အပစ်ရပ်စာချုပ် NCA တွင် လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုဖြင့် ဖွဲ့စည်းထားသော UNFC သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် အဖွဲ့အချို့ရှိ

အပစ်ရပ်စာချုပ် NCA တွင် လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုဖြင့် ဖွဲ့စည်းထားသော UNFC သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် အဖွဲ့အချို့ရှိ
Published 9 December 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် အဖွဲ့အချို့ ရှိနေကြောင်း သတင်းရရှိသည်။UNFC ဒုတိယအကြိမ် ညီလာခံ ပထမ နှစ်ပတ်လည် မျက်နှာစုံညီ ကောင်စီအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်၌ ဒီဇင်ဘာ ၇ ရက်မှ စတင်ကျင်းပလျက် ရှိရာ ဒီဇင်ဘာ ၁၁ ရက်ထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း UNFC အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သည့် ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောကြားသည်။ဦးထွန်းဇော်က “ကျွန်တော်တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးပါပဲ။ ပုံမှန် လုပ်နေကျပေါ့။ အစည်းအဝေးမှာ လက်ရှိနိုင်ငံရေး အခြေအနေတွေ သုံးသပ်မယ်။ အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကို သုံးသပ်မယ်။ နောက်ပြီး ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စတွေမှာ ချမှတ်သင့်တာ ချမှတ်မယ်။ ဆွေးနွေးပွဲက နောက်ထပ် နှစ်ရက် ကျန်ပါသေးတယ်” ဟု ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ပြောကြားသည်။အဆိုပါ UNFC ကောင်စီ အစည်းအဝေးသို့ ဇိုမီး ပြန်လည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (ZRO) ဆိုသည့် အဖွဲ့က UNFC အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပြုပေးရန် စာဖြင့် တင်ပြလာသည်ဟု ၎င်းက အတည်ပြုပြောကြားသည်။“သူတို့အဖွဲ့ဝင် လျှောက်နေတာ ကြာပါပြီ။ ဒီတစ်ခါ တရားဝင်စာနဲ့ လျှောက်တာပေါ့။ ZRO ဆိုတဲ့ အဖွဲ့။ ZRO မှာ သူက အရှေ့ဘက် အနောက်ဘက် ရှိတယ်။ သူတို့ဌာနချုပ်ကတော့ အနောက်ဘက် ဒေသပေါ့လေ။ အဲဒီ ကဏ္ဍတွေလည်း မရောက်သေးပါဘူး။ ကျွန်တော်တို့ အစည်းအဝေး ပြီးရင်တော့ ထုတ်ပြန်မယ်လေ” ဟု ၎င်းက ဆိုသည်။အဆိုပါ UNFC ကောင်စီ အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးသည့် အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် NCA လက်မှတ် မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပူးပေါင်းဆောင်ရွက်သည့် အစည်းအဝေး တစ်ခု ကျင်းပရေး မကျင်းပရေးနှင့် ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အား UNFC အဖွဲ့မှ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းထားသည့် ကိစ္စနှင့် ပတ်သက်သည့် ကောင်စီ၏ ဆုံးဖြတ်ချက်ကိုလည်း အစည်းအဝေး အပြီးတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိ UNFC ဥက္ကဋ္ဌမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA ၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်ပြီး ယခု ကျင်းပနေသည့် UNFC ကောင်စီအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက “အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံ၍ နောင်တက်လာမယ့် အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ခံအဖွဲ့နဲ့ စစ်တပ်တို့ အာဏာခွဲေ၀ ရယူထားတဲ့ အစိုးရ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ နောင် ဆွေးနွေးဖက် ဖြစ်လာမယ့် အစိုးရဟာ စစ်တပ်အခန်းကဏ္ဍ ဆက်လက် ကြီးမားနေမည့် အစိုးရ ဖြစ်သော်လည်းပဲ ရွေးချယ်ခံ အဖွဲ့အစည်း လူထုခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရဆိုတဲ့ ပုံရိပ် ကြီးမားနေမှာ ဖြစ်တဲ့အတွက် ဆွေးနွေးညှိနှိုင်းမှု ဖြစ်စဉ်တွေမှာ မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဘက်မှ မဟာဗျူဟာ၊ နည်းဗျူဟာကျကျ မှန်မှန်ကန်ကန် မလုပ်ဆောင်နိုင်ပါက ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့ နားလည်စာနာမှု လျော့ကျသွားနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ် ဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။    

Most Read

Most Recent