလျံ ၁၃၀၀၀ ကျော် လိုငွေဖြစ်ပေါ်ခဲ့ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။
 
“ဒီလိုငွေက တကယ်လိုအပ်တဲ့ supplimentary  တောင်းတာလား၊ မတောင်းတာလားဆိုတာ ထောက်ပြပြီးပြီလေ”ဟု ဒေါ်တင်နွယ်ဦးက ပြောကြားသည်။
 
ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်ကော်မတီများအလိုက် စနစ်တကျ စိစစ်ခွင့်မရခြင်းနှင့် ကိုယ်စားလှယ်စားလှယ်များအနေဖြင့် လေ့လာရန် အချိန်နည်းပါးခဲ့ကြောင်း၊ ထပ်မံတောင်းခံသည့် ငွေများတွင်လည်း ပြုလုပ်ပြီး စီမံကိန်းများနှင့် ရယူပြီး ချေးငွေများအတွက် တောင်းခံခြင်းများရှိသည့်အတွက် ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိခြင်းဖြစ်ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။
 
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ စုစုပေါင်း သုံးငွေအဖြစ် ပြည်ထောင်စုလွှတ်တော်က သာမန်အသုံးစရိတ် ကျပ် ၁၅၇၇၄ ဒသမ ၇ ဘီလျံ၊ ငွေလုံးငွေရင်း သုံးငွေကျပ် ၆၅၄၈ ဒသမ ၃ ဘီလျံနှင့် ကြွေးမြီအတွက် ကျပ် ၆၉၃ ဒသမ  ၄ ဘီလျံ စုစုပေါင်း ၂၃၀၁၆ ဒသမ ၅ ဘီလျံ ခွင့်ပြုထားပြီးဖြစ်သည်။
 
“ရှင်းရှင်းပြောရရင် နောက်ဆုံးကာလပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီအပေါ်မှာ သိပ်အာရုံ မကျတော့ဘူး။ အာရုံမကျတဲ့အပေါ် ဒါ အခွင့်အရေးတစ်ရပ်ဖြစ်နေတယ်။ 
ဘတ်ဂျက်ဆိုတာ သေသေချာချာ စနစ်တကျ လုပ်ရတာမျိုးဖြစ်တယ်။ အခု လွှတ်တော်ကြီးက စနစ်ကျလား။ အာဏာလွှဲပြောင်းရေးကိုပဲ တာစူနေတယ်”ဟု အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
 
အစိုးရ၏ ထပ်မံတောင်းခံငွေ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့မှုနှင့် ပတ်သက်၍ အမြင်များ
 
■ ဦးစိုင်းသီဟကျော် (ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင်)
 
ဒီတစ်ခေါက် ဘတ်ဂျက်ကတော့ အစိုးရအဖွဲ့ တင်လာတဲ့အကြောင်းအရာ တူညီတဲ့အချက်တစ်ချက်က ဘာလဲဆိုတော့ ငွေကြေးဈေးတက်တဲ့အတွက်ကြောင့် ထပ်ထိုးတောင်းရပါတယ်ဆိုပြီးတော့ တင်ပြလာတဲ့ချက် အဓိကဖြစ်ပါတယ်။ ဒီ လွှတ်တော်ဘက်က မဖြတ်ဘဲနဲ့ပေးရတဲ့ ကိစ္စကတော့ ဒါ ဒီလွှတ်တော်အများစုကလည်း  ပြည်ခိုင်ဖြိုးပါတီက ဖြစ်တယ်။ အခုလက်ရှိ အစိုးရကလည်း ပြည်ခိုင်ဖြိုးအစိုးရလည်း ဖြစ်တယ်။ 
အဲဒီတော့ အစိုးရအခက်အခဲဖြစ်စေမယ့် ကိစ္စရပ်မျိုးကို မလုပ်ချင်တဲ့သဘောမျိုးလို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ အဲဒါကြောင့်မိုလို့လည်း ခွင့်ပြုလိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဝင်ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေအထဲမှာလည်း ဒီဖြည့်စွက်ရန်ပုံငွေကို ထဲထဲဝင်ဝင် ထောက်ပြတဲ့ ပုဂ္ဂိုလ်သိပ်မရှိတဲ့ အတွက်ကြောင့်မို့လို့လည်း နောက်ရေးရာကော်မတီတွေလည်းပဲ အရင်တုန်းကလိုမျိုး ရေးရာကော်မတီတွေကို ချပေးပြီးတော့ ကော်မတီတွေအလိုက် စိစစ်တဲ့ကိစ္စမျိုးကိုလည်း သိပ်လုပ်တာ မရှိဘူးလေ။ ဒီတစ်ခေါက်ကလေ။ အဲဒီတော့ အကြမ်းဖျင်းသဘောလောက်ပဲ စိစစ်ပြီးတော့ လွှတ်တော်ကနေ ခွင့်ပြုလိုက်တဲ့ အနေအထား တွေ့ရတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ သုံးသပ်ရရင်တော့ ဒီ လက်ကျန်အချိန်အတွင်းမှာ လက်ရှိအစိုးရ အခက်အခဲမဖြစ်အောင် ဒါခွင့်ပြုလိုက်တယ်လို့ပဲ ယူဆပါတယ်။
 
■ ဦးဇော်မြင့်ဖေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
 
အခု ဖြည့်စွက်ရန်ပုံငွေက လက်ရှိအစိုးရရဲ့ နောက်ဆုံးလည်း ဖြစ်တယ်။ မူလခွင့်ပြုငွေမှာတုန်းက ဖြတ်စရာရှိတာတွေ ဖြတ်ခဲ့ပြီးပြီ။ အခု ဖြည့်စွက်ရန်ပုံငွေကျတော့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်တွေကလည်း လက်မခံတာတွေကို ထောက်ပြ ဆွေးနွေးတာတွေ ရှိခဲ့တယ်။ ဝေဖန်စရာရှိတာတွေကိုလည်း ဝေဖန်ခဲ့ကြတယ်။ အခုဟာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ခွင့်ပြုရမယ့် အခြေအနေလည်း ဖြစ်နေတယ်။ အဲဒါကြောင့်မို့ အားလုံး ညီညွတ်ရေးနဲ့ အလုပ်ဖြစ်ရေးနဲ့ ဒီအစိုးရရဲ့ နောက်ဆုံး ဘတ်ဂျက်ဖြစ်နေတဲ့အတွက် ဒီလိုခွင့်ပြုလိုက်ခြင်းဟာ ကြောင်းကျိုးဆီလျော်တယ်လို့ပဲ သုံးသပ်မိတယ်။ အခုလိုခွင့်ပြုလိုက်ခြင်းဟာ သက်တမ်း ကုန်ဆုံးတော့မယ်ဆိုတဲ့ အစိုးရကို ခွင့်ပြုလိုက်တာပဲ ဖြစ်တယ်။ ထောက်ပြစရာရှိတာကို ထောက်မပြဘဲနဲ့ ခွင့်ပြု လိုက်တာတော့ မဟုတ်ဘူး။ ဒီနေရာမှာ အငြင်းအခုံလုပ်နေရင်လည်း အချိန်ကလည်း ကပ်နေပြီ။ အာဏာအလွှဲအပြောင်းကလည်း ရှိနေတဲ့အတွက် အားလုံးရဲ့အကျိုးစီးပွား၊ တိုင်းပြည်ရဲ့ အကျိုး စီးပွား၊ အာဏာလွှဲပြောင်းမှု ချော့မွေ့ရေးစသည်များအတွက် ဒီလိုခွင့်ပြုခြင်းဟာ ကောင်းသောကိစ္စပဲလို့ မြင်ပါတယ်။ 
မူလခွင့်ပြုငွေမှာလည်း ဖြတ်ခဲ့ပြီးပြီ ဖြစ်တယ်။ အခုဟာလည်း ပေးကိုပေးရမှာ ဖြစ်တဲ့အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်တယ်လို့ ယူဆပါတယ်။
 
■ ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
 
အခု ဖြည့်စွက်ရန်ပုံငွေကို သုံးသင့်သလား မသုံးသင့်သလား၊ သုံးနိုင်သလား မသုံးနိုင်သလားဆိုတာကို ကိုယ်စားလှယ်တွေက ဝေဖန်ထောက်ပြခဲ့ကြတယ်။ ဒါကို ဝန်ကြီးဌာနတွေက တောင်းခံတဲ့ ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ အသေးစိတ် ပြန်တင်ပြကြတယ်။ နောက်တစ်ချက်က ဒီ ဘတ်ဂျက်ဆွဲတဲ့အချိန်မှာ ဒေါ်လာဈေးက ၁၀၂၀ လောက်ပဲရှိတယ်။ အခု တကယ်တမ်းသုံးတဲ့အချိန်ကျတော့ ၁၂၈၀ လောက် ဖြစ်နေပြီ။ အဲဒါတွေကို ပြည်ထောင်စုလွှတ်တော်မှာ ပြန်တင်ပြတဲ့အခါ တကယ်တမ်းသုံးရမယ့်ဟာတွေ ဖြစ်နေတဲ့အတွက်ကြောင့် အတည်ပြုလိုက်တာပေါ့။ ကျွန်တော်တို့နိုင်ငံမှာ လိုငွေက တစ်နှစ်ပြီး တစ်နှစ် ပိုပိုများလာတယ်။ လာမယ့်နှစ်တွေက စပြီး ဒါတွေကိုတော့ သတိထားပြီးတော့ စနစ်တကျနဲ့ကို ထိန်းသိမ်းဆောင်ရွက်သွားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

Most Read

Most Recent