ဘိန်းမည်း ရောင်းချခြင်းဖြင့် ချက်ချင်း ငွေမပေါ်ဘဲ တရုတ် သူဌေးများထံမှ အဖက်တမင်းကိုသာ ရရှိနေသည့်အတွက် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်မားလာ

ဘိန်းမည်း ရောင်းချခြင်းဖြင့် ချက်ချင်း ငွေမပေါ်ဘဲ တရုတ် သူဌေးများထံမှ အဖက်တမင်းကိုသာ ရရှိနေသည့်အတွက် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်မားလာ
Published 6 December 2015
အငယ်ထွေး

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုမြင့်မားလာခြင်းမှာ ဘိန်းမည်းကို ရောင်းချခြင်းဖြင့် ချက်ချင်း ငွေမပေါ်ဘဲ အဖက်တမင်းများကိုသာ ရရှိနေသည့်အတွက် ကိုယ်တိုင်လည်းသုံး ဈေးကွက်လည်းရှာသည့် အနေအထားမှ ယင်းသို့သုံးစွဲမှု ပိုမိုမြင့်တက်လာခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။“မူးယစ်ဆေးဝါးဆိုတဲ့ နေရာမှာ အဓိက,ကတော့ အဖက်တမင်း ပေါ့လေ။ တအားကို ဆိုးရွားလွန်း နေတာပေါ့။ တအားကို လွယ်နေတာပေါ့။ ကျေးရွာတွေမှာအထိ ဝယ်လို့ရတယ်။ တအားလည်း ပေါ်ပြူလာ ဖြစ်နေတာပေါ့။ အဖက်တမင်းကလည်း ကျွန်တော်တို့ သိတာတော့ လုပ်လို့သိပ်လွယ်နေတယ်။ ကယ်မက်ကယ် ပစ္စည်းတွေကလည်း လုပ်လို့ရတယ်လို့ သိရတယ်။ ဒေသထဲမှာတင် ထုတ်လုပ်လို့ရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဘာဖြစ်လဲဆိုတော့ လူငယ်တွေကြားထဲ ပျံ့နှံမှုကိုကြည့်ရင် အရင်နှစ်တွေထက်စာရင် ပိုပြီးတော့ များလာတာ တွေ့ရတယ်။ သုံးစွဲဖူးသွားပြီဆိုရင် သူတို့က ထပ်ရှာကြတာပဲလေ။ ဥပမာ ညဘက်တွေဘာတွေ မအိပ်လိုဘူး ဆိုရင်လည်း အဲဒါ သုံးကြတာပေါ့။ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းမှာ ရှိပါတယ်” ဟု လာရှိုးခရိုင် အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။ရှမ်းပြည်နယ်သည် ဘိန်းအဓိက စိုက်ပျိုးသည့် ပြည်နယ်တစ်ခုဖြစ်ပြီး မြို့နယ်တိုင်းလိုပင် စိုက်ပျိုးမှုများ ရှိကြောင်း၊ တောင်ထိပ်များ၊ လျှိုများ စသည့် နေရာများတွင် စိုက်ပျိုးမှုများကြောင်း၊ အချို့ လယ်ကွင်းများထဲတွင်ပင် စိုက်ပျိုးမှုများ ရှိနေကြောင်း သိရသည်။အစိုးရဘက်မှ ရံဖန်ရံခါ ဖျက်ဆီးမှုများ ရှိသော်လည်း တချို့ စိုက်ခင်းများမှာ ထိန်းချုပ် နယ်မြေများအတွင်း ကျရောက်နေသည့်အတွက် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။“ဥပမာ ကျွန်တော်တို့ မူဆယ်-နန့်ခမ်းဘက်မှာ တအာင်းပလောင် အဖွဲ့တွေရှိတဲ့ နယ်မြေဆို အရက်လည်း တအားပေါလွန်းတယ်။ ဒါကြောင့် သူတို့ကလည်း ပလောင်တွေရဲ့ ယောကျ်ားတွေဆိုရင် ရာခိုင်နှုန်း ၇၀ လောက်က ဆေးစားကြတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး သံသရာက အရင်တုန်းကတော့ ဘိန်းမည်းပေါ့။ နောက်ပိုင်းကျတော့ ဘိန်းဖြူပေါ့။ အခုတော့ အဖက်တမင်းပေါ့။ အဖက်ထမင်းကတော့ တအားဆိုးပါတယ်။ ဥပမာ ဘိန်းစိုက်ကြတယ်။ ဘိန်းမဲ ထွက်လာလို့ သွားရောင်းတဲ့ အချိန်မှာ တရုတ်လောပန်းတွေကျတော့ ပိုက်ဆံနဲ့ မဝယ်ဘူး။ ဒါပဲ ရှိတယ်လို့ ပြောတယ်။ အဲဒါနဲ့ သူတို့လည်း အဖက်တမင်းကို သုံးကျသလို ပြန်ရောင်းကြတယ်။ အဲဒီလိုပဲ သံသရာ လည်နေတာပါ” ဟု ဦးစိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။ယင်းကဲ့သို့ ဘိန်းစိုက်ကြခြင်းမှာ ဒေသ ဖွံ့ဖြိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရလာသည့် ဘိန်းမှာ ရောင်းလို့ လွယ်နေခြင်းမှာလည်း အကြောင်းတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် ပင်လောင်းမြို့ အတွင်းရှိ ဘိန်းခင်းများအား သက်ဆိုင်ရာက ဖျက်ဆီးနေသည်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာက တွေ့ရစဉ်“ကျွန်တော့် အမြင်ကတော့ အပြုသဘော မြင်ပါတယ်။ ကျွန်တော် လေ့လာမိသလောက်ဆိုရင် ကမ္ဘာ့ရဲ့ ဘိန်းမည်း လိုအပ်မှုက မြင့်မားနေတာပါ။ ဒါပေမဲ့ Import Licence မရသေးပါဘူး။ ဆေးဝါး ထုတ်လုပ်တဲ့ နေရာတွေမှာ သုံးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုက ပိတ်ပင်လိုက်တော့ ဘိန်းဖြူချက်တဲ့ နေရာတွေကို ရောက်ကုန်တယ်လို့ မြင်ပါတယ်။ ဥပမာ တောင်အာဖရိက,ကဆိုရင် ဘိန်းမည်းကို တရားဝင်သွင်းတဲ့ ကိစ္စကို ကမ္ဘာက ခွင့်ပြုပေးထားတယ်။ မော်ဖင်းလို့ခေါ်တဲ့ အသက်ကယ်ဆေးတွေမှာ ဘိန်းမည်းက တအားလိုအပ်တယ်။ ဆေးဝါး ထုတ်လုပ်မှုအတွက် ဘိန်းမည်း ထုတ်လုပ်မှုက မလုံလောက်ဘူး။ နိုင်ငံက အကျိုးရှိအောင် လုပ်ပေးနိုင်မယ်ဆိုရင် တောင်သူတွေအတွက်လည်း ကောင်းပါတယ်” ဟု ဆက်လက် ပြောကြားသည်။  ယင်းဖြစ်ရပ်များမှာ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ ယခင်က တအာင်း ဒေသတွင် အမျိုးသား တပ်မတော် ရှိခဲ့ကြောင်း၊ သို့သော် ထိုတပ်မတော်သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး ယူလိုက်ကြောင်း၊၂၀၀၅ ခုနှစ်တွင် လက်နက် အပြီးအပိုင် အပ်ရကြောင်း၊ ထိုတပ်မတော် ရှိစဉ်က သူတို့ ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးများ လုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်းတို့ဒေသတွင် ဘိန်းသုံးစွဲသူ ယခုလောက် များပြားခြင်း မရှိခဲ့ကြောင်း၊ သို့သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်း၊ တစ်နည်းအားဖြင့် လက်နက်အပ်ပြီး နောက်ပိုင်း တအာင်း ဒေသတွင် သိသိသာသာ များပြားလာကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှုလည်း များပြားလာကြောင်း သိရသည်။“ကျွန်မတို့ ရှမ်းပြည် မြောက်ပိုင်းပေါ့နော် အထူးသဖြင့် ဒီမူဆယ်၊ နမ့်ခမ်း၊ နမ်ပုံ၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီဘော အဲဒီနားတလျှောက်တွေဆိုရင် မူးဝါးဆေးဝါးတွေက အရမ်းကို ပေါများနေတာပေါ့။ အလွယ်တကူလည်း ဝယ်လို့ရတယ်။ ပြီးလို့ရှိရင် လူငယ် တော်တော်များများကလည်း မူးယစ်ဆေးဝါးဖက်ပြီး ပျက်စီးလာကြတယ်။ ဘယ်ရွာမဆို လက်ညှိုးထိုးလိုက်ရင် မူးယစ်ဆေးဝါး မသုံးတဲ့ ရွာလို့ မရှိသလောက်ပဲ။ ရွာထဲမှာလည်း လက်ညှိုး ထိုးလိုက်ရင် ၁၀ ယောက်မှာ ခုနှစ်ယောက် ရှစ်ယောက်လောက်က မူးယစ်ဆေးဝါး ကျေးကျွန်တွေ ဖြစ်လာကြတယ်” ဟု တအာင်းပလောင် အမျိုးသမီး အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) ဖြစ်သူ မဒီးဒီးပိုးကျိန်းက ပြောကြားသည်။အကျိုးဆက် အနေဖြင့် အမျိုးသမီးလေးများက ရွာထဲမှာပင် မနေတော့ကြောင်း၊ ရွာထဲမှာ နေပါက ဘိန်းစားများနှင့် အိမ်ထောင်ကျမည်ကို စိုးရိမ်လာကြကြောင်း၊ ထို့ကြောင့် အရွယ်ရောက်လာသည့် မိန်းကလေး အတော်များများ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ သွားရောက် လာကြကြောင်း သိရသည်။စင်စစ် ရှမ်းပြည်မြောက်ပိုင်း တအာင်းပလောင် ဒေသတွင် လက်ဖက် တစ်မျိုးတည်းကိုသာ အဓိက စိုက်လေ့ရှိကြောင်း၊ နောက်ပိုင်းတွင် တရုတ်ပြည်ဘက်မှ လက်ဖက်များ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာကြကြောင်း၊ ယင်းနောက်ပိုင်း ဒေသခံများ အလုပ်လက်မဲ့ ဖြစ်လာကြကြောင်း၊ အလားတူ အခြား မိုင်းရှူး၊ ဖားကန့် စသည့် ဒေသများမှ ပြန်လာသူများလည်း သုံးတတ်လာကြကြောင်း၊ သူတို့နှင့် ဆက်နွှယ်သူများပါ သုံးစွဲလာတတ်ကြောင်း သိရသည်။    

Most Read

Most Recent