အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေးပိတ်ဆို့မှုများ လျှော့ချရန် ပြင်ဆင်

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေးပိတ်ဆို့မှုများ လျှော့ချရန် ပြင်ဆင်
Published 6 December 2015
ဇေယျာနန္ဒ Ref: AP

မြန်မာနိုင်ငံရှိ အဓိကကုန်တင်ကုန်ချ ဆိပ်ကမ်းများကို အမေရိကန်ပြည်ထောင်စုမှ အမည်ပျက်စာရင်းသွင်းထားသည့် စီးပွားရေးသမားတစ်ဦးမှ လုပ်ကိုင်နေခြင်းကြောင့်  နိုင်ငံတကာဘဏ်များ အနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ဆောင်ရန် အခက်အခဲများဖြစ်ကြောင်း တိုင်တန်းမှုများရှိလာသဖြင့်  အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေးပိတ်ဆို့မှုများ လျှော့ချရန် ပြင်ဆင်နေကြောင်း AP သတင်းဌာနက ဒီဇင်ဘာ ၄ ရက်တွင် ဖော်ပြထားသည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ကွန်ဂရက်လွှတ်တော်တွင် မြန်မာနိုင်ငံအပေါ် လျှော့ပေါ့သည့် မူဝါဒများ ချမှတ်လုပ်ဆောင်ပေးရန် တိုက်တွန်းမှုများပြုလုပ်နေပြီး ထိုကဲ့သို့လုပ်ဆောင်မှုများကို လာမည့်ရက်သတ္တပတ်အတွင်း တွေ့မြင်နိုင်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက AP သတင်းဌာနသို့ ပြောကြားသည်။မြန်မာနိုင်ငံတွင် သမိုင်းဝင်ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် စီပွားရေးတိုးတက်မှုများ ပိုမိုလုပ်ဆောင်လိုသော်လည်း ထိုကဲ့သို့  လုပ်ဆောင်မှုများသည် ဥပဒေပြုလွှတ်တော် အမတ်များနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများ ကြုံတွေ့လာနိုင်သည်။ယခုကဲ့သို့ ကုန်သွယ်ရေးပိတ်ဆို့မှုများ လျှော့ချပါက နိုင်ငံတကာဘဏ်များအနေဖြင့် ရန်ကုန်မြို့ရှိ အဓိကကုန်တင်ကုန်ချ ဆိပ်ကမ်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပို့ဆောင်မှုများ လုပ်ဆောင်ခွင့် ရရှိမည်သည်။ အဆိုပါဆိပ်ကမ်းကို Asia World စီးပွားရေးလုပ်ငန်းစုပိုင်ရှင် Steven Law မှ လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းသည် အမေရိကန်အစိုးရက အမည်ပျက်စာရင်းသွင်း ပိတ်ဆို့ခံထားရသူတစ်ဦးလည်း ဖြစ်သည်။နိုင်ငံတကာဘဏ်အများစုကို ကိုယ်စားပြုသည့်အဖွဲ့အစည်း နှစ်ခုဖြစ်သည့် The Clearing House  နှင့် The Bankers Association for Finance and Trade အဖွဲ့တို့မှ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန Office of Foreign Assests Control မှ ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရှောင်ရှားလုပ်ကိုင်နိုင်ခွင့် ရရှိရေးတောင်းဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါစာတွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု လုပ်ဆောင်လိုကြောင်းနှင့် ထိုသို့ မလုပ်ဆောင်နိုင်ပါက ဆိုးရွားသည့် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။ထိုကဲ့သို့ နိုင်ငံတကာဘဏ်များမှ တောင်းဆိုချိန်တွင် မြန်မာနိုင်ငံသည် နှစ် ၅၀ ကျော် တပ်မတော်အုပ်ချုပ်မှုစနစ်မှ အရပ်သားဦးဆောင်သော အစိုးရစနစ်သို့ ပြောင်းလဲနေချိန်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိခဲ့သော်လည်း လာမည့် ၂၀၁၆  ဧပြီလ မတိုင်မီအထိ အစိုးရသစ် အပြည့်အ၀ ဖွဲ့စည်းနိုင်မည်မဟုတ်ကြောင်း AP သတင်းဌာနက ထောက်ပြထားသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် အဆိုပါအချိန်မတိုင်မီအထိ လျှော့ချမှု အများအပြားလုပ်ဆောင်နိုင်ဖွယ် မရှိကြောင်း AP က သုံးသပ်ထားသည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ယခုအပတ်အတွင်း တွေ့ဆုံးဆွေးနွေးခဲ့သည့် ကွန်ဂရက်လွှတ်တော် အထာက်အကူပြု အဖွဲ့ဝင်များက “(အမေရိကန်) အစိုးရဘက်ကနေ ဥပဒေပြင်ဆင်ဖို့၊ ပိတ်ဆို့အရေးယူထားတဲ့ သူတွေကို ဖယ်ရှားပေးဖို့၊ အမည်ပျက်စာရင်း အချို့ဖျက်ပေးဖို့ ဒါမှမဟုတ် သူတို့ကို အမေရိကန်ကုမ္ပဏီတွေနဲ့ တိုက်ရိုက် ကုန်သွယ်ခွင့်ပြုဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး ကင်းလွတ်ခွင့်ပေးလိုက်ဖို့ စောလွန်းပါသေးတယ်။ အရေးယူပိတ်ဆို့မှု မူဝါဒကိုလည်း လျှော့ပေါ့ရာ ရောက်သွားပါမယ်” ဟု ပြောကြားသည်။လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အာရှဆိုင်ရာ ဒါရိုက်တာ John Sifton က “ရာဇဝတ်မှုမကင်းတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တပ်မတော်အစိုးရလက်ထက်  ဖိနှိပ်မှုတွေကို ထောက်ခံခဲ့မှုတွေကြောင့် အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုစာရင်းမှာ ပါတဲ့သူတွေကို ကန့်သတ်ပိတ်ဆို့မှုတွေ လျှော့ချပေးတယ် ဆိုတာဟာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ကောင်းတဲ့ အကြံဉာဏ်တော့ မဟုတ်ပါဘူး။ ဒီလိုလူတွေဟာ အစကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေး ဆိုးရွားအောင်၊ နိုင်ငံဆင်းရဲအောင် လုပ်ခဲ့တဲ့သူတွေ ပါ” ဟု ပြောကြားသည်။ Asia World စီးပွားရေးလုပ်ငန်းစုကို ၁၉၉၂ ခုနှစ်က လော်စစ်ဟန်က ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကမ္ဘာ့အကြီးဆုံး ဘိန်းမှောင်ခို  ဖြန့်ဖြူးတစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရ သူဖြစ်သည်။ ထို့ကြောင့် လော်စစ်ဟန်နှင့် ၎င်း၏သား  Steven Law တို့ကို ၂၀၀၈ ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ Specially Designated Nationals (SDN)  စာရင်းသွင်းပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ အစိုးရထိပ်တန်းအရာရှိအချို့အပြင် ယခင်အစိုးရနှင့် ဆက်နွှယ်မှုရှိသော စီးပွားရေးသမားများနှင့် ခရိုနီများလည်း အဆိုပါ အမည်ပျက်စာရင်းတွင် ဆက်လက်ပါဝင်နေဆဲဖြစ်ပြီး အမေရိကန်စီးပွားရေးစနစ် အတွင်းပိုင်ဆိုင်မှုများ ထားရှိခွင့်နှင့်  အမေရိကန်ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ကိုင်ခွင့် ပိတ်ပင်ခြင်းခံထားရသည်။ယခင်အစိုးရလက်ထက်အတွင်း Asia World လုပ်ငန်းစုကို ဆိပ်ကမ်းလုပ်ကိုင်ခွင့်၊ အဝေးပြေးလမ်း တည်ဆောက်ခွင့်နှင့် လေဆိပ်လုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့ပြီး လက်ရှိတွင် Asia World Port Management Co. Ltd, မှ မြန်မာနိုင်ငံအတွင်း အရေးပါသည့်  ကုန်သွယ်ရေးလမ်းကြောင်းများကို လုပ်ကိုင်နေလျက်ရှိသည်။ ထို့ပြင် ရန်ကုန်မှတစ်ဆင့် ဝင်ရောက်သည့် ကုန်သွယ်မှု ရာခိုင်နှုန်း ၆၀ ကို ဦးစီးလုပ်ကိုင်နေလျက် ရှိသည်။နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအနေဖြင့် အခြားကုန်သွယ်ရေးလမ်းကြောင်းများကို အသုံးပြုနိုင်သော်လည်း Asia World  လုပ်ငန်းစုမှ လုပ်ကိုင်လျက်ရှိသည့် ကုန်သွယ်ရေးလုပ်ငန်းများသည် ပိုမိုအချက်အချာကျသည့် နေရာများတွင် တည်ရှိပြီး ပိုမိုကောင်းမွန်သော ယန္တရားများဖြင့် လုပ်ကိုင်နေသည်။မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်မှုသည် နည်းပါးသော်လည်း နှစ်စဉ် တိုးမြင့်လာလျက်ရှိသည်။ ၂၀၁၄ ခုနှစ်က နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၅ မီလျံရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် ပထမ ၁၀ လအတွင်း ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၃၀၆ ဒသမ ၁ မီလျံအထိ ရှိခဲ့သည်။လွန်ခဲ့သည့် သုံးနှစ်ခန့်က မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ဖော်ဆောင်ခဲ့ခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် သမ္မတအိုဘားမား ဦးဆောင်သည့် အမေရိကန်အစိုးရမှ ရင်းနှီးမြှုပ်နှံခွင့်နှင့် ကုန်သွယ်ခွင့်အပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို ရပ်တန့်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် အရေးယူပိတ်ဆို့မှုများကို ထပ်မံမလျှော့ချမီ အစိုးရသစ်ထံ  ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းမှုဖြစ် ပေါ်ရန်လိုအပ်ကြောင်း အမေရိကန်အစိုးရ က ပြောကြားထားသည်။“ဒီ (အာဏာ) လွှဲပြောင်းမှု ဘယ်လိုဖြစ်လာမလဲဆိုတာကို မြင်ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရသစ်နဲ့ရော ကွန်ဂရက်လွှတ်တော်နဲ့ပါ ပြောင်းလဲမှုတွေကို အနီးကပ်စောင့်ကြည့်ပြီး ဆွေးနွေးဖြစ်မယ် ထင်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်ဖြစ်လာမည့် Scot Marciel  က ပြောကြားသည်။သို့သော် လက်ရှိတွင် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို လိုအပ်သလိုပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မလိုလားသည့် အကျိုးဆက်များ၊ ပြဿနာများ ဖြစ်ပေါ်လာပါက အရေးယူပိတ်ဆို့မှုများကို ပြင်ဆင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံတွင် အဓိကအခြေခံအဆောက်အအုံ အများစုကို ပိတ်ဆို့အရေးယူခံထားရသည့် စီးပွားရေးသမားများနှင့် အရာရှိများနှင့် ဆက်နွှယ်သော လုပ်ငန်းများမှ လုပ်ကိုင်နေခြင်းကြောင့် အမေရိကန်အစိုးရအနေဖြင့် ကုန်သွယ်မှုဆိုင်ရာ ပိတ်ဆို့မှုလျှော့ချရေး လုပ်ဆောင်ပါက Asia World လုပ်ငန်းစု အပြင် ပိုမိုကျယ်ပြန့်သည့် လျှော့ချမှုများပြုလုပ်ကာ ဆိပ်ကမ်းနှင့် အဝေးပြေးလမ်းကဲ့သို့သော ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ပေးနိုင်ကြောင်း AP သတင်းဌာန က သုံးသပ်ထားသည်။                

Most Read

Most Recent