နေပြည်တော် ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ် စည်ပင်သာယာ တရားရုံးမှ စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် အသက် ၆၀ ကျော် အမျိုးသားနှင့် ကလေးလေးဦး၏ ဖခင်ဖြစ်သူတို့အား ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ကြောင်းသိရသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ နယ်မြေ ၁၃ အမှတ် ၆ ရပ်ကွက်၊ တမာပင်ကုန်းကျေးရွာမှ ဒေသခံများကို ကျူးကျော်အဖြစ် သတ်မှတ်သဖြင့် ယင်းကဲ့သို့ ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
ယခင် စည်ပင်ဥပဒေပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ် ၂ လ ကျခံပြီး ဖြစ်သော်လည်း လက်ရှိအချိန်အထိ အဆောက်အဦး နေအိမ်များ ဖယ်ပေးခြင်း မရှိသည့်အတွက် ယင်းကဲ့သို့ စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် ဆက်လက် တရားစွဲဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် အသက် ၆၇ နှစ်ရှိ ဦးချစ်အောင်နှင့် ကလေးငယ်လေးဦးတို့၏ ဖခင်ဖြစ်သူ ဦးအောင် ဇော်မိုးတို့နှစ်ဦးအား ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်များ၏ မိခင်ဒေါ်ခင်ဆွေငြိမ်းက ”ကျွန်မယောင်္ကျားက အလုပ်ကြမ်းနှင့် ထောင်နှစ်လ ကျတယ်။ အခုက တစ်လကျတယ်။ အရင်ကျကတည်းက ကလေးလေးယောက်နဲ့ ကျွန်မဒုက္ခရောက်တယ်။သူမရှိတော့ ကလေးတွေ စားဝတ်နေရေးနဲ့ဘာလုပ်လုပ် ဖြစ်မလာဘူး။ တရားရုံးကို ကျွန်မအမှန် ပြောပြလို့လည်းမရဘူး။ကျွန်မတို့နဲ့ ခြံစည်းရိုး ကပ်နေတဲ့ သူလည်း အိမ်ဝိုင်းကွက်ရတာပဲ။ အဲ့ဒါကို တရားသူကြီးကို ပြောတော့လည်း ဒီမှာပြောလို့မရဘူးတဲ့။အဲ့ဒါဆို ဘယ်ကိုသွားပြောရမလဲ”ဟု ပြောသည်။
ကလေးငယ်လေးဦးအနက် သုံးဦးမှ လက်ရှိကျောင်းတက်နေပြီး အငယ်ဆုံးကလေးမှာ အသက်နှစ်နှစ်သာ ရှိသေးကြောင်း မိခင်ဖြစ်သူက ဆိုသည်။
“အရင်နှစ်လချပြီးကတည်းက အကြွေးတွေများလို့ ကလေးတွေကို ကျောင်းထုတ်ထားရတယ်။ဒီနှစ်မှ အဆင်ပြေလို့ ကျောင်းပြန်ထား တာ။အခုထောင်ပြန်ကျတော့ စားဝတ်နေရေးအရ ကလေးတွေကို ကျောင်းဆက်တက်ဖို့ တစ်ယောက်တည်း ဘယ်လိုလုပ်ရမလဲ။ ကျွန်မအတွက် အခက်အခဲတွေအများရှိပါ တယ်”ဟု ကလေးငယ်ပွေ့၍ ဒေါ်ခင်ဆွေငြိမ်းက တရားရုံးရှေ့တွင် သတင်းထောက်များ မေးမြန်းမှုကို ငိုကြွေးကာ ပြောဆိုခဲ့သည်။
အသက် ၆၇ နှစ်ရှိ ဦးချစ်အောင်၏ဇနီး ဒေါ်ခင်စန်းရီက”ကျွန်မတို့ အဲ့ဒီနေရာမှာနေတာ ၁၃ နှစ် ရှိပါပြီ။အဲ့တုန်းကဝယ်နေတာတောင် မြေကွက်က သုံးသိန်းခွဲပေးရတယ်။ အဲ့ဒါကို ကျူးကျော်ဆိုပြီး တရာစွဲတာ နှစ်ခါရှိပါပြီ။ကျွန်မတို့ကို ဝိုင်းအစား ပြန်ပေးရင်တော်ပါပြီ”ဟုပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ သမ္မတတိုက်ရိုက်အုပ်ချုပ်သည့် နယ်မြေတွင် စည်ပင်တရားသူကြီး ဒေါ်မိမိသန်းမှ ပုဒ်မ ၂၆ ဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၇၄ နှစ်ရှိ ဦးအောင်ဝင်း၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် အသက် ၆၇ နှစ်ရှိ ဦးငချွန်၊၂၀၁၄ ခုနှစ်တွင် အသက် ၈၂ နှစ်အရွယ်အဘွား ဒေါ်ညိုနှင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အသက် ၈၈ နှစ်အရွယ် အဘွားဒေါ်တင်လှိုင်တို့အား ထောင် ဒဏ်တစ်လစီအသီးသီးချမှတ် ခဲ့ကြောင်းသိရသည်။
အသက် ၆၀ ကျော်အမျိုးသားနှင့် ကလေးငယ် လေးဦး၏ ဖခင်ဖြစ်သူတို့အား စည်ပင် ဥပဒေပုဒ်မ ၂၇ ဖြင့် နေပြည်တော် စည်ပင်တရားရုံးက ထောင်ဒဏ်တစ်လ ထပ်မံ ချမှတ်















