ဒီမိုကရေစီခေတ်သစ်နှင့် ခရီးသွားလုပ်ငန်း

ဒီမိုကရေစီခေတ်သစ်နှင့် ခရီးသွားလုပ်ငန်း
Published 7 December 2015
သစ်ထွဋ်

မကြာမီ လပိုင်းအတွင်း မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ဒီမိုကရေစီ ခေတ်သစ်ကို ဖော်ဆောင်မယ့် အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာဖို့ရှိနေရာ စီးပွားရေး အခွင့်အလမ်းဆိုင်ရာတွေလည်း တိုးတက်ဖွံ့ဖြိုးလာဖို့ မျှော်လင့်ချက်တွေ ရှိနေပြီဖြစ်ပါတယ်။
အမှန်တကယ် ပြောင်းလဲမှုကို လိုချင်ကြတဲ့အတွက် ပြောင်းလဲမှုကို ဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တစ်ခဲနက် မဲပေးခဲ့ ကြပြီးနောက်မှာ နယ်ပယ်စုံမှာ ပြုပြင်ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ ပြည်သူအများစုက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။အပြောင်းအလဲတွေအတွက် မျှော်လင့်နေကြတဲ့ အချိန်မှာ လက်ရှိအခြေအနေအရလည်း နယ်ပယ်စုံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ နှစ်စဉ် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုးတက်မှုတွေ ရှိခဲ့တယ်လို့ စာရင်းဇယားတွေမှာ ဖော်ပြထားခဲ့ပေမယ့် ပြည်သူအများစုအပေါ် ဓနဥစ္စာ ခွဲဝေနိုင်ဖို့ စီမံခန်ခွဲရာမှာတော့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။အထူးသဖြင့် ပြည်သူအများစုပေါ် အကျိုးသက်ရောက် မှုရှိစေမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းတွေကို လာမယ့်အစိုးရသစ်က ဖော်ဆောင်ပေးနိုင်ဖို့ လူအများက လိုလားနေကြတာ ဖြစ်ပါတယ်။ ပြည်သူများအပေါ် အကျိုးသက်ရောက်မှု ရှိစေပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေထဲမှာ မြန်မာနိုင်ငံအတွက် အလားအလာကောင်းတွေ ရှိနေတာကတော့ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်ပဲဖြစ်ပါတယ်။
၄ ဒသမ ၂ သန်းကျော်
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ပြန်ကြည့်ရင် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ခေတ်ကတည်းက အခက်အခဲ အကျပ်အတည်းများ ကြားထဲက ရုန်းကန်ခဲ့ရတဲ့ လုပ်ငန်းတစ်ခု ဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိတ်ဝင်စားတဲ့ ပြည်ပခရီးသွားတွေကတော့ မလျော့ကျသွားခဲ့ပါဘူး။ တင်းကျပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းမျိုးစုံ အပါအဝင် ကန့်သတ်ချက်မျိုးစုံကြောင့် မြန်မာနိုင်ငံရဲ့ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဟာ ဖွံ့ဖြိုးမှု နောက်ကျခဲ့ပြီး ဒေသတွင်း နိုင်ငံတွေက လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်မှု မရှိခဲ့တာဟာ ၁၀ စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုနောက်ပိုင်း နှစ်တွေမှာတော့ ခရီးသွားလုပ်ငန်းအတွက် ဖြေလျှော့မှုအချို့ ပြုလုပ်ပေးခဲ့တာကြောင့် ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုဟာ နှစ်စဉ်တိုးတက်လာခဲ့ပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေအရ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုတွေဟာ ၂၀၁၂ ခုနှစ်မှာ ၁ ဒသမ ၀၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ၂ ဒသမ ၀၄ သန်းကျော်အထိ တိုးတက် ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဝင်ရောက်ဖို့ ရည်မှန်းခဲ့တဲ့ ခရီးသွား သုံးသန်းကို ပြည့်မီခဲ့ပါတယ်။ ယခုနှစ်မှာတော့ နိုဝင်ဘာလကုန်အထိ ကမ္ဘာလှည့် ခရီးသွား ၄ ဒသမ ၂ သန်းကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်တာကြောင့် ၂၀၁၅ ခုနှစ်အတွက် ဝင်ရောက်ဖို့ ရည်မှန်းထားတဲ့ ခရီးသွား ၄ ဒသမ ၅ သန်းကိုပြည့်မီသွားဖို့ ရှိနေပါတယ်။
နှစ်စဉ်ဘီလျံချီ
ပြည်ပက ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်မှု တိုးတက်လာပေမယ့် တကယ်တမ်း ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ခရီးသွားဝင်ရောက်မှုက အများကြီး ကွာခြားနေပါသေးတယ်။ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် တစ်နှစ်ကို ပြည်ပခရီးသွား သန်း၂၀ ကျော် ဝင်ရောက်နေပြီး ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေဟာလည်း ခရီးသွားတွေ တိုးတက်ရလာဖို့ အစီအမံတွေ ချမှတ် ဆောင်ရွက် နေကြပါတယ်။ အဲဒီနိုင်ငံတွေမှာ ခရီးသွားလုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ ဒေါ်လာတွေ နှစ်စဉ် ဘီလျံနဲ့ချီပြီး နိုင်ငံသားတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်တာကြောင့် ခရီးသွား လုပ်ငန်းဟာ သူတို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုနေတဲ့ လုပ်ငန်းကြီး တစ်ခုဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ခရီးသွားလုပ်ငန်းကနေ နှစ်စဉ်ပျမ်းမျှ ဒေါ်လာဘီလျံ ၃၀ ကျော်ရရှိနေပြီး နိုင်ငံ GDP မှာ ၁၀ ရာခိုင်နှုန်းအထိ ခရီးသွားလုပ်ငန်းက ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်မှာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလျံသာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုနိုင်ငံခြားဝင်ငွေ အများအပြား ရှာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မယ့် ခရီးသွားလုပ်ငန်းဟာ လက်ရှိ ပြောင်းလဲမှုတွေ ပြုလုပ်မယ့် မြန်မာနိုင်ငံ အတွက်တော့ အခွင့်အလမ်းသစ်တွေ ဆောင်ကြဉ်းပေးမယ့် လုပ်ငန်းနယ်ပယ်ကြီး ဖြစ်မှာပါ။
ရိုးသား ပွင့်လင်းတဲ့အပြုံး
တကယ်တော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံဟာ ရေခံမြေခံကောင်းမွန်ပြီး ဒေသတွင်း နိုင်ငံတွေနဲ့ ကောင်းစွာ ယှဉ်ပြိုင်နိုင်တဲ့ ခရီးစဉ်ဒေသ အများအပြားကို ပိုင်ဆိုင်ထားပါတယ်။ ပြောရရင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနေတယ်ဆိုတဲ့  အာဆီယံနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံမှာမှ ရေခဲတောင်မရှိပါဘူး။ မြန်မာနိုင်ငံမှာပဲရှိပါတယ်။ လှပတဲ့ကမ်းခြေတွေ၊ လူသူအရောက်အပေါက် နည်းသေးတဲ့ မြန်မာပြည် မြောက်ပိုင်းက သစ်တောတွေ၊ သဘာဝအင်းအိုင်တွေ၊ ဒီရေတောတွေနဲ့ မပျက်စီးသေးတဲ့ သဘာ၀ အလှတရားများစွာနဲ့သမိုင်းအမွေအနှစ် များစွာကို ပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် ကမ္ဘာမှာ နာမည်ကျော်တဲ့ သမိုင်းထဲက ပုဂံ၊ ဘုရင်မင်းဆက် နောက်ဆုံးမြို့ မန္တလေးက အနုလက်ရာတွေနဲ့ သမိုင်းဝင်အဆောက်အအုံတွေ၊ နိုင်ငံအနှံ့အပြားမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ဒေသတွေ၊ ရိုးရာယဉ်ကျေးမှု ပွဲတော်တွေနဲ့ လေ့လာစရာ လူမှုဘဝတွေဟာ ဒေသတွင်း နိုင်ငံတွေနဲ့ ခရီးသွားလုပ်ငန်းမှာ ကောင်းကောင်း ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးဖော်ရွေတဲ့ ဓလေ့နဲ့ ရိုးသား ပွင့်လင်းတဲ့ အပြုံးတွေကလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း နယ်ပယ်မှာ သတင်းကောင်းနဲ့ နာမည် ကျော်ကြားပါတယ်။ ဒါတွေကို ခရီးသွားလုပ်ငန်းမှာ အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်။
မောင်းနှင်အား
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ အမေရိကန် ဒေါ်လာ ဘီလျံနဲ့ချီပြီး ရခဲ့ပါတယ်။ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း တိုးတက်လာတာကြောင့် အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်ခဲ့ပြီး လက်ရှိမှာ လုပ်သားအင်အား ရှစ်သိန်းကျော် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှာ လုပ်ကိုင်နေကြပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာနေပြီး ဟိုတယ်တွေလည်း တိုးချဲ့ဆောက်လုပ်မှုတွေ ပြုလုပ်နေကြပါတယ်။ ဒီလိုကြီးမားတဲ့ဝင်ငွေနဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းကြီးတစ်ခုကို ဒီထက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေး အတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဆုံမှာ ဆည်ဆောက်ပြီး လျှပ်စစ်ထုတ်တာထက် မြစ်ဆုံအပါအဝင် ရေခဲတောင်နဲ့ ကချင်ပြည်နယ်ထဲက သဘာ၀ သစ်တောတွေကို ခရီးစဉ်ဒေသအဖြစ် ဖန်တီးပြီး ဒေါ်လာတွေ သန်းနဲ့ချီဝင်လာအောင် လုပ်လို့ရပါတယ်။ ဖားကန့်မှာ ကျောက်စိမ်းတွေ အလွန်အကျွံ တူးဖော်ခွင့်ပြုမယ့်အစား သင့်ရုံသာ တူးဖော်ခိုင်းပြီး ကျောက်စိမ်းမြေ ခရီးစဉ်ဒေသတစ်ခု ဖန်တီးနိုင်မယ်ဆိုရင် တစ်လောက မြေစာပုံပြိုကျလို့ လူတွေရာချီ သေကျေရတဲ့ အဖြစ်ဆိုးတွေ ရှောင်ရှားနိုင်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ ခရီးစဉ်တစ်ခု ဖြစ်လာမှာပါ။ ထို့အတူပဲ သစ်တောတွေ အုံနဲ့ကျင်းနဲ့ ခုတ်ရောင်းနေတာတွေ၊ သမိုင်းအမွေအနှစ်တွေကို နည်းလမ်းတကျ မထိန်းသိမ်းတဲ့ လုပ်ရပ်တွေ (ပုဂံတွင် ရှေးဟောင်းစေတီ ပုထိုးများကို ယနေ့ခေတ်ပစ္စည်းတွေနဲ့ အစားထိုး ဆောက်လုပ်ပြုပြင်ခြင်း) ကို ရှောင်ကြဉ်ကြခြင်းဖြင့် ခရီးသွားလုပ်ငန်းကို နိုင်ငံ့စီးပွားရေးရဲ့ အဓိကမောင်းနှင်အား တစ်ခုအဖြစ်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းကဏ္ဍဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေတယ် ဆိုပေမယ့်လည်း စနစ်ကျတဲ့ စီးပွားရေး လုပ်ငန်းကဏ္ဍကြီး ဖြစ်လာဖို့ဆိုရင် လာမယ့်အစိုးရသစ်အနေနဲ့ ပြုပြင် ပြောင်းလဲစရာတွေ အများကြီး ရှိနေပါသေးတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံကို လာရောက်တဲ့အခါ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ ဖြေလျှော့မှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်မှုတွေ ရှိနေသေးပါတယ်။ ဗီဇာ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် လျှောက်ယူပြီး လာရောက်နိုင်မှသာ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်မှာပါ။ နောက်တစ်ခုက ခရီးသွားလာခွင့် ကန့်သတ်ထားတဲ့ နေရာတွေ တော်တော်များများ ရှိနေပါသေးတယ်။ အထူးသဖြင့် နယ်မြေ မအေးချမ်းသေးတဲ့ ဒေသတွေမှာ ဖြစ်ပါတယ်။ ဒီလိုကန့်သတ်ထားတဲ့ ဒေသတွေမှာဆိုရင် ခရီးစဉ်ဒေသ ဖော်ဆောင်ဖို့ သင့်တော်တဲ့ဒေသတွေ အများကြီး ပါဝင်နေပါတယ်။ ဒါတွေကတော့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ လောလောလတ်လတ် ပုဂံဒေသမှာ တရားမဝင် ဟိုတယ်တွေ တည်ဆောက်ခြင်းနဲ့ ဘုရား၊ စေတီများကို ဟိုတယ်ဝင်းအတွင်း တည်ဆောက်မှုကြောင့် ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေက အစိုးရသစ်အနေနဲ့  ပြတ်ပြတ်သားသား ကိုင်တွယ်ရမယ့် ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းအတွက် ယနေ့အချိန်မှာ အရေးတကြီး လိုအပ်နေတာကတော့ လူ့စွမ်းအား အရင်းအမြစ်တွေ မွေးထုတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီအတွက် ဟိုတယ်နဲ့ ခရီးသွားဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းပို့ချနိုင်တဲ့ သင်တန်းကျောင်းတွေ အများအပြားဖွင့်ဖို့ လိုအပ်ပါတယ်။ ခရီးစဉ်ဒေသတွေမှာလည်း ဒေသခံတွေကို အိုးမကွာအိမ်မကွာ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေ ထူထောင်နိုင်အောင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့၊ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကိုလည်း ခေတ်နဲ့လျော်ညီပြီး လုပ်ငန်းလုပ်ကိုင်သူတွေအတွက် လုပ်သာကိုင်သာ ရှိစေအောင် ရေးဆွဲပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။
တကယ်တော့ မီးခိုးမထွက်တဲ့ စီးပွားရေးလို့ တင်စား ခေါ်ဝေါ်ကြတဲ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းဟာ မိမိနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများ၊ သမိုင်းအမွေအနှစ်များကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းရင်းနဲ့ နိုင်ငံခြားဝင်ငွေ ရှာနိုင်သလို နိုင်ငံသားတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်တာကြောင့် လာမယ့် ဒီမိုကရေစီ ခေတ်သစ်ကို ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ ကဏ္ဍကြီးတစ်ရပ်အဖြစ် ပါဝင်နေမှာပဲ ဖြစ်ပါတယ်။ ဒီအတွက် တစ်ချိန်ကလို သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ခံပြီး သယံဇာတတွေကိုသာ ရောင်းစားနေရကာ နိုင်ငံသားအများစု မွဲခဲ့ကြရတဲ့ သယံဇာတ ကျိန်စာတွေက လွတ်မြောက်ရန် ခရီးသွား လုပ်ငန်း ကဏ္ဍကို မြှင့်တင်ကြဖို့ အထူးလိုအပ် လှပါတော့တယ်။

Most Read

Most Recent