Facebook စာမျက်နှာများပေါ်တွင် ထွက်ပေါ်နေသည့် ဖျာပုံမြို့တွင် ကလေးငယ်များကို ဂိုဏ်းဖွဲ့ဖမ်းဆီးနေသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့ ရှင်းလင်း

Facebook စာမျက်နှာများပေါ်တွင် ထွက်ပေါ်နေသည့် ဖျာပုံမြို့တွင် ကလေးငယ်များကို ဂိုဏ်းဖွဲ့ဖမ်းဆီးနေသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့ ရှင်းလင်း
Published 9 December 2015
မင်းသူဝင်းထွဋ်

Facebook စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ်ခဲ့သည့် ဖျာပုံမြို့တွင် ကလေးငယ်များကို ဂိုဏ်းဖွဲ့ ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ ရောင်းချမှုများ ပြုလုပ်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့ နှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများက ဒီဇင်ဘာ ၈ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
 
နေအိမ်မှ ရက်အတန်ကြာ ကျောင်းမတက်ဘဲ ပျောက်ဆုံးနေသော ကလေးငယ်သုံးဦး ပျောက်ဆုံးမှုမှ စတင်ကာ ဒီဇင်ဘာ ၅ ရက်တွင် ဖြစ်ပွားခဲ့သော ဆွံ့အနားမကြားသည့် ကလေးငယ်တစ်ဦးကို အသက်၂၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ခေါ်ဆောင်သွားခြင်းကို ဖမ်းဆီးရမိခြင်း၊ စိတ်ဝေဒနာရှင်ဟု ဆိုသော လူစိမ်းအမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ဦးကို ခေါ်ဆောင်သွားမှုအား အဝေးပြေးကားဝင်းအတွင်း ဖမ်းဆီးရမိသည့် သတင်းများမှ အစပြုကာ ဖျာပုံမြို့တွင် လူခိုးဂိုဏ်းတစ်ခုမှ ကလေးငယ်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး မြို့ခံပြည်သူများမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ ကလေးငယ်များကို ကျောင်းများသို့ မစေလွှတ်ခြင်း၊ ကျောင်းတက် ကျောင်းဆင်းချိန်များတွင် မိဘများကိုယ်တိုင် ကျောင်းများသို့ ကိုယ်တိုင်သွားရောက် စောင့်ဆိုင်းခေါ်ယူခြင်းများပါ ပြုလုပ်ခဲ့ကြရပြီး ကောလာဟလ သတင်းများပျံ့နှံ့နေမှုကို ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ယခင်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် ကလေးငယ်သုံးဦး ပျောက်ဆုံးခဲ့သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဘဲ ကလေးငယ်များမှာ ကျောင်းသို့ သွားရောက်ခြင်းမရှိဘဲ လည်ပတ်ခဲ့ခြင်းသာဖြစ်ပြီး မိဘများထံသို့  ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၅ ရက်တွင် အမှတ်(၁၂) ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် အသက်ခြောက်နှစ်အရွယ် ဆွံ့အ နားမကြား ကလေးငယ်တစ်ဦးကို ခေါ်သွားသည်ဆိုသည်မှာလည်း လက်ရှိစစ်ဆေးမှုရလဒ်များအရ ခေါ်ဆောင်သွားခြင်း မဟုတ်ဘဲ ကလေးငယ်မှာ လမ်းဖြတ်မကူးတတ်သောကြောင့် လမ်းဖြတ်ကူးပေးရင်း ကလေးငယ်က ဆက်လက်လိုက်လာ၍ ခေါ်ဆောင်သွားရခြင်းသာဖြစ်သည်ဟု ကလေးငယ်အား ခေါ်ဆောင်သွားသည့် မဇာဇာဝင်း အသက် (၂၃ နှစ်)ကို စစ်ဆေးမှုရလဒ်များအရ သိရကြောင်း၊ သို့သော် ကလေးငယ်အား ခေါ်ဆောင်သွားသည့် မဇာဇာဝင်းအား လူကုန်ကူးမှုများဖြင့် သံသယရှိသောကြောင့် ရဲတပ်ဖွဲ့မှ (ပ) ၂၉၈/၁၅၊ ပြစ်မှုပုဒ်မ ၃၆၃ဖြင့် အမှုဖွင့်စစ်ဆေးနေလျက် ရှိကြောင်း၊ ဒီဇင်ဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် ကလေးငယ်တစ်ဦးအား စိတ်ဝေဒနာရှင်ဆိုသော လူစိမ်းအမျိုးသမီးတစ်ဦးက ခေါ်သွားမှုကို အဝေးပြေးကားဝင်းအတွင်း ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင်လည်း ကလေးငယ်အား ခေါ်ဆောင်သွားသည့် အမျိုးသမီးမှာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကလေးငယ်အား မိဘများထံ ပြန်လည်ပို့ဆောင်၍ အဆိုပါ အမျိုးသမီး၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ကာ စိတ်ဝေဒနာရှင်ဖြစ်ကြောင်း မှန်ကန်မှု ရှိ မရှိ စစ်ဆေးနေလျက် ရှိနေကြောင်း ဖျာပုံခရုင်ရဲတပ်ဖွဲ့မှူးနှင့် ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးတို့က ရှင်းလင်း သတင်းထုတ်ပြန်ခဲ့သည်။
 
“အွန်လိုင်းပေါ်မှာ ပျံ့နေသလိုမျိုး မဟုတ်ကြောင်း ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ပထမဆုံး ကလေးသုံးယောက် ပျောက်တာကလည်း ကျောင်းမတက်ဘဲ သွားနေတာကို ကလေးတွေရော ဆရာ၊ ဆရာမတွေရောက ရှင်းပြပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာဖြစ်တဲ့ကိစ္စမှာလည်း ဆွံ့အနားမကြား ကလေးကို မေ့ဆေးအဝတ်အုပ်ပြီး ဖမ်းသွားတယ်ဆိုတာလည်း မဟုတ်မှန်ပါဘူး။ ပုံမှန်လမ်းလျှောက်ပြီးသွားကြတာပါ။ ကလေးက လမ်းမကူးတတ်လို့ လမ်းကူးပေးရင်းနဲ့ ဆက်လိုက်လာလို့ ခေါ်သွားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကလေးကိုခေါ်သွားတဲ့ တရားခံကိုတော့ ကျွန်တော်တို့က လူကုန်ကူးမှုနဲ့ သံသယရှိနေလို့ ဆက်လက်ပြီးတော့ စစ်ဆေးနေပါတယ်။ ဒီဇင်ဘာ ၇ ရက်က ဖြစ်တဲ့ကိစ္စမှာလည်း ကလေးကိုခေါ်သွားတဲ့ အမျိုးသမီးက စိတ်ဝေဒနာဖြစ်နေပါတယ်။ ကလေးနဲ့ သူ့ကိုအတူတူ ဖမ်းဆီးမိချိန်မှာ သူ့ရဲ့အိတ်ထဲမှာ ဆေးထိုးအပ်တွေ မေ့ဆေးတွေပါတယ်ဆိုတာလည်း မဟုတ်မှန်ပါဘူး။ အဝတ်အစား အစုတ်သုံး လေးထည်ပဲ ပါပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးဟာ စိတ်ဝေဒနာရှင်ဖြစ်ကြောင်း မှန် မမှန်ကို ကျွန်တော်တို့လည်း ဆုံးဖြတ်လို့မရလို့ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်ပြီးတော့ စစ်ဆေးနေပါတယ်။ စိတ်ဝေဒနာရှင် ဟုတ်တယ်၊ မဟုတ်ဘူးသိရရင် ကျွန်တော်တို့ ဆက်လက်အရေးယူမှုတွေ လုပ်ဆောင်မှာပါ”ဟု ဖျာပုံ မြို့မရဲစခန်းမှ အမှုစစ်အရာရှိဒုရဲအုပ် တင်အောင်သန်းက ပြောကြားသည်။
 
ဖျာပုံမြို့မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှုများ အများဆုံးဖြစ်ပွားသည့်ဒေသဖြစ်ပြီး လူကုန်ကူးမှုဖြစ်စဉ်များမှာ ရေလုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် ခေါ်ယူခြင်းများသာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။         

Most Read

Most Recent