ခန့်မှန်းရခက်နေဆဲ မြန်မာ့အိမ်ခြံမြေ ဈေးကွက်

ခန့်မှန်းရခက်နေဆဲ မြန်မာ့အိမ်ခြံမြေ ဈေးကွက်
Published 7 December 2015
အငယ်ထွေး

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက် အေးနေတာ တစ်နှစ်ကျော် လာခဲ့ပါပြီ။ အမှန်တော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာ နောက်ပိုင်းလောက်ကစပြီး တဖြည်းဖြည်း အေးလာခဲ့တယ်လို့ ပြောရမှာပါ။ ဒီလို အေးလာပေမယ့် အစပိုင်းမှာ ဈေးနှုန်းအားဖြင့် ကျဆင်းခြင်း သိပ်မရှိလှပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဈေးနှုန်းတွေပါ လိုက်ကျလာတာမျိုး တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ အိမ်ရာ အဆောက်အအုံ၊ တိုက်ခန်းဈေးနှုန်းတွေ အဆမတန်မြင့် တက်လာခဲ့တဲ့အတွက် ၂၀၁၄ အ ကုန် ၂၀၁၅ နှစ်ဆန်းပိုင်းတွေမှာ ကန်ထရိုက်တိုက်ခန်းတွေ အလျှို လျှို ဆောက်လုပ်လာကြတာလည်း တွေ့ရပါတယ်။ အလားတူပဲ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေရဲ့ အကြီးစား ဆောက်လုပ်မှုတွေလည်း တွေ့ရပါတယ်။၂၀၁၁ ခုနှစ်ကစပြီး ၂၀၁၅ ခုနှစ်အတွင်းဟာ  မြန်မာနိုင်ငံက ကမ္ဘာကို ကြေညာခဲ့တဲ့ ပြုပြင်ပြောင်းပြင်လဲရေးကာလ (Reform Period) ဖြစ်တဲ့အတွက် နိုင်ငံတကာ အင်ဂျီအိုတွေ၊ ကုမ္ပဏီတွေ ဝင်လာတဲ့အခါမှာ ရုံးခန်းအငှား ဈေးနှုန်းတွေ နင်းကန် မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အိမ်ခြံမြေ ရွှေခေတ်ရောက်ခဲ့တယ်လို့ေ ပြောရမှာပါ။ ကွန်ဒို ဥပဒေမထွက်ခင်မှာပဲ နိုင်ငံခြား သားတွေအတွက် ရည်ရွယ်ပြီး ဆောက်တဲ့ ကွန်ဒိုတွေလည်း အများကြီးရှိလာပါတယ်။ ဒါပေမဲ့ ၂၀၁၅ ကို ရောက်လာတဲ့အခါမှာ အိမ်ခြံမြေဈေးကွက် ကျဆင်းလာပါတယ်။ မြန်မာ့စီးပွားရေး ကျဆင်းသွားတာက အကြောင်းအချက် တစ်ခုဖြစ်သလို ရွေးကောက်ပွဲကို စောင့်ကြည့်နေတာကလည်း နောက်ထပ် အကြောင်းတစ်ခုပါ။ ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်လာမလဲ မသိခင်မှာ အိမ်ခြံမြေမှာ ထပ်ပြီး မြှုပ်နှံမှု မလုပ်ရဲသေးပါဘူး။ ဒါပေမဲ့ အခုလို ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာတဲ့အခါမှာရော အိမ်ခြံမြေမှာ ရဲရဲရင်းနှီးမြှုပ်နှံ ကြပြီလားဆိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ ဆောက်ထားတဲ့ တိုက်ခန်းတွေ၊ ကွန်ဒိုတွေ အရောင်းမထွက်နိုင်သေးသလို အစိုးရသစ်ရဲ့ အိမ်ခြံမြေပေါ်မှာ ချမှတ်လာမယ့် မူဝါဒကိုလည်း မသိနိုင်သေးတာလည်း ပါပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံရေး အခင်းအကျင်း ကောင်းမွန်လာတယ်။ ဒီမိုကရေစီ အစိုးရတက်လာတယ်ဆိုရင် မြန်မာနိုင်ငံလို နိုင်ငံမျိုးကို ဝင်ရောက်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေထဲမှာ (The Last Frontier) နိုင်ငံပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ အစိုးရသစ်အနေနဲ့ တရားဥပဒေ စိုးမိုးမှုကို ဦးစားပေး အာဂျန်တာအနေနဲ့ လုပ်ဆောင်မယ်လို့ ပြောထားတဲ့အတွက် ဝိသမ စီးပွားရေးသမားတွေ မျက်ကန်းတစ္ဆေမကြောက် လုပ်လို့မရသေးတဲ့ အနေအထားပါ။တကယ်တော့ မြန်မာနိုင်ငံမှာ အခုလောက်အထိ အိမ်ခြံမြေ ဈေးနှုန်းတွေ တက်သွားတာ တရားမဝင် မှောင်ခိုဈေးကွက်ကို မချုပ်ကိုင်နိုင်တာနဲ့လည်း သက်ဆိုင်နေပါတယ်။ ဥပမာ ဥပဒေအရ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် မရှိပေမယ့် တရုတ်လူမျိုး (ပြည်ပကဝင်လာတဲ့ နိုင်ငံခြားသား) အတော်များများ အမည်တစ်ဆင့်ခံတွေနဲ့ ဝယ်ယူခဲ့တာတွေ အများအပြားပါပဲ။ မူဆယ်၊ မန္တလေး၊ ရန်ကုန်အထိ ဆင်းဝယ်ခဲ့ကြတာပါ။တရားဥပဒေ စိုးမိုးမှု အားနည်းပြီး တရားစီရင်ရေးမဏ္ဍိုင် ခြစားနေတဲ့ အတွက်ပဲဖြစ်ဖြစ်၊ တရားဥပဒေ စိုးမိုးမှု မရှိလို့ဖြစ်ဖြစ် အရေးယူ ဆောင်ရွက်နိုင်မှု အတော် အားနည်းခဲ့ပါတယ်။ ဒါကြောင့်လည်း အိမ်ခြံမြေ ဈေးကွက်မှာ ဈေးကစားမှု အများအပြား ဖြစ်ခဲ့ပါတယ်။တစ်ဖက်မှာ ကားဈေးကွက်လည်း ပျက်သွားပြီဆိုတော့ အားလုံးရဲ့ အာရုံက အိမ်ခြံမြေဘက်ကို ရောက်လာတာပါပဲ။ နောက်တစ်ခုက Money La- undering   ဆိုတဲ့ ငွေမည်းကို ငွေဖြူ ဖြစ်အောင် ပြောင်းချင်တဲ့ လူတွေရှိခဲ့တဲ့ အတွက်လည်း အိမ်ခြံမြေ ဈေးကွက် ပျက်သွားခဲ့ပါတယ်။ ၁၅ ရာ ခိုင်နှုန်း အခွန်ဆောင်ရင် ဝင်ငွေရလမ်း ပြစရာမလိုဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ အိမ်ခြံမြေဈေးကွက်ကို  မီးလောင်ရာ လေပင့် ဖြစ်သွားစေခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို ငွေမည်းတွေ ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေ အများအပြား ရှိနေပါတယ်။ ကျောက်မှောင်ခို၊ သစ်မှောင်ခို နဲ့ မူးယစ်ဆေးဝါး ကလာတဲ့ ငွေမည်းတွေ အိမ်ခြံမြေလုပ်ငန်းကို စီးဝင်လာ၊ အဲဒီငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခွင့်ရခဲ့တာဟာ အခြေခံ လူတန်းစားနဲ့ လူလတ် တန်းစားတွေကို ပိုပြီးကျပ်တည်းမှုတွေဆီ တွန်းပို့ လိုက်သလိုပါပဲ။ ဘယ်လောက်အထိ အခက်အခဲတွေကို ရင်ဆိုင်ရလဲဆိုရင် လူလတ်တန်းစားတွေတောင် အိုးပိုင်အိမ်ပိုင်နဲ့ နေလို့မရနိုင်တော့တဲ့ အနေအထားအထိပါ။ ဒါကြောင့် ရန်ကုန်မြို့လူထုဟာ အိမ်ငှားအနေအထားနဲ့ နေလာရတာ များပါတယ်။ အိမ်ငှားခကလည်း သက်သာသလားဆိုတော့ မသက်သာပါဘူး။ တချို့ဆို ဝင်ငွေရဲ့ သုံးပုံနှစ်ပုံလောက်အထိ ပေးရပါ တယ်။ တိုက်ခန်းဈေးနှုန်းတွေကအစ မိုးထိအောင် တက်နေတဲ့အခါ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း သူ့ထက်ငါ တိုက်ခန်းတွေ အပြိုင်ဆောက်လုပ်လာကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဝယ်လို အားက မရှိတော့ပါဘူး။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့အတွက် ဖြစ်တာလို့ လက်ခံယူဆမှုနဲ့အတူ ရွေးကောက်ပွဲအလွန် ကာလကို ဆက်မျှော်ခဲ့ကြပါတယ်။အခု ရွေးကောက်ပွဲအလွန် ကာလ ရောက်ပေမယ့်လည်း ဈေးကွက်က သိပ်တက်မလာပါဘူး။ ပြောရရင် တက်လာမယ့် အစိုးရ ဘာလုပ်မလဲဆိုတာ မသိနိုင်တဲ့အတွက် အိမ်ခြံမြေဈေးကွက်က ဆက် လက် အေးစက်နေဆဲပါပဲ။ တချို့ကတော့ အစိုးရဖွဲ့ပြီးရင် အလားအလာ ပိုကောင်းနိုင်တယ်လို့ မရဲတရဲ မျှော်လင့်ကြပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းတွေမှာတော့ နယ်မြို့လေးတွေဘက်မှာ အရောင်းအဝယ်လေးတွေ ရှိနေတယ်လို့ သတင်းလေးတွေ ထွက်နေပါတယ်။ တစ်စုံတစ်ရာ အာမခံချက်ရှိတဲ့ နိုင်ငံရေး အခင်းအကျင်းဖြစ်လာရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုတဲ့ ယုံ ကြည်ချက်လေးနဲ့ လုပ်လာကြတဲ့ သဘောပါပဲ။ ဒါပေမဲ့ လက်ရှိ အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်က ဈေးနှုန်းတွေသည်ပင် ဒေသတွင်းနိုင်ငံတွေထက် မြင့်နေတုန်းပါ။ မနှစ်က ကမ္ဘာကျော် ကိုရီးယားက ဆမ်ဆောင်း ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံချင်ပေမယ့် မြေဈေးနှုန်းတွေကြီးတဲ့အတွက် ဗီယက်နမ်ကို ရောက်သွားခဲ့ပါတယ်။ နိုင်ငံရေး တံခါးဖွင့်လို့ စီးပွားရေးလုပ်ငန်းတွေ ဝင်လာချင်ရင်တောင် လက်ရှိဈေးနှုန်းတွေက အတားအဆီး ဖြစ်ချင်ဖြစ်နေဦးမှာပါ။ ဘာကြောင့် မြေတွေဈေးကြီး ရတာလဲ။ ဘာကြောင့် မြေဈေးတွေ မကျနိုင် ရတာလဲဆိုရင်တော့ အလွန်အကျွံ လှောင်ထားတဲ့ သူတွေ ရှိနေတဲ့ အတွက်ပါပဲ။ ဒါတွေအပေါ်မှာ အစိုးရသစ်အနေနဲ့ ဘယ်လိုမူဝါဒနဲ့ သွားမလဲ။ ဘယ်လို ကိုင်တွယ်မလဲဆိုတာသိရမှ မြေဈေးအပြောင်းအလဲ ဖြစ်မှာပါ။ ဥပမာနိုင်ငံတကာမှာလို အိမ်တစ်လုံးထက်ပိုပြီး ပိုင်ရင် Pro- perty Gain Tax ကောက်မှာလား၊ အိမ်ခြံမြေကို ဝယ်ထားပြီး အသုံးမပြုဘဲထားရင် Withholding Tax ကောက်မှာလား။ စီမံကိန်းနယ်မြေတွေမှာ ပရောဂျက်တစ်ခုခု ရှိခဲ့လို့ ဈေးတွေ လှိမ့်တက်ရင် Betterment Tax ကောက်မှာလားဆိုတာကတော့ အစိုးရသစ် ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဥပမာ တစ်ပေပတ်လည်ကို သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းသတ်မှတ်ပေးတာမျိုးနဲ့ ဥပဒေကို ချိုးဖောက်ရင် စနစ်တကျ အရေးယူတာ မျိုးကို အစိုးရ ဘယ်လောက်အထိ ထိထိရောက်ရောက်လုပ် နိုင်မလဲ ဆိုတဲ့အပေါ် မူတည်ပြီး အိမ်ခြံမြေ ဈေးကွက် အပြောင်းအလဲဖြစ်သွား မှာဖြစ်ပါတယ်။ မြေတွေ ယူထားပြီး ဘာမှမလုပ်ဘဲ ထားတာတွေလည်း အများအပြားရှိနေပါတယ်။ မြေလွတ်မြေရိုင်း ခေါင်းစဉ်အောက်မှာ သိမ်းထားတာတွေရှိတယ်။ အမှန်တော့ အစိုးရ မှာ မြေရှိဖို့ပဲလိုတာပါ။ မြေသာရှိ မယ်ဆိုရင် တန်ဖိုးနည်းတိုက်ခန်းတွေ၊  တန်ဖိုးမျှတ တိုက်ခန်းတွေကို ပြည်သူတွေအတွက် ဆောက်ပေးလို့ရပါတယ်။ ခုံးကျော်တံတားတွေလောက် နိုင်ငံတော်ဘတ်ဂျက်ကို ဝါးမျိုသွားမှာတော့ မဟုတ်ပါဘူး။ နိုင်ငံအသီးသီးမှာ အိမ်ရာကို ဘယ်လိုထုတ်တယ်ဆိုတာမျိုး ရှိပါတယ်။  မလေးရှားတို့၊ စင်ကာပူတို့က အမှတ်စနစ်နဲ့ သွားကြတယ်လို့ သိရပါ တယ်။ ဥပမာ ကုမ္ပဏီတစ်ခုက တန်း ဖိုးမျှတအိမ်ရာ ဘယ်လောက်ထုတ်ရင် တန်ဖိုးနည်းအိမ်ရာလည်း ဘယ်လောက်ထုတ်ရမယ်ဆိုတာမျိုးပါ။ ဒီအတွက်တော့ Imported goods တွေ၊ Building Material တွေကို အကောက်ခွန် လွတ်ခွင့်ပေးတာမျိုးနဲ့ အစိုးရက ကူညီကြပါတယ်။ အစိုးရက မြေစိုက်ပေးတဲ့အတွက် ကုမ္ပဏီတွေကလည်း ဆောက်နိုင်သလို၊ ဈေးလည်း လျှော့ရောင်းနိုင်ပါတယ်။ အစိုးရ မစိုက်နိုင်ရင်တော့Low Cost   က Low Quality ပဲဖြစ်သွားမှာပါ။ နောက်တိုက်ခန်းတွေကို အရစ်ကျ ရောင်းပေးကြတဲ့အခါလည်း အမှတ်စနစ်နဲ့ သွားကြပါတယ်။ ဥပမာ ဝန်ထမ်းဆို ဘယ်နှမှတ်၊ သက်ကြီးရွယ်အိုတွေ ရှိတဲ့အိမ်ဆို ဘယ်နှမှတ်။ အိမ်တစ်အိမ်မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများ ( Handicap )တစ်ယောက်ရှိနေလျှင် ဘယ်နှမှတ်ဆိုတာမျိုး အမှတ်တွေ ခွဲပေးပြီး အမှတ်အများဆုံး ရတဲ့သူတွေကို အရင်ရောင်းပေးတဲ့ စနစ်ပါ။မရသေးတဲ့ လူကနောက်နှစ်ဦး စားပေးအစီအစဉ်နဲ့ ပြန်တန်းစီခွင့်ရှိပါတယ်။ ဒါကတော့ နိုင်ငံတကာက လုပ်နေတဲ့ပုံစံပါ။ မြန်မာနိုင်ငံမှာတော့ လက်ရှိအခြေအနေအထိက စပ်ကူးမပ်ကူး ကာလဖြစ်နေတော့ Clear Message မရှိသေးပါဘူး။ မှန်းဆ လုပ်ကိုင် နေရတုန်းပါပဲ။ ဒါကြောင့် မြန်မာ့အိမ်ခြံမြေ ဈေးကွက် အလားအလာကလည်း ခန့်မှန်းရ ခက်နေဆဲ ဆိုတဲ့အကြောင်း ရေးသားရင်း အခုတစ်ပတ်စီးပွားရေး သုံးသပ်ချက် ကဏ္ဍကို ရပ်နားလိုက်ပါတယ်။   

Most Read

Most Recent