ပခုက္ကူသီးနှံ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု များလာပြီး ဝယ်လက် နည်းပါးနေခြင်းကြောင့် ကြက်သွန်နီသစ် ဈေးနှုန်းများ သိသာစွာ ကျဆင်း

ပခုက္ကူသီးနှံ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု များလာပြီး ဝယ်လက် နည်းပါးနေခြင်းကြောင့် ကြက်သွန်နီသစ် ဈေးနှုန်းများ သိသာစွာ ကျဆင်း
Published 8 December 2015
သက်ထိန်ဝင်း (ပခုက္ကူ)

ယခုဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပခုက္ကူသီးနှံ ဈေးကွက်အတွင်း ကြက်သွန်နီသစ်များ ဝင်ရောက်မှု များပြားလာပြီး ဝယ်လက် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းများ ပြန်လည် ကျဆင်းလာကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။
ပခုက္ကူသီးနှံ ဈေးကွက်အတွင်း ဒီဇင်ဘာလဆန်းပိုင်းမှစ၍ နေ့စဉ် ကြက်သွန်နီသစ် ပိဿာချိန် ၃၀၀၀၀ အထက် ဝင်ရောက်လျက်ရှိပြီး ဝယ်လက် နည်းပါးသွားခြင်းကြောင့် ဒီဇင်ဘာ ၈ ရက် ဈေးကွက်တွင် အမြင့်ဆုံး ဈေးတစ်ပိဿာ ကျပ် ၁၁၀၀ သာ ရှိတော့ကြောင်း သိရသည်။
ကြက်သွန်နီသစ်များမှာ ပခုက္ကူသီးနှံ ဈေးကွက်အတွင်း နိုဝင်ဘာလကုန်ပိုင်းမှ စတင်ဝင်ရောက်ခဲ့ပြီး အဆိုပါ ရက်များတွင် ကုန်ဝင်ရောက်မှု နည်းပါးခြင်းနှင့် ဝယ်လက် များပြားခြင်းတို့ကြောင့် တစ်ပိဿာ ကျပ် ၂၃၅၀ ထိ ပေါက်ဈေး ရှိကြောင်း သိရသည်။
“ခုရက်ပိုင်း တစ်ရက်ကို ပိဿာချိန် ငါးသောင်းလောက် ဝင်ပါတယ်။ အနိမ့်ဆုံးဈေးက တစ်ပိဿာကျပ် ၉၀၀ ရှိပါတယ်။ အလုံးကြီးတွေကတော့ တစ်ပိဿာ ကျပ် ၁၁၀၀ ပါ။ တစ်ပိဿာ ကျပ် ၁၁၀၀ ဖြစ်ပြီးတဲ့နောက် အဝယ် ပြန်လိုက်လာပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ မြဝတီ ဝယ်လက်တွေ အများဆုံး ဝယ်တာပါ။ အခုမှ ရာသီစပဲ ရှိပါသေးတယ်။ နောက်ရက်တွေလည်း ပိဿာချိန် သောင်းဂဏန်း ပုံမှန်ဝင်မှာပါ။ လက်ရှိဈေးတန်းက တောင်သူအတွက် အဆင်ပြေနေပါသေးတယ်”ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုစိန်လွင်က ပြောကြားသည်။
ပခုက္ကူ ဈေးကွက်အတွင်း တစ်ပိဿာ ကျပ် ၁၁၀၀ ဝန်းကျင်ဖြင့် ရောင်းဝယ်လက်ရှိသည့် ကြက်သွန်နီသစ်များမှာ ပခုက္ကူနှင့် ရေစကြိုမြို့နယ်တွင်းရှိ မြစ်ရေဝင် ဒေသတွင် စိုက်ပျိုးသည့် ကြက်သွန်နီများ ဖြစ်ကြောင်း သိရသည်။
ဈေးကွက်အတွင်း လက်ရှိရောင်းဝယ်နေသည့် ကြက်သွန်နီသစ်ဈေး တစ်ပိဿာ ကျပ် ၁၁၀၀ မှာ စိုက်ပျိုးသူ တောင်သူများအတွက် အကျိုးအမြတ် ရှိနေသေးသည့် ဈေးနှုန်းဖြစ်ပြီး ထုတ်လုပ်မှုစရိတ် တစ်ပိဿာ ကျပ် ၆၀၀ ဝန်းကျင် ကုန်ကျကြောင်း သိရသည်။
ပခုက္ကူကြက်သွန် ဈေးကွက်အတွင်း ယောချောင်း ဒေသထွက် ကြက်သွန်နီများမှာ နှစ်စဉ် ဧပြီမှ နိုဝင်ဘာ လဆန်းပိုင်းထိ ဝင်ရောက်ပြီး မြစ်ရေဝင်ဒေသများမှ ထွက်ရှိသည့် ကြက်သွန်နီများမှာ ဒီဇင်ဘာ လဆန်းပိုင်းမှ ဇန်နဝါရီ လကုန်းပိုင်းအထိ ဝင်ရောက်ကြောင်း သိရသည်။
ယခုနှစ် ပခုက္ကူ ကြက်သွန်ဈေးကွက်တွင် ယောချောင်းဒေသထွက် ကြက်သွန်နီများမှာ တစ်ပိဿာ ကျပ် ၃၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ကြက်သွန်နီ ရောင်းဝယ်ရေးကာလ တစ်လျှောက် အမြင့်ဆုံးဈေးနှုန်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ၂၀၁၄ခုနှစ် ကြက်သွန် ရောင်းဝယ်ရေးကာလတွင် ယောချောင်း ဒေသထွက် ကြက်သွန်များနှင့် မြစ်ရေဝင် ကျွန်းမြေများမှ ထွက်ရှိသည့် ကြက်သွန်နီများမှာ ဝယ်လက် ပျောက်ဆုံးမှုကြောင့် တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် တောင်သူများမှာ စိုက်ပျိုး ဆုံးရှုံးမှု ကြီးမားခဲ့ကြောင်း သိရသည်။

Most Read

Most Recent